Breaking

October 23, 2020

ဒိုင်းနက်လူမျိုးများတိုးတက်ရေး ပါတီ ဥက္ကဌ ဦးအောင်ကျော်ဇော ရွေးကောက်ပွဲ အင်တာဗျူး


 

 

တိုင်းရင်းသားတွေအတွက်ဆိုတာ ပါးစပ်ပြောပဲရှိတယ်၊ လက်တွေ့မပါဘူးရခိုင်တွေက ကျနော်တို့တိုင်းရင်းသားမျိုးနွယ်စုတွေကို တန်းတူထားတယ်ဆိုတာမရှိဘူး။ သူတို့ထက်သာနေရင်တောင်၊ ရှင်းရှင်းပြောရင် အခုကျနော်တို့ပါတီတည်ထောင်တာကိုတောင် ငါနဲ့မတူငါ့ရန်သူဆိုပြီး အမြင်မကြည်လင်ဘူး။ အမြင် မရှင်းဘူးပေါ့။ ခမီကိုလည်း အဲဒီလိုပဲ။ မြိုကိုလည်းအဲဒီလိုပဲ

အင်တာဗျူးDescription: ▪️…………..

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်သော ဒိုင်းနက် (ဆက္ကမာ) တိုင်းရင်းသားတို့၏ နိုင်ငံရေးပါတီတစ်ခုဖြစ် သည့် ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (DNDP) ဥက္ကဌ ဦးအောင်ကျော်ဇောကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

(၂၂) အောက်တိုဘာ၊ ၂၀၂၀၊ ရန်ကုန်The Nyang News

Description: ▪️ငြမ်းမီဒီယာ ပါတီမူဝါဒနဲ့ သမိုင်းကြောင်း စပြောပြီးမိတ်ဆက်ပေးပါဦး။

UAKZ – ကျနော်တို့ရဲ့ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီကို ၂၀၁၅ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှာ ပါတီ တည်ထောင်ခွင့် စလျှောက်ခဲ့ပါတယ်။ သြဂုတ်လ (၂၇) ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့ပါတယ်။ ပါတီရုံးချုပ်က တော့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် ()၊သပြေကုန်းရပ်ကွက်၊ မင်းစောမွန်လမ်း၊ အမှတ် (၅၉၃) မှာတည်ရှိပါတယ်။ ပါတီတည်ထောင်ဖြစ်တဲ့ အကြောင်းကတော့ တိုင်းရင်းသားလူမျိုး တစ်ခုအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိရင် တန်းတူအခွင့်အရေး ဆုံးရှုံးနေမှာပဲ။ ကျနော်တို့ဒိုင်းနက်လူမျိုးတွေအနေနဲ့ မိမိတို့ရဲ့အခြေအနေ၊ အခွင့်အလမ်းတွေကို တင်ပြတောင်းဆိုဖို့ဆိုရင် နိုင်ငံရေးနယ်ပါယ်မှာ ပါဝင်ဆောင် ရွက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒိုင်းနက်လူမျိုးများတိုးတက် ရေးပါတီကို တည်ထောင်ဖြစ်ခဲ့တာပါ။ ကျနော်တို့ပါတီမှာမူဝါဒနဲ့ လုပ်ငန်းစဉ် () ချက်စီရှိပါတယ်။ မူဝါဒ နံပါတ်တစ်က ကမ္ဘာ့နိုင်ငံများအလယ်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်သွားနိုင်ရေးကို ပြည်ထောင်စုဖွားတိုင်းရင်းသား လူမျိုးများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန်။ နံပါတ်နှစ်က စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်ပီပြင် စွာဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားအချင်းချင်း လက်တွဲဆောင်ရွက်သွားရန်။ နံပါတ်သုံးက ဒိုင်းနက်တိုင်းရင်းသား လူမျိုးများရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ရင်း တခြားသောလူနည်းစု၊ လူမျိုးစုငယ်တွေရဲ့ ဘဝတိုးတက်ဖွံ့ဖြိုးရေးကိုလည်း အားပေးကူညီသွားရန်။ နံပါတ်လေးက တိုင်းရင်းသား လူမျိုးအချင်းချင်း ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ရိုင်းပင်းကူညီမှု၊ သည်းခံခွင့်လွှတ်မှုဆိုတဲ့ မိသားစုစိတ်ဓာတ် ခိုင်မာရှင်သန်စေရေး ဆောင်ရွက်သွားရန်။ နံပါတ်ငါးက ဒိုင်းနက်လူမျိုးများရဲ့ ဓလေ့၊ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေး လက္ခဏာတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ခေတ်နဲ့လျော်ညီစွာ တီထွင်ကြံဆပြုစုပျိုးထောင်မှုများ ပြုလုပ်သွားရန်။ အဲဒီငါးချက်က ကျနော်တို့ပါတီရဲ့ မူဝါဒတွေဖြစ်တယ်။ ပါတီရဲ့ လုပ်ငန်းစဉ်တွေကတော့ နံပါတ်တစ် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်၏ အချုပ်အခြာ အာဏာပိုင်များဖြစ်ကြောင်းကို တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအားဖြင့် ကမ္ဘာ့အလယ်တွင် ရပ်တည်ဆောင်ရွက်သွားရန်။ နံပါတ်နှစ်က ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် တိုင်းရင်းသားအချင်းချင်း တန်းတူရည်တူထားရှိမှု၊ အပြန်အလှန် လေးစားမှု၊ ပုဂ္ဂိုလ်ရေးရပိုင်ခွင့် နှင့် လွတ်လပ်ခွင့်များကိုအခြေခံ၍ ဆောင်ရွက်သွားရန်။ နံပါတ်သုံးက ဗဟုသုတနည်းပါး၍ အသိမကြွယ်မှု၊ အခွင့်အလမ်းနည်းပါးမှု၊ ဆုံးရှုံးမှု တို့ကြောင့် ခေတ်နောက်ကျကျန်ရစ်ခဲ့သော မိမိတို့လူမျိုးများနှင့် အခြားသော တိုင်းရင်းသားမျိုးနွယ်စု၊ လူနည်းစုတို့၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်။ နံပါတ်လေးက ပြည်ထောင်စုစိတ်ဓာတ် ကိုအခြေခံပြီး အမျိုးသားရေးကဏ္ဍများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်။ နံပါတ်ငါးက ဒိုင်းနက်လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ပါက အခြားသော တိုင်းရင်းသားပါတီ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားရန်။ အဲ ဒါက ပါတီရဲ့လုပ်ငန်းစဉ် () ချက်ဖြစ်ပါတယ်။

