Breaking

October 25, 2020

ရွေးကောက်ပွဲအတွက် တပ်မတော်ဘက်က နယ်မြေလုံခြုံရေး အခြေအနေတွေ UEC ထံအကြံပြုခဲ့

 သီဟထွန်း၊ သက်စုအောင်

2020-10-24

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ဖို့ လက်တွေ့ မြေပြင် အခြေအနေတွေကိုကြည့်ပြီး တပ်မတော်ဘက်က လုံခြုံရေးရှုထောင့်အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို  အကြံပြုတင်ပြခဲ့တာဖြစ်တယ်လို့ ဒီနေ့ နေပြည်တော်က တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ဟာ နိုင်ငံရေးပါတီ တစ်ခုမဟုတ်သလို ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် အဖွဲ့အစည်းတစ်ခုလည်း မဟုတ်ကြောင်းနဲ့ ဘယ်ပါတီကိုမှ သာစေနာစေဆိုတာမရှိပဲ လုံခြုံရေးအရ အာမခံချက်ပေးနိုင်တဲ့ နယ်မြေတွေကိုသာ တင်ပြခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမယ် မကျင်းပဘူးလို့ အပြီးသတ် ဆုံးဖြတ်ရမှာက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက လုံခြုံရေး အားနည်းတယ်လို့ သုံးသပ်တင်ပြခဲ့တဲ့ မြို့နယ်ပေါင်း ၃၉ မြို့နယ်ရှိတယ်လို့ ပြောပါတယ်။

"တပ်မတော်ရဲ့ ရှုမြင်ချက်ကတော့ ရှင်းရှင်းလေးပဲဖြစ်ပါတယ် လုံခြုံရေးရှိတဲ့နေရာကို ရှိတယ်လို့ပြောမယ် လုံခြုံရေးမရှိတဲ့ နေရာကို မရှိဘူးလို့ ပြောတယ်။ စာရင်းဇယားအနေနဲ့ ကျတော့်အနေနဲ့ ထုတ်ပြော နိုင်တာတော့ မြန်မာနိုင်ငံမှာ ၃၃၀ မြို့နယ်ရှိတယ်၊ ၃၃၀ နယ်မြေရှိတယ်၊ တပ်မတော် အနေနဲ့ လုံခြုံစွာ မဲပေးနိုင်တယ်ဆိုပြီးတော့ အာမခံတာ ၂၇၁ နယ်မြေ ဖြစ်ပါတယ်၊ ဒုတိယအဆင့် ကျတော်ခုနကပြောတာ သုံးခု လုံခြုံရေးစီမံချက် တပ်ကလုပ်ပြီးမှ မဲပေးနိုင်တဲ့ နယ်မြေ ၂၀ ရှိတယ်ဆိုပြီးတော့မှ ကျတော်တို့ တင်ပြခဲ့ပါတယ်။ လုံခြုံရေး အားနည်းတယ် ဆိုပြီးတော့မှ တင်ပြခဲ့တဲ့ နယ်မြေ ၃၉ နယ်မြေရှိပါတယ်။"

အဲဒီလို လုံခြုံရေးအားနည်းတယ်လို့ တပ်မတော်က တင်ပြခဲ့တဲ့ ၃၉ မြို့နယ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့တဲ့ ပလက်ဝမြို့နယ်လည်း ပါဝင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပရင် လုံခြုံရေးအရ ဆောင်ရွက်ပေးနိုင်မလားလို့ တပ်မတော်ဘက်ကို ပြန်လည်ညှိနှိုင်းခဲ့တာရှိတယ်လို့လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်က ကိုးမြို့နယ်၊ ရှမ်းပြည်နယ်က ခြောက်မြို့နယ်၊ ပဲခူးတိုင်းက နှစ်မြို့နယ်နဲ့ ကချင်၊ ကရင်၊ မွန်၊ ရှမ်းစတဲ့ ပြည်နယ်တွေက ကျေးရွာအုပ်စု ၁၅၀ကျော်မှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာခဲ့ပါတယ်။   

