Breaking

October 23, 2020

ဖျက်သိမ်းခံရတဲ့ နှင်းဆီပါတီဝင်တွေ ပြည်ခိုင်ဖြိုးနဲ့ပူးပေါင်းမည်



ကျော်လွင်ဦး
2020-10-22

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဖျက်သိမ်းခံလိုက်ရတဲ့အတွက်  မြို့နယ်တချို့က ပါတီဝင် အများအပြား ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဝင်ရောက်မယ်လို့ သိရပါတယ်။ USDP ပါတီကတော့ ဒီလို လာရောက် ပူးပေါင်းမှာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

UDP ပါတီရဲ့  ဥက္ကဋ္ဌ ဦးကျော်မြင့် ထောင်ပြေးမှုနဲ့ အဖမ်းခံရပြီး  ပါတီကိုဖျက်သိမ်းကာ ကိုယ်စားလှယ်လောင်းတွေ လည်း ရွေးကောက်ပွဲဝင်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီး နောက် ပိုင်းမှာ ဒေသတချို့က ကိုယ်စားလှယ်လောင်းတွေ၊ ပါတီဝင်တွေက USDP နဲ့ ပူးပေါင်းမယ်လို့ ပြောနေကြတာပါ။   

ကရင်ပြည်နယ် မြဝတီမြို့ UDP ကိုယ်စားလှယ်လောင်းလေးဦးနဲ့ ပါတီဝင်တွေအားလုံးလိုလို ပါတီပြောင်းလိုက် ကြပြီလို့ မြဝတီမြို့မှာ ပြည်နယ်လွှတ်တော်အတွက် ဝင်ပြိုင်ဖို့ စီစဉ်ခဲ့တဲ့  ဦးစိုးရက ပြောပါ တယ်။

"ကျနော် အင်အားသုံးသောင်းကျော်မှာ UDP ၂၀ လောက်ကလွဲပြီး USDP ပါတီထဲဝင်လိုက်ပြီ၊ ပါတီကြီးတွေ ရှိပေမယ့် ရေရှည်မြန်မာမြေပေါ်မှာ ရပ်တည်နိုင်မယ့်ပါတီက ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီတခုပဲ ရှိတယ်၊ ကျနော်တို့ဆန္ဒနဲ့လည်း ကိုက်ညီတယ်၊ နိုင်ငံနဲ့လူမျိုးအပေါ်လည်း ချစ်တဲ့စိတ်ရှိတဲ့အတွက် ကျနော်တို့ USDP ပါတီကိုရွေးချယ်ပြီး မဲပေးဖို့ ဆုံးဖြတ်တယ်"

ပါတီရဲ့ နှင်းဆီပန်းတံဆိပ်ကို အစွဲပြုပြီး နှင်းဆီပါတီလို့ လူသိများတဲ့  UDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် ဟာ  ငွေကြေးခဝါချမှု ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ အစိုးရက ထုတ်ပြန်ကြေညာပြီးနောက်မှာ ကော်မရှင်က ပါတီကို ဖျက်သိမ်းလိုက်တာပါ။

ဦးကျော်မြင့်ကို မန္တလေးအကျဉ်းထောင်ကနေ မန္တလေးမြို့ထဲက တရားရုံး ပို့ဆောင်ရာမှာ လုံခြုံရေး အထူးတင်း ကျပ်ထားတဲ့အတွက် သတင်းထောက်တွေရော၊ ပါတီ တာဝန်ရှိသူတွေပါ အနားကပ်လို့ မရခဲ့ပါဘူး။

ဦးကျော်မြင့်ရဲ့ ပါတီဝင်တွေ ဒီလို ပူးပေါင်းလာတာကြောင့် USDP ပါတီဟာ မြဝတီမြို့နယ်ဒေသ တစ်ခုလုံးအတွက် လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ယူဆကြောင်း မြဝတီမြို့နယ် USDP ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ချင်းက ပြောပါတယ်။

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ် ပါတီစည်းရုံးရေး ခေါင်းဆောင် လည်းဖြစ်တဲ့ ဦးတင်ကျော်ခိုင်က သူတို့ဆီမှာလည်း အလားတူ ဝန်းရံမယ်လို့ ပြောပါတယ်။

လက်ရှိပါတီဝင် ၅ ထောင်ကျော်နဲ့ သူတို့ကိုထောက်ခံသူ ငါးထောင်ကျော်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘုတ်ပြင်းဒေသအတွက် USDP ပါတီကို မဲပေးမယ်လို့ ယျေဘုယျပြောလို့ရတယ်လို့လည်း ဦးတင်ကျော်ခိုင်က ပြောပါတယ်။

နှင်းဆီပါတီဝင်တွေ လာရောက်ပူးပေါင်းတာကို ကြိုဆိုတယ်လို့လည်း ပါတီ ဗဟို ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