Description: ▪️ ငြမ်းမီဒီယာ ၂၀၁၅ ရွေးကောက်ပွဲအတွေ့အကြုံကိုပြောပြပေးပါဦး။

UAKZ – ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကျနော်တို့က မြေစမ်းခရမ်းပျိုးတဲ့ ပုံစံမျိုးဖြစ်ခဲ့တာပေါ့။ ရွေးကောက်ပွဲ အတွေ့အကြုံကလည်း ပထမအကြိမ်ဆိုတော့ အခက်အခဲတွေလည်းရှိတာပေါ့။ ပြောရရင် အဲဒီ နိုဝင်ဘာလ (၁၆) ရက်မှာမှ ကျနော် တို့မှာ ပါတီအမှတ်စဉ်ကျမှာ။ ဒါပေမယ့် အဲဒီတုန်းက UEC က နိုဝင်ဘာ () ရက်နေ့မှာ ရွေးကောက်ပွဲဝင်ဆိုလို့ ကျနော်တို့ ဝင်ပြိုင်ခဲ့ရတာ။ ကျနော်တို့ ကိုယ်စားလှယ်လောင်း () ဦးဝင်ပြိုင်ခဲ့ပါတယ်။ မောင်းတောမဲဆန္ဒနယ်ကတစ်ယောက်၊ ဘူးသီးတောင် မဲဆန္ဒနယ်က နှစ်ယောက်ဝင်ပြိုင်ခဲ့ပါတယ်။ အနိုင်ရရှိမှု တော့ မရှိခဲ့ဘူး။

Description: ▪️ ငြမ်းမီဒီယာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာရော ကိုယ်စားလှယ်ဘယ်နှဦး ဝင်ပြိုင်ဖို့စီစဉ်ထားပါသလဲ။

UAKZ – ကျနော်တို့ကိုယ်စားလှယ်လောင်း () ဦးဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ပြည်သူ့လွှတ်တော်အတွက်တစ်ယောက်၊ အမျိုးသားလွှတ်တော်အတွက်တစ်ယောက်နဲ့ ပြည်နယ်လွှတ်တော် အတွက် တစ်ယောက်ပေါ့။ ပြည်သူ့ လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ကတော့ ကျနော်တို့ဒိုင်းနက်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးဖြစ်တာကတော့ ဒီတစ်ကြိမ် ကျနော်တို့ပါတီရဲ့ထူးခြားမှုပေါ့။ ကျနော်တို့က လူနည်းစုတိုင်းရင်းသားတွေဆိုတော့ ကိုယ့်လူမျိုးတွေကိုအခြေခံပြီး ဝင်ပြိုင်ရတာဖြစ်လို့ မျှော်လင့်ချက်ကတော့နည်းပါတယ်။ ကျနော်တို့လူမျိုးဦးရေက နည်းတော့ တခြားပါတီကြီးတွေနဲ့ယှဉ်ပြိုင်ရရင် အနိုင်ရဖို့မျှော်လင့်ချက် ကတော့နည်းပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကျနော်တို့ဒိုင်းနက်လူမျိုးတွေရဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခု အနေနဲ့ ရှိနေဖို့ လိုအပ်တာကြောင့် ကျနော်တို့ဝင်ပြိုင်ရတာဖြစ်ပါတယ်။

