2020-10-21

ရခိုင်ပြည်နယ်အရေး အပြုသဘောမြင်ပြီး ဝိုင်းဝန်းကူညီသူတွေရှိသလို
အားနည်းချက်တွေကို ထောက်ပြဝေဖန်ပြီး ပိုဆိုးတဲ့အခြေအနေတွေရောက်အောင်
ပြည်တွင်း၊ ပြည်ပက တွန်းပို့နေတဲ့သူတွေရှိလို့ သတိကြီးကြီးထားဆောင်
ရွက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
သတိပေးပြောကြားလိုက်ပါတယ်။ လေ့လာသူတချို့ကတော့ ဝေဖန်ထောက်ပြချက်တွေက
ရှိနေမှာပဲလို့ ဆိုကြပါတယ်။
အောက်တိုဘာလ ၁၉ ရက် မနေ့က
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊
ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီရဲ့ ၃ နှစ်ပြည့်
အထိမ်းအမှတ် အခမ်းအနား အတွက် ပေးပို့တဲ့ မိန့်ခွန်းမှာ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း
ပြောကြားခဲ့တာပါ။
“ရခိုင်ပြည်နယ်ကိစ္စရပ်တွေနဲ့ ပတ်သက်ရင်
ကျွန်မတို့ရဲ့ ဆောင်ရွက်မှုတွေအပေါ် အပြုသဘောကြည့်မြင်ပြီး
ဝိုင်းဝန်းကူညီကြတာတွေရှိသလို လိုအပ်ချက်တွေ၊ အားနည်းချက်တွေပဲ
ထောက်ပြဝေဖန်ပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေတွေအထိရောက်အောင်
တွန်းပို့နေကြတဲ့ ပြည်တွင်း၊ ပြည်ပအသိုင်းအဝိုင်းတွေလည်း ရှိနေတာ
ဖြစ်တဲ့အတွက် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့ လိုတယ်ဆိုတာကိုလည်း
သိဖို့လိုပါတယ်။ ကျွန်မတို့ အနေနဲ့ကတော့ ရခိုင်ပြည်နယ် အပါအဝင်
ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရာမှာ မည်သူမှ
မကျန်ရစ်စေရဆိုတဲ့မူကို လက်ကိုင်ပြုလို့ ဆောင်ရွက်နေတယ်ဆိုတာ
ထပ်လောင်းအသိပေး ပြောကြား ချင်ပါတယ်”
မြန်မာနိုင်ငံဟာ
အရင်ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံ
အတူယှဉ်တွဲ နေထိုင်လာတဲ့နိုင်ငံဖြစ်ပြီး မတူညီမှုတွေကို အခြေခံပြီး
ညီညွတ်ရေး တည်ဆောက်ခြင်းကို အစဉ်တစိုက် လုပ်ဆောင်နေရမှာဖြစ်တယ်လို့လည်း
ဆိုပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ငြိမ်းချမ်းမှု၊
တည်ငြိမ်မှု ဆောက်တည်ရေးလုပ်ငန်းတွေ အထူးလိုအပ် နေတယ်လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြည်တွင်း၊ ပြည်ပ
အသိုင်းအဝန်းတွေလို့ ဆိုပေမယ့် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းဆိုတာကိုတော့
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိတိကျကျ ပြောဆိုသွားတာ မရှိပါဘူး။
ရန်ကုန်အခြေစိုက်
တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးကတော့
အစိုးရရဲ့ အားနည်းချက်တွေကို ဝေဖန်ထောက်ပြတာတွေကြောင့်
ပြဿနာပိုကြီးမလာနိုင်ဘူးလို့ ယူဆပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်
ပြောတဲ့အထဲမှာပါတဲ့ အားနည်းချက်တွေ ထောက်ပြထားတယ် ဆိုတာကတော့ ရှိကြမှာပဲဗျ။
ဒါ ဘေးကလည်း ထောက်ပြမှာပဲ၊ ဥပမာ ဆိုပါတော့ ဒုက္ခသည်စခန်းကိစ္စဆိုလည်း
ဘင်္ဂလားဒေ့ရှ် က သူတို့အမြင် ထောက်ပြတာတွေရှိမှာပဲ။ ဒါမှဟုတ် AA နဲ့
ပြဿနာဆိုရင်လည်း AA ဘက်က သူတို့အမြင် ပြောတာရှိမှာပဲ။ ဒီ မတူတဲ့အမြင်တွေ၊
အားနည်းချက်တွေ ထောက်ပြတဲ့ အမြင်တွေဆိုတာက ကျွန်တော့် အမြင်ကတော့
ဒါကြိုဆိုရမှာပဲလေ။ ဒါတွေဟာ ပြဿနာကို ပိုကြီးစေတယ်လို့ ကျွန်တော်တော့
မထင်ပါဘူး။ ပြဿနာက မဖြေရှင်းနိုင်တဲ့အတွက်ကြောင့် ပြဿနာက ရှိပြီးသားပါ”
မွတ်စလင်တွေနဲ့
ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ AA လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်
အခြေအနေ ပိုဆိုးလာနေတာ တွေ့နေရပြီး ဒီအပေါ် မတူညီတဲ့ အမြင်တွေ၊
ထောက်ပြလာတဲ့ အားနည်းချက်တွေကို သင့်တော်သလို ဝေဖန်ပိုင်းခြားပြီး
လက်တွေ့ဖြေရှင်းတာက အကျိုးရှိလိမ့်မယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။
မတူညီတဲ့
ဝေဖန်မှုတွေထဲမှာ ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ဘက်ကို
ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တစ်သန်း လောက် နေရပ်မပြန်နိုင်သေးတာ၊
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာမွတ်စလင်တွေအရေးလည်း
အစိုးရအနေနဲ့ ထိထိရောက်ရောက် မဖြေရှင်းနိုင်သေးတာတွေနဲ့ ပတ်သက်ပြီး
ပြောဆိုမှုတွေ ပါဝင်ပါတယ်။
Fortify Rights အဖွဲ့က
ကိုနစ်ကီဒိုင်းမွန်းကတော့ လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ လက်ရှိလုပ်ဆောင်
နေတာထက် ပိုကောင်းလာအောင် မှားယွင်းအားနည်းချက်တွေကို
ထောက်ပြတာဖြစ်တယ်လို့ ပြောပါတယ်။
“ပြည်တွင်းပြည်ပအဖွဲ့တွေက
အခြေအနေ ပိုဆိုးအောင် ပြစ်တင်ဝေဖန်တာမျိုးမရှိဘူး။ ကျွန်တော်က ဘာလဲ
ဆိုလို့ရှိရင် အစိုးရကို အခု လက်ရှိလုပ်နေတာထက် ပိုပြီးတော့
ပိုကောင်းလာစေချင်လို့ပေါ့နော် ကျွန်တော် တို့က အစိုးရရဲ့ အားနည်းချက်တွေ၊
မှားယွင်းတဲ့လုပ်ရပ်တွေကို အမြဲတမ်း ထောက်ပြဝေဖန်လေ့ ရှိတယ်ပေါ့။ အဲဒီ
ဝေဖန်ထောက်ပြတယ်ဆိုတဲ့ကိစ္စရပ်က အစိုးရကို အခြေအနေ
ပိုဆိုးသွားစေချင်တာထက်စာရင် အစိုးရက သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို
ပိုပြီးတော့ နည်းလမ်းမှန်ကန်စွာနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့က
အဓိက ဝေဖန်ထောက်ပြရတာဖြစ်တယ်”
အစိုးရက ရခိုင်ပြည်နယ်က
ရိုဟင်ဂျာတွေအရေး ဆောင်ရွက်ချက်ဟာ တဖက်သတ် ဆောင်ရွက်နေပြီး သက်ဆိုင် ရာ
အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလုပ်ဆောင်မှု အားနည်းသလို လက်နက်ကိုင် ပဋိပက္ခ
ဖြစ်လာတဲ့အချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လာဖို့
ခက်ခဲလာတာတွေ့ရတယ်လို့ ကိုနစ်ကီဒိုင်းမွန်းက ဆိုပါတယ်။
လက်ရှိ အာဏာရ
NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ အပြုသဘောနဲ့
ထောက်ပြ တာတွေရှိသလို ဘာမှ ပူးပေါင်းပါဝင်မှုမရှိဘဲ အပြစ်ပဲထိုင်ပြောနေသူ
တချို့ရှိတယ်လို့ မြင်ပါတယ်။
“ကျွန်တော်လည်း မြင်နေရတာပဲလေ၊
ဒီလို ဝေဖန်ချက်တွေ ထောက်ပြချက်တွေပေါ့လေ။ ဟုတ်ပါတယ် ကျွန်တော်တို့
အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလိုပဲလေ၊ တကယ်ကို အပြုသဘောနဲ့
ထောက်ပြတဲ့သူတွေရှိသလို တကယ်ကို ကိုယ်ကိုယ်တိုင်ကလည်း ဘာမှ
ပူးပေါင်းပါဝင်မှုမရှိဘဲပေါ့ဗျာ အပြစ်ပဲ ထိုင်ပြောနေတဲ့ပုဂ္ဂိုလ်တွေ
တချို့ရှိတယ်ဗျ။ အဲဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံကလည်း သတိပြုဖို့
ပြောတဲ့သဘောပါပဲ ဒါမှန်ပါတယ် ကျွန်တော်ကတော့ အဲဒါကို ထောက်ခံပါတယ်။”
ဝေဖန်ထောက်ပြတဲ့
အချက်အလက်တွေဟာ တကယ်ပဲ အပြုသဘောဆောင်သလား၊ အပျက်သဘောနဲ့ ပြောနေ လားဆိုတာ
သိသာသလို ဝေဖန်ထောက်ပြချက် တစ်ခုထဲကို ကြည့်ပြောတာ မဟုတ်ဘဲ
အကြိမ်များစွာကြည့်ပြီး ဘယ်လိုအနေအထားရှိလဲဆိုတာ သိသာပါတယ်လို့လည်း
မုံရွာအောင်ရှင်က ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေးလုပ်ဆောင်နေတဲ့
ကာလအတွင်းမှာပဲ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တဲ့အပြင်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယ လှိုင်းဒဏ်ကိုလည်း ကြုံတွေ့နေရတယ်လို့
ပြောပါတယ်။
UEHRD ကော်မတီအနေနဲ့ တစ်ဘက်နိုင်ငံကို ထွက်သွားသူတွေကို
စိစစ်လက်ခံပြီးရင် ပြန်လည်နေရာ ချထားနိုင်ဖို့နဲ့ ရခိုင်ပြည်နယ်မှာပဲ
အိုးအိမ်စွန့်ခွာ နေထိုင်ကြရသူတွေကို ပြန်လည်နေရာချထားဖို့ အတွက်
အတိုင်းအတာတစ်ခု အထိ အကောင်အထည်ဖော်နိုင်ခဲ့လို့ ဂုဏ်ပြုရမယ်လို့လည်း
ဆိုပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်း
ဘယ်လောက်ပဲ လုပ်ချင်ပါတယ် ဆိုဆို အဟန့်အတားတွေ
အမြဲကြုံတွေ့နေရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
https://www.rfa.org/burmese/program_2/dassk-warn-rakhine-affair-10212020031106.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.