"နိုင်ငံသားတစ်ယောက်အနေနဲ့ သူတို့ပါတီ ပျက်သွားတဲ့အတွက် သူတို့ယုံကြည်ရာ ပါတီကိုဝင်တာ ကျနော်တို့ ကြိုဆိုရမှာပဲလေ၊ နိုင်ငံသားတယောက်အနေနဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်၊ ကျနော်တို့အနေနဲ့လည်း အခြားပါတီဝင်မဟုတ်တော့ဘဲ ကျနော်တို့ပါတီဝင်တာ ကြိုဆိုရမှာပဲ"

UDP ပါတီဝင်တွေ ဘယ်နှစ်မြို့နယ်က ဝင်တယ်၊ ဘယ်လောက်ဝင်တယ်ဆိုတာ အတိအကျမသိရသေးဘဲ သူတို့အခုလိုပူးပေါင်းတာကြောင့် အရင်ထက် အင်အားပိုကောင်းသွားတယ်လို့ ဦးနန္ဒာလှမြင့် က ပြောပါတယ်။

UDP ပါတီပျက်ပေမယ့် သူ့အင်အားစုရှိတာကြောင့် အနိုင်အရှုံး မပြတ်သားတဲ့နေရာမှာ ဒီလိုပူးပေါင်းမှုကြောင့် ရလဒ်ပြောင်းသွားနိုင်တယ်လို့ လာမယ့်ရွေးကောက်ပွဲကို စောင့်ကြည့်အကဲခတ်နေတဲ့ Eco Dev အဖွဲ့ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောပါတယ်။


"ပါတီကိုဖျက်လိုက်ရင် အင်အားစုက ကျန်တယ်လေ၊ သဲနဲ့ တိုက်ဆောက်ရင်တောင်မှ အခြေမခိုင်ဘူးပေါ့ တနေပြိုမှာပဲ။ အခု အဲဒီလိုပြိုသွားတယ်၊ သဲနဲ့ဆောက်တဲ့တိုက်တောင်ပြိုသွားရင် သဲပုံက ကျန်တာပဲလေ၊ သဲပုံက ရွေ့သွားတာလည်း ရွေးကောက်ပွဲမှာ အတိုင်းအတာတခုထိတော့ ရလဒ်တွေပေါ်မှာ လှုပ်ခတ်မှု ရှိနိုင်တယ်၊ အထူးသဖြင့် ပြည်မမဲဆန္ဒနယ်တွေမှာတော့ ဘာမှမဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအရ အနိုင်ရပါတီနဲ့သူနဲ့ပြိုင်တဲ့ ပါတီကြားထဲမှာ မဲရလဒ် သိပ်မပြတ်တဲ့နေရာတွေမှာ အခုလိုမျိုး နှင်းဆီပါတီလို ကြားပါတီတခုကလည်း နိုင်ငံရေးအင်အားစုတခုခု ထောင်ထားမယ်၊ ဝင်ကစားမယ် ယိမ်းလိုက်မယ်ဆိုရင်တော့ မဲရလဒ်တွေက တမျိုးဖြစ်သွားနိုင်တယ်"

ပါတီဥက္ကဋ္ဌပိုင် ကုမ္ပဏီဟာ ငွေကြေးချေးငှားတဲ့ အသေးစားငွေချေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး အထူးသဖြင့် လုပ်ကိုင်နေတဲ့ရပ်ရွာတွေက ဒေသခံတွေဟာ ငွေချေးထားတာကြောင့် သူ့ပါတီဝင်သဘောမျိုးဖြစ်နေတာ တွေ့ရတယ်လို့လည်း ဦးဝင်မျိုးသူက ပြောပါတယ်။

ဒီလိုအခြေအနေကြောင့် ပါတီဝင်တွေဟာ သူတို့စိတ်တိုင်းကျ နောက်ကနေ မဲထည့်ခိုင်းတာမျိုးတွေလုပ်နိုင်ပြီး အနိုင်အရှုံးကို ကစားတာမျိုးတွေလည်း ရှိနိုင်တယ်လို့ ဦးဝင်းမျိုးသူက သုံးသပ်ပါတယ်။

UDP ပါတီအနေနဲ့ တနင်္သာရီတိုင်းအတွင်းမှာ ငွေစုငွေချေးလုပ်ငန်းတွေ လုပ်ကိုင်တာမျိုးတွေမရှိဘူးလို့ ပါတီရဲ့တိုင်းတာဝန်ခံ ဦးခင်မောင်လတ်က ပြောပါတယ်။