ရှမ်းနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တွေထဲက ကျေးရွာတချို့နဲ့ ရပ်ကွက်တချို့မှာ လုံခြုံရေးစီမံချက်တွေလုပ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ တပ်မတော်ဘက်က ရွေးကောက်ပွဲ ကော်မရှင်ကို ထပ်မံအကြံပြုထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ကလည်း ဒါကျတော်တို့ကို ပြန်ပြီးတောင်းခံထားတာ ရှိပါတယ်။ ပြန်လည်တောင်းခံ ထားတာတွေ ရှိတဲ့အခါ ကျတော်တို့အနေနဲ့ ပြန်လည်ပြီးတော့ အကြံပြုထားတဲ့ဟာတွေ ရှိပါတယ်၊ ပြန်လည် အကြံပြုထားတယ်ဆိုတာ ပြန်ပြီးတော့ သုံးသပ်ပြီး ဆောင်ရွက်ပေးနိုင်တယ်ဆိုပြီး အကြံပြုထားတဲ့ နယ်မြေတွေရှိပါတယ်၊ ကျတော်တို့ ပြန်ပြီးအကြံပြုတာ ရှမ်းရဲ့ ဒေသတချို့နဲ့ ရခိုင်ရဲ့ဒေသတချို့ပါ မြို့နယ် အလိုက်တော့ ပြန်ပြီး အကြံပြုထားတာမရှိပါဘူး၊ အဲဒီနယ်မြေတွေမှာရှိတဲ့ ရပ်ကွက်တွေ ကျေးရွာတွေ အလိုက်ပဲ ပြန်ပြီး အကြံပြုထားတာရှိပါတယ်"

လုံခြုံရေးအာမခံနိုင်တယ်လို့ တင်ပြခဲ့တဲ့နယ်မြေတွေမှာ ပြဿနာတစ်စုံတစ်ခုဖြစ်လာရင် လက်ညှိုးထိုး အပြစ်တင်ခံရမှာက တပ်မတော်သာ ဖြစ်တဲ့အတွက် ဒေသအသီးသီးက အချက်အလက်တွေအပေါ် အခြေခံပြီး အကြံပြုခဲ့တာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်မှာ မြို့နယ် ငါးမြို့နယ်မှာ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပသင့်တဲ့ နယ်မြေအဖြစ် သတ်မှတ်သင့်ကြောင်း အစိုးရအဖွဲ့လက်အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အကြံပြုခဲ့တာလို့ ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြံပြုတဲ့မြို့နယ်တွေက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေဖြစ်ပါတယ်။

တပ်မတော်နဲ့ ပြည်ထဲရေးဘက်ကတော့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ တို့ပါဝင်တဲ့ မြို့နယ် ကိုးခုမှာ  မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပသင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLDက  မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းသီဟကျော်က တပ်မတော်ဘက်က လုံခြုံရေး ဆောင်ရွက်ပေးနိုင်မယ့် ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ UECက ထပ်မံကြေညာသင့်တယ်လို့ ပြောပါတယ်။

"လုံခြုံရေး တာဝန်ယူပေးရမယ့် ပုဂ္ဂိုလ်တွေကကြတော့ လုံခြုံရေး တာဝန်ယူပေးနိုင်ပါတယ်လို့ ပြောပြီးနေတဲ့ အချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဘာကို အဓိကဇောင်းပေးပြီး လုပ်ပေးရမလဲဆိုတော့ ဒီရွေးကောက်ပွဲ ကျင်းပနိုင်ရေး တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကျင်းပနိုင်ဖို့ သူတာဝန်ယူ ပေးရမယ့် အနေအထားရှိတယ်။ ပြီးတော့ တကယ့်လူတိုင်းကို မဲပေးခွင့် မဆုံးရှုံးရအောင်ဆောင်ရွက်ပါ့မယ်လို့ UEC က တောက်လျှောက်ပြောနေခဲ့တာ အဲဒီတော့ သူပြောခဲ့တဲ့ သူ့ရဲ့စကားနဲ့ အခုလုပ်ရပ်တွေက တချို့ ဟာတွေက နည်းနည်းသံသယရှိစရာတွေ ရှိနေတာပေါ့၊ ဒီလုံခြုံရေးအဖွဲ့ အစည်းတွေက လုံခြုံရေး ယူပေးနိုင်ပါတယ်လို့ ပြောတာကို UEC က လိုက်ပါပြီးတော့မှ လူထုဘက်ကို ကြည့်ပါ။"

