သန့်ဇင်ဦး
ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက
အမည်မသိ လူ နှစ်ယောက်ရဲ့ အက်ဆစ်ပက် အတိုက်အခိုက်ခံရမှုအတွက် အဲနေ့ညမှာပဲ
အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ပန်းတနော် မြို့မရဲစခန်းမှာ
ဖွင့်ထားတဲ့အမှုဟာ တစ်နှစ်ပြည့်သွားတဲ့ ဒီနေ့အချိန်အထိ ထူးခြားမှု
တစ်စုံတစ်ရာ မရှိသေးဘူးလို့ ကာယကံရှင် မလဲ့လဲ့ဝင်းက ပြောပါတယ်။
မလဲ့လဲ့ဝင်းကတော့
တစ်နှစ်ကြာတဲ့အထိ သူ့အမှု မထူးခြားတဲ့အပေါ် အရမ်းခံစားရတဲ့အတွက်
ကျူးလွန်သူ တရားခံကို အမြန်ဆုံးဖမ်းမိဖို့ မျှော်နေတယ်လို့ RFA ကို
ဒီကနေ့မှာ ပြောပါတယ်။
"ကျွန်မဘဝကြီး အလင်းရောင်ကနေ
အမှောင်ထဲရောက်သွားရတဲ့ ဒီ ၂၄ ရက်နေ့ ဆယ်လပိုင်း ၂၀၁၉ ခုနှစ်ကနဖြစ်တဲ့
အခုဒီနေ့ဆို တစ်နှစ်ပြည့်တဲ့နေ့မှာ ကျွန်မအနေနဲ့ အမှုကို
ဘာမှထူးခြားမှုမရှိတဲ့အတွက် ရင်ထဲမှာ အရမ်းတော့ ခံစားရတယ်ပေါ့နော်၊
အမှုကလည်း ဘာမှဖြစ်မလာဘူး မေးလိုက်တိုင်းလည်း မြန်မာနိုင်ငံပြည်သူ့ရဲက
ပန်းတနော် ရဲစခန်းမှူးကလည်း စုံစမ်းဆဲကလွဲပြီး ကျွန်မကို ဘာမှဖြေကြားခြင်း
မရှိဘူးပေါ့နော်၊ နေ့တိုင်း အိပ်တိုင်းလည်း ကိုယ်အပက်ခံရတဲ့
မြင်ကွင်းကြီးကိုသတိရတယ်၊ ဒီလို တစ်နှစ်ပြည့်တဲ့ နေ့ဆို မနက်ကတည်းက
စငိုဖြစ်တယ်၊ အရမ်းကိုမျှော်လင့်ပါတယ် အမှုမှန်ပေါ်ဖို့အတွက်ကို ၊
ကိုယ်တကယ် နာကျင်ခံစားရတာက တကယ် အမှုမှန်ပေါ်တယ်ဆို ကျွန်မရဲ့ခံစားမှုတွေက
တစ်ဝက် သက်သာသေးတယ်လေ။"
မြို့နယ်ရဲစခန်းဘက်ကလည်း
လာရောက်တွေ့ဆုံ မေးမြန်းတာမရှိသလို အရင်တိုင်ကြားစာ ပေးပို့ထားတဲ့
ဧရာတီတိုင်းနဲ့ နေပြည်တော်က မှုခင်းရဲတပ်ဖွဲ့တွေဘက်ကလည်း ကွင်းဆင်းစစ်ဆေး
မေးမြန်းတာတွေ မရှိဘူးလို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။
RFA က ဒီကနေ့မှာ
အမှုအခြေအနေကိုသိရဖို့ ပန်းတနော်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး
ဝင်းမြင့်ကို ဆက်သွယ် မေးမြန်းတဲ့အခါ စုံစမ်းနေဆဲသာဖြစ်ပြီး
တိုးတက်မှုမရှိသေးဘူးလို့ ပြန်လည်ဖြေကြားပါတယ်။
"ကျွန်တော်တို့
အခုလောလောဆယ်ကတော့ အမှုကို အားကုန်ဖွင့်ပြီးတော့
စုံစမ်းဆောင်ရွက်နေဆဲပါပဲဗျ ဟုတ်ကဲ့၊ လောလောဆယ်ကတော့ ဒီအတိုင်းပါပဲ၊
ဘာဖြစ်လို့ ဒီအတိုင်းပါပဲလဲဆိုတော့ နည်းနည်းတော့ ကြာသွားတာပေါ့၊
ကြာသွားတဲ့အခါကျတော့ ဒီပတ်ဝန်းကျင်တွေ ဘာတွေကို ကျွန်တော်တို့
စုံစမ်းစစ်ဆေး ဆောင်ရွက်နေဆဲဆိုတော့ လောလောဆယ်တော့ ထူးခြားမှုကတော့
