Breaking

October 11, 2020

UEC ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ဖြစ်၊ အစိုးရက အမိန့်ပေးတာမရှိဘူးလို့ သမ္မတရုံးပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အစိုးရနဲ့ အာဏာရပါတီရဲ့ လက်အောက်ခံလိုဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်ဘူးလို့ ဝေဖန်မှုတွေရှိတဲ့အပေါ် အစိုးရအနေနဲ့ ကော်မရှင်ကို အမိန့်ပေး ခိုင်းစေတာ၊ ညွှန်ကြားတာမျိုးတွေ ရှိပါသလားလို့ ဒီနေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ RFA သတင်းဌာနက မေးမြန်းခဲ့ပါတယ်။ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဝေဖန်မှုတွေကို တုံ့ပြန်ပယ်ချခဲ့ပါတယ်။ "ရှင်းရှင်းပြောရရင်တော့ ရွေးကောက်ပွဲကော်မရှင်က သီးခြားလွတ်လပ်တဲ့ ကော်မရှင်ဖြစ်ပါတယ်၊ အစိုးရ အနေနဲ့ ဘာလုပ်ပါ၊ ညာလုပ်ပါ၊ အမိန့်ပေးစေခိုင်းတာ မရှိပါဘူး၊ အမိန့်ပေးစေခိုင်းလို့လည်း မရပါဘူး၊ ဒါပေမဲ့ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် အစိုးရက အုပ်ချုပ်ရေးအရ တာဝန်ရှိတဲ့အတွက် လိုအပ်တဲ့ဟာတွေ ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်မှုတွေ ချောမွေ့အောင် အုပ်ချုပ်ရေးပိုင်းက ဖြည့်ဆည်း ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။" အခုလို ကပ်ရောဂါကာလမျိုးမှာ ကျန်းမာရေး စည်းကမ်းချက်တွေနဲ့အညီ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ဖို့က ရွေးကောက်ပွဲကော်မရှင်မှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ မလုံလောက်တဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအဆင့် အုပ်ချုပ်ရေးပိုင်းတွေက ကူညီဆောင်ရွက်ရတာတွေရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ကပ်ရောဂါကာလအတွင်း နောက်ထပ်လိုအပ်တဲ့ မဲရုံသစ်တွေအတွက် အုပ်ချုပ်ရေးပိုင်းက ကူညီဆောင်ရွက် နေတာတွေလည်းရှိတယ်လို့လည်း သူက ပြောပါတယ်။ ပထမအကြိမ် ကောက်ခံခဲ့တဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံသစ် နှစ်သောင်းကျော် လိုအပ်နေပြီး နောက်ထပ်လိုအပ်တဲ့ စာရင်းတွေကိုလည်း ကောက်ခံနေတယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်က အစိုးရလက်အောက်ခံလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေအပါအဝင် ကပ်ရောဂါ ကာလ ဘယ်ဒေသတွေမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ချေရှိသလဲ၊ ကျန်းမာရေး ညွှန်ကြားချက်တွေနဲ့အညီ မဲပေးနိုင်ဖို့ ဘယ်လိုအခြေအနေရှိလဲ စတာတွေကို မေးမြန်းနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ဘက်ကနေ အစိုးရပိုင်းက ပြည်ထဲရေး၊ ကာကွယ်ရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး စတဲ့ ဝန်ကြီးဌာနတွေကို အကြံပြုချက်တွေ တောင်းဆိုတားတာရှိ တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောဆိုပါတယ်။ "နိုဝင်ဘာလ ၈ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီးတော့ မဲပေးခွင့်ရှိတဲ့သူတွေ စာရင်းပေါ့။ အဲဒါကို ရွေးကောက်ပွဲ ကော်မရှင်က ရွှေ့ဆိုင်းလိုက်မယ်ဆိုရင် မဲစာရင်းက အသစ်ပြန်လုပ်ရမယ်၊ ပြန်လုပ်ရမယ့် အနေအထားရှိတယ်။ ဥပမာ မဲစာရင်းအသစ်ဆိုတော့ နိုဝင်ဘာ ၈ မဟုတ်တော့ဘူး။ တခြား ဥပမာ ပြောတာပေါ့နော်။ ဇန်နဝါရီ ၈ ဆိုရင်လည်း ဇန်နဝါရီ ၈ မှာ ၁၈ နှစ်ပြည့်မယ့်လူရဲ့ စာရင်းတွေက ထပ်တိုးလာတယ်၊ ထပ်တိုးလာတော့ မဲစာရင်းတွေ ပြန်ကြေညာမယ် မဲစာရင်းတွေ ပြန်လုပ်ရမယ်၊ ပြန်ကောက်ရမယ် စသည်ဖြင့်ပေါ့နော် ဒီအတိုင်းအတာတွေက အရမ်းကို ကျယ်ပြန့်တယ်ပေါ့နော်။" ကျန်းမာရေး ကိစ္စအပါအဝင် တိုက်ပွဲအခြေအနေတွေကြောင့် ဒေသတချို့မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ဒါမှမဟုတ် မကျင်းပဖို့ စတဲ့ကိစ္စတွေကိုတော့ အစိုးရပိုင်းက အကြံပြုချက်သာပေးနိုင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကသာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒီ အောက်တိုဘာလအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမူအဖွဲ့ PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ကပ်ရောဂါကာလမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အခြေအနေနဲ့ကိုက်ညီတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ရွေးကောက်ပွဲကော်မရှင်က အားလုံးနဲ့ ညှိနှိုင်းပြီး ရေးဆွဲဖို့လိုတယ်လို့ ပြောပါတယ်။ "သူများနိုင်ငံတွေမှာ Covid ကာလမှာ ရွေးကောက်ပွဲလုပ်တယ်ဆိုတာလည်း လက်ခံပါတယ်။ တောင်ကိုရီးယားတို့၊ သီရိလင်္ကာတို့ နိုင်ငံမျိုးတွေမှာလည်း လုပ်တယ်ပေါ့လေ၊ အဲဒီ ရွေးကောက်ပွဲတွေကို ကြည့်ပြီးတော့ ထွက်လာတဲ့သင်ခန်းစာမှာ ကျနော်လည်း အမြဲတမ်းပြောပါတယ်။ သူတို့နိုင်ငံတွေက လက်ရှိ ရှိနေတဲ့ သူတို့ Covid ကာလမှာ လုပ်မယ့်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မိုလို့ အဲဒီ Covid ကာလနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ ဥပဒေမူဘောင်တွေကို စဉ်းစားပြီးတော့မှ ဒီအခြေအနေနဲ့ ကိုက်ညီတဲ့ဟာမျိုး တုံ့ပြန်ဖို့ကြိုးစားတာပေါ့လေ။ ဆိုတော့ ကျနော်တို့ လက်ရှိ ရှိနေတဲ့ ဥပဒေမူဘောင်တွေက ဒီလို အခြေအနေမျိုးအတွက်ကို အဆင်သင့်လုပ်ထားတာ မဟုတ်ဘူး။ ဘယ်နိုင်ငံမှလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ရင်ဆိုင်ရတဲ့အခါမှာ အဲဒါကို ဝိုင်းပြီးတုံ့ပြန်ဖို့ ကြိုးစားမယ် ။ ကျနော်တို့ပြောတဲ့အချက်က ဥပဒေ မူဘောင်တွေကို ဒီ Covid နဲ့ ကိုက်ညီတဲ့ ဒီလိုကပ်ရောဂါကာလနဲ့ ကိုက်ညီတဲ့ဟာမျိုးဖြစ်အောင် ကျနော်တို့ ပြောင်းလဲဖို့ လိုတယ်။" ရွေးကောက်ပွဲကော်မရှင်က သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်၊ မဖြစ်၊ အစိုးရရဲ့ လွှမ်းမိုးမူအောက်မှာ ရှိ၊ မရှိဆိုတာတွေကတော့ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဌာန်းချက်တွေကို မပြင်ဆင်သေးသရွေ့ ဝေဖန်ချက်တွေရှိနေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ တရားစွဲဆို ထိန်းသိမ်းခံထားရတဲ့ နှင်းဆီပါတီလို့ ခေါ် ဝေါ်ကြတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က အစိုးရကို စုံစမ်းစစ်ဆေးပေးဖို့ တင်ပြခဲ့တာဖြစ်ပြီး သူ့ရဲ့ နောက်ခံအခြေအနေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ငွေကြေးစီးဆင်းမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ သီသန့်အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူဦးရေ ၃၇ သန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ------------ (၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

No comments:

Post a Comment

Note: Only a member of this blog may post a comment.