*    ငြမ်းမီဒီယာ ဒိုင်းနက်လူမျိုးတွေရဲ့ သမိုင်းကြောင်းကို အကျဉ်းချုံးပြီးပြောပြပေးပါ။UAKZ – ကျနော်တို့ဒိုင်းနက်လူမျိုးတွေကို သက်လူမျိုးလို့လည်းခေါ်ပါတယ်။ ကျနော်တို့သက်လူမျိုးတွေက ကိုယ့်မင်း ကိုယ့်ချင်းနဲ့နေထိုင်ခဲ့ကြတာပါ။ ကျနော်တို့ရဲ့နိုင်ငံက မစဆာဂီရိ နိုင်ငံလို့ခေါ်ပါတယ်။ ဒီနေ့ခေတ် သရက်၊ အောင်လံ ဒေသဘက်မှာ ဟိုခေတ်က ကျနော်တို့ဒိုင်းနက်လူမျိုးတို့ရဲ့ သက်နိုင်ငံ မစဆာဂီရိ ရှိခဲ့တာပေါ့။ အဲဒီနိုင်ငံတော်ကို ရခိုင်ဘုရင်မင်းထီးက တိုက်ခိုက်သိမ်းပိုက်ပြီး ကျနော်တို့ဘုရင်အပါဝင်သက်လူမျိုးတွေကို ခေါ်ဆောင်လာခဲ့တယ်။ အခု ရခိုင်ပြည်နယ် အမ်းမြို့ဘက်မှာ သက်တွေကို နေရာချပေးခဲ့တယ်။ သက်လူ မျိုးတွေက ဒိုင်းလက်နက်လုပ်တာကျွမ်းကျင်ကြတယ်။ အဲဒါကြောင့် ရခိုင်ဘုရင်က သူဖမ်းဆီးခေါ်လာတဲ့ သက်တွေကို ဒိုင်းလက်နက်တွေလုပ်ပြီးဆက်သခိုင်းခဲ့တယ်။ အဲဒီကစပြီး ကျနော်တို့သက်လူမျိုးတွေကို ဒိုင်းနက်လို့ ခေါ်တွင်လာကြတာပါ။ ကျနော်တို့ ဒိုင်းနက်တွေက ကိုယ့်ကိုယ်ကိုယ် ဆက္ကမာလူမျိုးလို့ခေါ်ကြတယ်။ ဆက္ကမာဆိုတာက စွမ်းရည်ရှိသောလို့ အဓိပ္ပါယ်ရပါတယ်။ စွမ်းရည်ရှိတဲ့လူမျိုးလို့သတ်မှတ်ကြတာပေါ့။ အင်္ဂလိပ်အစိုးရလက်ထက်မှာ အင်္ဂလိပ်အစိုးရ က ဒိုင်းနက်လူမျိုးများဟာ ရိုးသားကြိုးစားပြီး ယုံကြည်စိတ်ချရတဲ့လူမျိုးများဖြစ်တယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။ ကျနော် တို့ဆက္ကမာတွေက တောထဲမှာပဲအများစုနေခဲ့ကြတော့ တခြားလူမျိုးတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှုတွေက အဘက်ဘက်ကနောက်ကျနေခဲ့ကြတယ်။ နောက်ပိုင်း မြို့ပေါ်တွေကို ရောက်လာမှ ကိုယ့်လူမျိုးတွေ ခေတ်နောက်ကျနေရတာကိုသိပြီး ပညာသင်ဖို့၊ တခြားဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဖို့လိုအပ် နေတယ်ဆိုတာတွေကို နားလည်လာရတာပါ။ အဲဒီတော့ ပညာသင်ကြားဖို့လည်းလိုအပ်သလို ဒီနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးတစ်မျိုးအနေနဲ့ နိုင်ငံရေးမှာပါဝင်ဆောင်ရွက်ဖို့ နိုင်ငံရေးပါတီတစ်ခုလည်း ရှိဖို့လိုအပ်တယ်ဆိုပြီး ကျနော်တို့ဒိုင်းနက် လူမျိုးများတိုးတက်ရေးပါတီဆိုတာဖြစ်လာတာပါ။