မရှိသေးဘူးပေါ့ဗျာ၊ ထူးထူးခြားခြားတော့ မရသေးပါဘူးဗျာ။"
မလဲ့လဲ့ဝင်းကိုယ်တိုင်
အမှုဖွင့်ပြီး တရားစွဲဆိုထားတဲ့ နောက်ထပ်တစ်မှုဖြစ်တဲ့
အိမ်ကျော်နင်းမှုနဲ့ ခြိမ်းခြောက်မှု ကတော့ လက်ရှိပန်းတနော်မြို့နယ်
တရားရုံးမှာ စစ်ဆေးနေဆဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဖြစ်တာကြောင့်
အမှုစစ်ဆေးနေတုန်းပါ။
ဒီအမှုတွေကလည်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး
လေးလအကြာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ RFA က သတင်း
ထုတ်လွှင့်ခဲ့ပြီးနောက် မတ်လ ၁၉ ရက်မှာမှ ပန်းတနော်ရဲစခန်းမှာ
အမှုဖွင့်ခွင့်ရခဲ့သလို ခုနှစ်လ အကြာမှာ တရားရုံးကို
ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းကလည်း တတ်နိုင်တဲ့ဘက်က ဆက်လက် ကူညီပေးသွားမယ်လို့ ပြောပါတယ်။
"တရားဥပဒေစိုးမိုးမှုရေချိန်ကတော့
ကြည့်ရရင် တော်တော်လေးကို ထိန်းကျောင်းနေတဲ့ အနေအထား ဖြစ်နေတယ်၊
သူတို့ရဲ့အမှုကလည်း အတော်ဖြစ်ခဲတဲ့အမှုလေ၊ သက်ဆိုင်ရာတွေကို
နည်းနည်းလေးတော့ လှုံ့ဆော်ပေးမယ့် အနေအထားတော့ လုပ်ပေးနိုင်ပါတယ်၊
တိုင်းရော မြို့နယ်ရော ရဲတပ်ဖွဲ့တွေပေါ့နော်၊ သူတို့ကိုမေးကြည့်ပြီး
သူတို့လုပ်ထားလဲဆိုတောကို နားထောင်ကြည့်ရမှာပေါ့၊ ဘာပဲပြောပြော တို့ကလည်း
ဒီဟာနဲ့ပတ်သက်ပြီး ရဲအရေးပိုင်တဲ့ကိစ္စကြီး ဘာမှတော့ မလုပ်တတ်ဘူး
လောလောဆယ်တော့။"
ဦးမန်းညွန့်သိန်းဟာ ဒီအမှု
အမြန်ဆုံးပေါ်ပေါက်စေဖို့အတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့တွေထံ
တင်ပြပြီး အကူအညီပေးခဲ့ပေမယ့် ဒီနေ့အချိန်အထိ ထူးခြားမလာသေးတာဖြစ်ပါတယ်။
မလဲ့လဲ့ဝင်းဟာ
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက
ပန်းတနော်မြို့လယ်ခေါင်အိမ်ရှေ့မှာ အက်ဆစ်နဲ့ ပက်ခံခဲ့ရလို့
မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြားတွေ ပျက်စီးသွားခဲ့ရ
တာပါ။
မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက်ရောက်လာပြီး ရုတ်တရက် အက်ဆစ်နဲ့ ပက်သွားတာလို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။
အက်ဆစ်နဲ့
အပက်ခံရတဲ့အမှု အမြန်ပေါ်ဖို့အတွက် ကာယကံရှင် မလဲ့လဲ့ဝင်းကိုယ်တိုင်
ဧရာဝတီတိုင်း မှုခင်းတပ်ဖွဲ့ (CID) နဲ့ နေပြည်တော်အထိ တိုင်ကြားစာတွေ
အဆင့်ဆင့် ပေးပို့ထားပေမယ့် တစ်နှစ်ပြည့်သွားတဲ့ ဒီနေ့အချိန်အထိ
စုံစမ်းဆဲအခြေအနေမှာသာ ရှိနေသေးတာဖြစ်ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.