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်ဟာ သဘာဝဘေးအန္တရာယ်ကင်းရှင်းပြီး တည်ငြိမ်အေးချမ်းတာမို့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ စာရင်းကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေက လက်မှတ်ရေးထိုးပြီး ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ထံ အောက်တိုဘာ လ ၂၂ ရက်နေ့က စာပေးပို့ တောင်းဆိုထားပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့  ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မိုင်းကိုင်မြို့နယ်မှာ တိုက်ပွဲတွေ မရှိတာမှန်ပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ခြိမ်းခြောက်တာတွေရှိတယ်၊ တိုက်ပွဲတွေ မရှိတာနဲ့ လုံခြုံလွတ်လပ်စွာ မဲပေးနိုင်တယ်လို့ ပြောလို့မရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲမဖြစ်ပွားပေမယ့် လက်နက်ကိုင်တွေ ဝင်ရောက်နေတာတွေရှိတယ်၊ လက်နက်ကိုင် အဖွဲ့တချို့က ခြိမ်းခြောက်တဲ့ နေရာတွေရှိတယ်၊ တိုက်ပွဲမဖြစ်ပွားတာမှန်ပေမယ့် အဲဒီလို အခြေအနေရှိတာကို တွေ့ရတဲ့အတွက် လုံခြုံရေးအရ အားနည်းတဲ့ ဒေသတွေလို့ ထည့်သွင်းတွက်ချက်ခဲ့တာတွေ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ လုံခြုံရေးအရ ဆောင်ရွက်ပေးနိုင်တယ်လို့ တပ်မတော်က ထပ်မံတင်ပြခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ဒေသတချို့နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဘက်က ဆုံးဖြတ်ချက်ကို သိနိုင်ဖို့ UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ရခိုင်ပြည်နယ်မှာ အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ဦးဖေသန်းက ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် မဲဆန္ဒနယ်တွေများလာရင် ကြိုဆိုတယ်လို့ ပြောပါတယ်။

"တောင်ကုတ်တို့ အမ်းတို့မှာ လုပ်မယ်ဆို လုပ်လို့ရတယ်၊ မြေပုံမြို့နယ်မှာဆိုရင် တိုက်ပွဲက မဖြစ်ဘူး ဟိုဘက်က အမ်းမြို့နယ်ဘက်က လက်နက်ကြီးကျလို့ သေတာပဲရှိတယ်။ ဆိုတော့ အစိုးရက လုပ်ချင်သလား မလုပ်ချင်ဘူးလား တပ်က လုပ်ချင်သလား မလုပ်ချင်ဘူးလား သူတို့နှစ်ယောက် ဘယ်လောက်ထိ ညှိနှိုင်းပြီးတော့ လုပ်နိုင်သလဲဆိုတဲ့ အပေါ်မှာ မဲဆန္ဒနယ်မြေ ဒီထက် ဒီထက်တိုးလာရင်တော့ ကျတော်တို့က ကြိုဆိုရမှာပေါ့နော်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီကိစ္စက အခုပြီးသွားမှာ မဟုတ်ဘူး၊ ရခိုင်ပြည်နယ် ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး စစ်ရေးပြဿနာတွေကိုပါ ဒီကိစ္စကလာပြီးတော့ ရောင်ပြန်ဟပ်ဦးမှာ"

ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာထားတဲ့ ပဲခူးတိုင်း၊ ရခိုင်၊ ကချင်၊ ကရင် နဲ့ ရှမ်းစတဲ့ ပြည်နယ်တွေက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စု ၁၅၀ ကျော်မှာ မဲဆန္ဒရှင် ၁၂ သိန်းကျော် မဲပေးခွင့် ဆုံးရှုံးမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ လေ့လာသူတွေက ဝေဖန်နေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

No comments:

Post a Comment

Note: Only a member of this blog may post a comment.