*    Description: ▪️ငြမ်းမီဒီယာ အခုလက်ရှိမှာ ဒိုင်းနက်တိုင်းရင်းသားလူဦးရေ ခန့်မှန်းခြေဘယ်လောက်ရှိပါသလဲ။UAKZ – ခန့်မှန်းခြေ ဒိုင်းနက်လူဦးရေစုစုပေါင်းက သုံးသောင်းကျော် လေးသောင်းဝန်းကျင်တော့ရှိပါတယ်။ အရင်တုန်းကတော့ ဒိုင်းနက်လူဦးရေများပါတယ်။ ၁၈၉၁ ခုနှစ်တုန်းက အင်္ဂလိပ်အစိုးရသန်းခေါင်စာရင်းကောက်တဲ့အခါ စစ်တွေနဲ့ စစ်တွေအနီးတဝိုက်မှာ ဒိုင်းနက်တွေအများဆုံးပဲ။ အခုကတော့ ရခိုင်တွေများတယ်လေ။ အများက အနည်းစုကို ဝါးမျိုသွားတာတွေလည်း ပါတာပေါ့။ တချို့ကလည်း ခုနစ်သောင်းရှစ်သောင်းလောက်ရှိတယ်ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့ပါတီက လက်လှမ်းမီသလောက် တစ်နိုင်တစ်ပိုင်စစ်ကြည့်တော့ လေးသောင်းဝန်းကျင်လောက်ပဲရှိတာတွေ့ရတယ်။ ငါးသောင်းတောင် မပြည့်ဘူး။ တိုင်းရင်းသားရေးရာ ဝန်ကြီးတောင်ပြိုင်လို့ မရဘူး။ Description: ▪️ငြမ်းမီဒီယာ ဒိုင်းနက်လူမျိုးတွေရဲ့ စာပေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို အကျဉ်းလောက်ပြောပြပေးပါ။UAKZ – ကျနော်တို့ဒိုင်းနက်လူမျိုးတွေမှာ ဒိုင်းနက်စာပေရှိပါတယ်။ ယဉ်ကျေးမှုမှာဆိုရင်လည်း ဒိုင်းနက်လူမျိုးတို့ရဲ့ အကတွေရှိပါတယ်။ ရိုးရာပွဲတော်တွေလည်းရှိပါတယ်။ ပြောရရင်တော့ ကိုယ်ပိုင်ဘာသာစကား၊ စာပေ တွေရှိတယ်ပေါ့။ ပြီးတော့ ရိုးရာဝတ်စုံတွေလည်းရှိပါတယ်။ဒိုင်းနက်စာပေနဲ့ ယဉ်ကျေးမှုကော်မတီလည်း ရှိပါတယ်။ ရိုးရာဝတ်စုံကတော့ အမျိုးသားတွေကခေါင်းပေါင်းအဖြူ၊ အင်္ကျီအဖြူ၊ ပုဆိုးအဖြူကို ဝတ်ကြတယ်။ အမျိုးသမီးတွေကတော့ ရင်ကပ်အင်္ကျီ၊ အပေါ်ရုံပုဝါနဲ့၊ ထဘီကိုဝတ်ကြပါတယ်။ အမျိုးသမီးတွေရဲ့ဝတ်စုံထဲက ထမိန်မှာ ဒူးလောက်ကစပြီးအရစ်တွေပါတယ်။ အိမ်ထောင်မရှိသူအပျိုတွေက အရစ်သုံးရစ်ပါတဲ့ထမိန်ပေါ့။ အိမ်ထောင်ကျသွားရင်တော့ အရစ်ငါးခုပါတဲ့ ထမိန်ကိုဝတ်ကြတယ်။ အသက်အရွယ်ကြီးတဲ့အမျိုးသမီးကြီးတွေကတော့ အရစ်ခုနစ်ရစ်ပါတဲ့ ထမိန်ကိုဝတ်ကြတယ်။ အရစ်တွေက ကျနော် တို့ရဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံတာပေါ့။ လူငယ်တွေအတွက်က ရတနာသုံးပါး၊ အိမ်ထောင်သည်တွေကျတော့ ငါးပါးသီလလုံဖို့၊ အသက်ကြီးသူတွေကျတော့ သူတော်ကောင်းတရားခုနစ်ပါးကို စောင့်ထိန်းကြဖို့ပေါ့။