"မရှိဘူး၊ ဒါတွေက ကင်းကင်းရှင်းရှင်းဘဲ၊ ငွေစုငွေချေးလုပ်ငန်းလည်းမလုပ်ဘူး၊ ဘာမှကိုမလုပ်တာ၊ UDP က ရွေးကောက်ပွဲပြီးမှပဲ လုပ်ငန်းတွေဖော်ဆောင်ဖို့၊ တို့တိုင်းမှာ ပြင်ဆင်ကြတာပေါ့၊ ပါတီကလာတဲ့ ငွေစုငွေချေး လည်းမရှိဘူး၊ လုပ်ငန်းဆို ဘာမှကို မလုပ်ကြသေးဘူး"

အခြားတိုင်းနဲ့ပြည်နယ်ကိစ္စတွေကိုတော့ သူအနေနဲ့မသိဘဲ UDP ပါတီက ပါတီဖွဲ့စည်းကတည်း ဖက်ဒရယ်ဆန်ဆန် ကိုယ့်တိုင်းကိုယ့်ပြည်နယ်ပါတီကိစ္စတွေကို ကိုယ်တိုင်ဆောင်ရွက်ခွင့်ပေးထားတယ်လို့လည်း ဦးခင်မောင်လတ်က ပြောပါတယ်။


UDP ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တာဝန်ရှိသူတွေကို USDP ပါတီနဲ့ လက်တွဲမယ့်ကိစ္စ၊ ငွေစု၊ ငွေချေး လုပ်ငန်းတွေ လုပ်ကိုင်နေတယ်၊ ငွေစုငွေချေးလုပ်ငန်းတွေကနေ မဲပေးဖို့ ကြိုးကိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မေးမြန်းဖို့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

UDP ပါတီဝင်တွေ USDP ဘက် ပြောင်းမယ်ဆိုရင်လည်း ဘာမှပြောင်းလဲမှုမရှိနိုင်ဘူးလို့ သုံးသပ်သူက အရင် ပြန်ကြားရေး ဝန်ကြီးဟောင်းလည်းဖြစ် လက်ရှိနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွဋ်ပါ။

"ကျနော့်ပုဂ္ဂိုလ်ရေးအမြင်ပြောရရင်တော့ UDP ပါတီက သက်ဆိုင်ရာမြို့နယ်တွေမှာ ရွေးကောက်ပွဲတခုရဲ့ ရလဒ်ကို ပြောင်းသွားလောက်အောင် အင်အားမကောင်းဘူးလို့ ကျနော်ထင်ပါတယ်၊ ဒါကြောင့်မို UDP ပါတီမရှိတော့တဲ့အခါမှာ သူထောက်ခံသူတွေဟာ သူတို့နှစ်သက်တဲ့ပါတီကို ပြောင်းသွားပေမယ့်လည်း ကျနော်ထင်ပါတယ် သက်ဆိုင်ရာရွေးကောက်ပွဲ မဲဆန္ဒနယ်ရဲ့ ရလဒ်ကို အကြီးအကျယ်မပြောင်းနိုင်ဘူးလို့ ထင်ပါတယ်"

UDP ပါတီဟာ ၂၀၁၅ တုန်းကလည်း နေရာတော်တော်များများမှာ ဝင်ပြိုင်ပေမယ့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ၁၀ ရာခိုင်နှုန်းကျော်တဲ့နေရာ မတွေ့ရဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

NLD ပါတီဗဟိုအောင်နိုင်ရေး ကော်မတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန်ကလည်း အလားတူ သုံးသပ် ပါတယ်။

"ကျနော်တို့ကအစကတည်းက UDPပါတီဟာ ကြံခိုင်ရေးနဲ့ မဟာမိတ်ဆိုတဲ့ သဘောမျိုးရှိမယ်လို့ သံသယ ရှိပါတယ်၊ အခုတော့သူတို့က မူဝါဒချင်းတူတဲ့အဖွဲ့ဖြစ်တဲ့အတွက် သွားရောက်ပူးပေါင်းတာပါ၊ ကျနော်တို့က ပြည်သူကိုဗဟိုပြည်တဲ့ပါတီ ဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူထောက်ခံမှုနဲ့ ရပ်တည်နေတာပါ၊ ပြည်သူအများ စုက ထောက်ခံမယ်ဆိုရင် ပါတီတချို့က ထောက်ခံမှုမရလည်း ရွေးကောက်ပွဲရလဒ်က တစ်စုံတစ်ရာပြောင်းလဲ မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်"

UDP ပါတီ တာဝန်ရှိသူတွေက ပါတီဝင်အင်အား ခြောက်သိန်းကျော်ရှိပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ UDP ပါတီကို ဖျက်သိမ်းလိုက်တာကို ကိုယ်စားလှယ် လောင်းတွေအနေနဲ့ အယူခံဝင်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက RFA ကို ပြောထားပါတယ်။

UDP ပါတီဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပါတီဝင်အင်အား ဒုတိယအများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်ထား တာဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.