*    ငြမ်းမီဒီယာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက တက်လာတဲ့အစိုးရအဆက်ဆက်ဟာ တိုင်းရင်း သား တွေကိုအလေးထားဖို့၊ တိုင်းရင်းသားအရေးကိုအလေးထား ဆောင်ရွက်ဖို့ဆိုတဲ့စကားတွေကို တွင်တွင်ပြောခဲ့ကြတာ ခုလက်ရှိအစိုးအထိပါပဲ။ ဆိုတော့အဲဒီအစိုးရတွေရဲ့တိုင်းရင်းသားတွေအပေါ်အလေးထားမှုနဲ့ တိုင်းရင်းသားအရေးဆောင်ရွက်မှုတွေဟာ အားကျေနပ်ကောင်းလောက်အောင်ရှိတယ်လို့ယူဆပါသလား။UAKZ – မရှိပါဘူးဗျာ . . မရှိပါဘူး။ သူတို့ပြောတာပါပဲ။ လူမျိုးစုအရေးကိုဦးစားပေးမယ်၊ ဟိုဟာဦးစားပေးမယ်၊ ဒီဟာဦးစားပေးမယ်ဆိုတာ ပါးစပ်ကပဲပြောတာပါ။ ပါးစပ်ပဲရှိတယ်၊ လက်တွေ့မပါပါဘူး။ လေသေနတ်နဲ့ပစ်တာပေါ့။ ဒါ ဘယ် တိုင်းရင်းသားကိုမေးမေး ဒီအတိုင်းပြောမှာပဲ။ ခမီကိုမေးမေး၊ ဓနုကိုမေးမေး၊ လားဟူကိုမေးမေး ဒီအတိုင်းပြောမှာပဲ။ တိုင်းရင်းသားတွေရဲ့ခံစားချက်ကအတူတူပဲ။ တစ်ခုစဉ်းစားကြည့် လေ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား (၁၃၅) မျိုးရှိတယ်လို့ဆိုတယ်။ လူဦးရေငါးသောင်းရှိမှ တိုင်းရင်းသားရေးရာဝန်ကြီးပြိုင်ခွင့်ရှိတယ်ဆိုတော့ လူနည်းစုတိုင်းရင်းသားတွေရဲ့အရေးကိုကျတော့ ဘယ်သူကဆောင်ရွက်ပေးမှာလဲ။ လူဦးရေ ငါးသောင်းမရှိတဲ့တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီမထူထောင်နိုင်တဲ့တိုင်းရင်းသားတွေ၊ ပါတီထူထောင်နိုင်ပေမယ့် အမတ်နေရာအနိုင်မရတဲ့တိုင်းရင်းသားတွေက ဒီနိုင်ငံရဲ့ အရေးကိစ္စ တွေမှာပါဝင်ခွင့်မရှိဘူးလား။ သူတို့ရဲ့ အရေးကိစ္စတွေကို ဘယ်သူတွေကပြောပေးမှာလဲ။ အခုကြည့်လေ လူနည်းစုတိုင်းရင်းသားတွေ ဒီ (၁၃၅) မျိုးထဲမှာ အများကြီးပဲ။ ဒါပေမယ့် သူတို့အခွင့်အရေးတွေ၊ သူတို့အကျိုးစီးပွားတွေအတွက် လွှတ်တော်ထဲမှာ တရားဝင်တင်ပြပြောဆိုဖို့ သူတို့လူမျိုးကိုယ်စားလှယ်မရှိဘူး။ ဖြစ်သင့်တာက တိုင်းရင်းသားတွေတိုင်းမှာ သူတို့အခွင့်အရေး၊ သူတို့အခက်အခဲတွေကို တင်ပြပြောဆိုပေးနိုင်မယ့် ကိုယ်စားလှယ်ဖြစ်ဖြစ်၊ ရေးရာဝန်ကြီးပဲဖြစ်ဖြစ် တစ်ယောက်စီတော့ရှိသင့်တာပေါ့။ ဒါမှ သူတို့လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ အကျိုးစီးပွားတွေကို လွှတ်တော်ထဲကနေ တောင်းဆိုဆောင်ရွက်လို့ရမယ်။ အခုတော့ လူနည်းစုတိုင်းရင်းသားတွေအရေးကို ဆောင်ရွက်မယ်ပြောတယ်၊ တိုင်းရင်းသားတွေတန်းတူညီမျှရေးကို ဖော်ဆောင်မယ်ပြောတယ်၊ ဒါပေမယ့် အဲဒါတွေက ပြောသာပြောတယ် ဘာမှဖြစ်မလာဘူး။ ကျနော်တို့တွေကလည်း တောင်းသာတောင်းနေရတာ သူတို့ ဘယ်တော့မှ မပေးဘူးဆိုတာ ယုံကြည်တယ်။ ပေးရင် ကျနော်တို့သိရမယ်လေ။ အခုက ပြောသာပြောနေတာပါ။ အားရကျေနပ်စရာတော့ မရှိပါဘူး။

*    ငြမ်းမီဒီယာ တချို့သောလူနည်းစုတိုင်းရင်းသားနိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားတွေပြောကြတာကတော့ တိုင်းရင်းသားတွေအချင်းချင်းကြားမှာလည်း အင်အားကြီးတဲ့ မျိုးနွယ်စုကြီးတွေက အင်အားငယ်သေးတဲ့ မျိုးနွယ်စုငယ် လူနည်းစုတိုင်းရင်းသားတွေအပေါ်မှာ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ် တာတွေရှိတယ်လို့ပြောကြပါတယ်။ ရခိုင်ပြည်နယ်မှာရော ရခိုင်တိုင်းရင်းသားတွေနဲ့ တခြားလူနည်းစုတိုင်းရင်းသားမျိုးနွယ်စုတွေကြားမှာ အဲဒီလို ကိစ္စတွေရှိပါသလား။UAKZ – ရှိပါတယ်ခင်ဗျား၊ ရှိပါတယ်။ တိုင်းရင်းသားတွေမှာ အတူတူပါပဲ။ အခုဒီမှာကျတော့ ဒိုင်းနက်၊ မြို၊ ခမီ၊ သက် ရှိကြတယ်၊ ရခိုင်ရှိတယ်၊ တခြား မရမာကြီးတို့၊ ကမန်တို့ပေါ့။ အများစုက ရခိုင်ပေါ့။ ဆိုတော့ ရခိုင်တွေက ကျနော်တို့တိုင်းရင်းသားမျိုးနွယ်စုတွေကို တန်းတူထားတယ်ဆိုတာမရှိဘူး။ သူတို့ထက်သာနေရင်တောင်၊ ရှင်းရှင်းပြောရင် အခုကျနော် တို့ပါတီတည်ထောင်တာကိုတောင် ငါနဲ့မတူငါ့ရန်သူဆိုပြီး အမြင်မကြည်လင်ဘူး။ အမြင်မရှင်းဘူးပေါ့။ ခမီကိုလည်း အဲဒီလိုပဲ။ မြိုကိုလည်းအဲဒီလိုပဲ။ ကျနော်တို့ပါတီတည်ထောင် တာ သူတို့ကိုပြိုင်တယ်ဆိုတဲ့ သဘောမျိုးမြင်ပြီး ကျနော်တို့ အပေါ် မရှုဆိတ်တဲ့သဘောတွေအများကြီးရှိပါတယ်။ အခွင့်အရေး တစ်ခုခုရခဲ့ရင်တောင် ကျနော်တို့မျိုးနွယ်စုငယ်တိုင်းရင်းသားတွေကိုမျှဝေတယ်ဆိုတာမရှိဘူး။ ဥပမာ နိုင်ငံတော် ကချပေးတဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တို့ ကောလိပ်တို့ဆိုရင်လည်း ကျနော်တို့လိုမဖွံ့ဖြိုးမတိုးတက်တဲ့ လူနည်းစုတိုင်းရင်းသားတွေကိုဦးစားပေးရမယ့်အစား သူတို့တွေပဲအခွင့်အရေးတွေအားလုံးယူ ထားကြတာပဲ။ အဲဒီတက္ကသိုလ်တွေကိုကြည့်လိုက်ရင် သူတို့လူတစ်ရာ တက်ခွင့်ရနေတဲ့အချိန်မှာ ကျနော်တို့လို မျိုးနွယ်စုငယ်တွေကတက်ခွင့်ရတာ လေးငါးယောက်လောက်ပဲရှိတာပါ။ ဒါတွေကိုလည်း မီဒီယာတွေကနေဖော်ပြပေးနိုင်ရင် ကျနော်တို့လူနည်းစုတိုင်းရင်းသားတွေအတွက် အားတက်ရမှာပါ။ ဖိနှိပ်မှုဆိုတာကလည်း လူကိုရိုက်ပုတ်တာမျိုးတော့ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် အခွင့်အလမ်းတစ်ခုခုရှိလာရင် ကျနော်တို့လူနည်းစုမျိုးနွယ်စု ငယ်တိုင်းရင်းသားတွေကို မျှဝေပေးတာမျိုးမရှိတာဟာလည်း ဖိနှိပ်မှုပါပဲ။ သူတို့ရခိုင်တွေပဲ တိုးတက်ချင်တာပေါ့။ ကျန်တဲ့ မြိုတွေကို မတိုးတက်စေချင်ဘူးပေါ့။ ခမီတွေကိုမတိုးတက်စေချင်ဘူးပေါ့။ ဒိုင်းနက်တွေကိုမတိုးတက်စေချင်ဘူးပေါ့။ ဒီသဘောပေါ့။ ဒါဟာလည်း ခွဲခြား ဆက်ဆံခံရခြင်းပဲ။ ဥပမာ ဒိုင်းနက်ကျောင်းသားတစ်ယောက်ဆယ်တန်းအောင်လို့ သုံးဘာသာဂုဏ်ထူးပါတယ်၊ ငါးဘာသာဂုဏ်ထူး ပါတယ်ဆိုရင်တောင် ကိုယ်လိုချင်တဲ့ မေဂျာကို တက်ခွင့်မရဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒီလို သဘောမျိုးတွေရှိတယ်။ ဥပမာ ပညာရေးကောလိပ်တွေဆိုရင်လည်း အမှတ်နဲ့တက်ရောက်ခွင့်ပြုတယ်ပေါ့။ ဆိုတော့ သူတို့မြို့ပေါ်မှာ ဆရာကောင်းကောင်း၊ ကျောင်းကောင်းကောင်း၊ ကျူရှင်ကောင်းကောင်း၊ စာအုပ်စာတမ်းမျိုးစုံ၊ သင် ထောက်ကူပစ္စည်းမျိုးစုံတဲ့ သင်ကြားရတဲ့ကျောင်းသားနဲ့ ကျနော်တို့လို တောထဲမှာ နေပြီး စာသင်ရတဲ့ ကျောင်းသားက ရမှတ်ချင်းက ဘယ်လိုမှမတူနိုင်ဘူးလေ။ အဲဒီတော့ ပညာရေးကောလိပ်တို့ဘာတို့ဆိုရင်လည်း ကျနော်တို့လူနည်းစုတိုင်းရင်းသားတွေ တက်ရောက်ခွင့်က အင်မတန်နည်းပါးပါတယ်။ကျောက်ဖြူပညာရေးကောလိပ်တို့ဘာတို့မှာကြည့်လိုက်လေ။ ခမီလူမျိုး၊ မြိုလူမျိုး၊ ဒိုင်းနက်လူမျိုး ဘယ်နှယောက် တက်ရောက်ခွင့် ရကြသလဲဆိုတာကို။ ကျောင်းသားတစ်ရာမှာ တစ်ယောက်၊ နှစ်ယောက်ေ လာက်တောင် မရှိဘူး။ တစ်ခါတစ်လေဆို တစ်ယောက်မှ မပါတာတွေတောင်ရှိတယ်။ ကျနော်တို့ဖြစ်စေချင်တာက အဲဒီကောလိပ်တွေ၊ တက္ကသိုလ်တွေမှာ ကျနော်တို့လူနည်းစုတိုင်းရင်းသား မျိုးနွယ်စုတွေထဲက တစ်ယောက်၊ နှစ်ယောက်လောက်တော့ စဉ်ဆက်မပြတ်တက်ခွင့်ရစေချင်တာပေါ့။ အခုက သူတို့သတ်မှတ်တဲ့ အမှတ်မရရင် ကျနော်တို့ရဲ့ မပြည့်မစုံနဲ့ကြိုးစားခဲ့ရတဲ့ ကလေးတွေတက်ခွင့် မရတော့ဘူး။ တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးကောလိပ်ဆိုတာ ကျနော်တို့လို မဖွံ့ဖြိုးသေးတဲ့လူနည်းစုတိုင်းရင်းသားတွေ အတွက်မဟုတ်ဘူးလား။ ဒါတွေမှာတောင် ခုနကလို အမှတ်နဲ့ဖြတ်ထားရင် ကျနော်တို့လူနည်းစုတိုင်းရင်းသားတွေက ဘယ်တော့မှ ဖွံ့ဖြိုးလာမှာလဲ။ ကျနော်တို့လူငယ်တွေက ဆယတန်းအောင်၊ ဘွဲရပြီး အလုပ်အကိုင်မရနိုင်တော့ ဘာလုပ်ရမှာလဲ။ တရုတ်ကိုပဲ သွားရမလား၊ ထိုင်းကိုပဲ သွားရမလားပေါ့။ အခုအဲဒီလိုပဲ သွားလုပ်ကိုင်နေကြရတယ်။ အဲဒီလိုပေါ့။ အများကြီးပေါ့။

 Description: ▪️ငြမ်းမီဒီယာ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲကိုရော တရားမျှတမှုရှိလိမ့်မယ်လို့ မျှော်လင့်ပါသလား။UAKZ – ကျနော့်အမြင်ပြောရရင်တော့ မမျှတဘူးလို့မြင်ပါတယ်။ အခုဆို ကျနော်တို့ ဘူးသီးတောင်နဲ့ မောင်းတောက ရွေးကောက်ပွဲကျင်းလို့မရတဲ့နေရာတွေကြေညာတဲ့အထဲ ပါလာပြီ။ ဒီကြေညာချက်ကို ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်း လောက်ပဲလိုတဲ့အချိန်မှ ထုတ်ပြန်တာပေါ့။ ကျနော်တို့ UEC နဲ့တွေ့တဲ့အချိန်ကတည်းက ဒီကိစ္စကိုမေးခဲ့ပါတယ်။ ကျနော် တို့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကလည်းဖြစ်နေတော့ ရွေးကောက်ပွဲက ဘယ်နေရာတွေမှာလုပ်ပြီး ဘယ်နေရာတွေမှာမလုပ်ဘဲထားမှာလဲဆိုတာ မေးတာပေါ့။ ဒါပေမယ့်ဘာမှတိတိကျကျ မသိခဲ့ရဘူး။ ဆိုတော့ ကျနော်တို့ပါတီတွေက ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမှာတွေရှိတယ်။ ဘာမှ တိတိကျကျမသိရဘဲ စမ်းတဝါးဝါးဖြစ်ခဲ့ရတယ်။ တချို့တွေက အဲဒီအချိန်မှာ အောင်နိုင်ရေးတွေ လုပ်နေကြတာတွေလည်းရှိနေပြီ။ ကျနော်တို့ပါတီငယ်တွေသာ ဘာတွေဘယ်လို ပြင်ဆင်ရမလဲမသိဖြစ်နေရတာ။ ဒီကြားထဲ COVID ကလည်းဖြစ်လာ တော့ ပိုဆိုးတာပေါ့။ အခုလည်း ကျရော ဒီမြို့နယ်တွေမှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဖြစ်လာတယ်။ ဒီလိုတွေရှိနေခဲ့တာတွေကြောင့် မမျှတဘူးလို့ ကျနော်တို့မြင်တာပါ။

 Description: ▪️ငြမ်းမီဒီယာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းက တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တော်လှန်ရေးလုပ်ကြတယ်လို့ဆိုပါတယ်။ တချို့အဖွဲ့တွေဆိုရင် လက်နက် ကိုင်တော်လှန်ရေးလုပ်လာတဲ့နှစ်ပေါင်းက (၇၀) ကျော်နေပါပြီ။ ဆိုတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ တန်းတူညီမျှခွင့်တွေ တကယ်ရလာနိုင်ပါသလား။UAKZ – လက်နက်ကိုင်တိုက်တဲ့နည်းလမ်းနဲ့တော့ မရနိုင်ဘူး လို့ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်လာတာ နှစ်ပေါင်း (၇၀) ကျော်လာပြီလေ။ လွတ်လပ်ရေးရပြီးကတည်းက တိုက်လာကြတာ။ ကချင်နဲ့တိုက်တယ်၊ ကရင်နဲ့တိုက်တယ်၊ တခြားတိုင်းရင်းသားတွေကလည်းတိုက်ကြတာပေါ့။ လွတ်လပ်ရေးရပြီးကာစ နှစ်ပိုင်းတွေမှာ ရန်ကုန်အစိုးရလို့ ခေါ်ရလောက်အောင်အထိ သိမ်းနိုင်တိုက်နိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ဘာတွေဘယ်လိုဖြစ်နေခဲ့လဲ အားလုံးသိကြတာပဲ။ လက်နက်မကောင်းလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် တိုက်တဲ့နှစ်တွေသာကြာလာတယ် တိုင်းရင်းသားတွေလိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ တန်းတူအခွင့်အရေးတို့က ဘာမှထူးခြားမလာဘူး။ ကျနော်မြင်တာကတော့ တိုက်နေတာထက် နိုင်ငံရေးစားပွဲပေါ်မှာ တွေ့ဆုံ ဆွေးနွေးအဖြေရှာပြီး ကျနော်တို့တိုင်းရင်းသားတွေလိုချင်တဲ့ အချက်တွေကို ညှိနှိုင်းယူရလိမ့်မယ်လို့မြင်တယ်။ တွေ့ဆုံဆွေးနွေးတာမှာလည်း မဖြစ်နိုင်တာတွေကို တောင်းဆိုတာမျိုးတွေလုပ်ရင်လည်းအဆင်မပြေဘူး။ တစ်ဖက်ကလည်း တရားမျှတစွာတောင်းဆိုလာတာတွေကို မပေးဘူးလို့လုပ်လို့မရဘူး။ နှစ်ဘက် မျှမျှတတ အပေးယူရှိရှိ၊ နားလည်ယုံကြည်မှုနဲ့၊ ကိုယ်ချင်းစာတရားနဲ့ ဆွေးနွေးနိုင်မှအဆင်ပြေမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အောင်မြင်နိုင်ဖို့မလွယ်ဘူး။ အောင်မြင်မယ်လို့လည်းမထင်ဘူး။

Description: ▪️ငြမ်းမီဒီယာတခြား ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါ။

UAKZ – ဖြည့်စွက်ပြောချင်တာကတော့ ကျနော်တို့လူနည်းစုတိုင်းသားတွေအတွက် ရေးရာဝန်ကြီးဖြစ်ဖြစ်၊ လွှတ်တော် ထဲမှာ ကိုယ်စားစားလှယ်ဖြစ်ဖြစ်ရှိသင့်ပါတယ်။ တိုင်းရင်းသားအားလုံးအတွက် ခွဲတမ်းကျဖြစ်ဖြစ်၊ အချိုးကျကျဖြစ်ဖြစ်၊ နောက်ဆုံး ကိုင်းရင်းသားတစ်မျိုးချင်းစီအတွက် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ဖြစ်ရှိသင့်ပါတယ်။ ဒါမှလည်း ကျနော်တို့ တိုင်းရင်းသားတွေရဲ့အရေးကို ပြောဆိုတင်ပြနိုင်မှာပါ။ ကျနော်တို့လို လူနည်းစုတိုင်းရင်းသားတွေအတွက်ဆို ပိုပြီးလိုအပ်ပါတယ်။ ဒီအချက်ကိုကျနော်ဖြည့်စွက်ပြီးပြောချင်ပါတယ်။

Description: ▪️ငြမ်းမီဒီယာ ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


▪️ဓာတ်ပုံ – 

AD ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဥက္ကဌ

 ဦးအောင်ကျော်ဇော#ငြမ်းမီဒီယာ#အင်တာဗျူး#ဒိုင်းနက်#ရခိုင်ပြည်နယ်#ရွေးကောက်ပွဲ#နိုင်ငံရေးပါတီ#တိုင်းရင်းသား

No comments:

Post a Comment

Note: Only a member of this blog may post a comment.