Breaking

November 7, 2020

တိုင်းလူမှုရေးဝန်ကြီးနဲ့ ယှဉ်ပြိုင်မယ့် မွတ်စလင်အမတ်လောင်း

 ကျော်လွင်ဦး

2020-11-06

ရန်ကုန်တိုင်း သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) ကနေ လက်ရှိ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ယှဉ်ပြိုင်သွားမယ့်သူတစ်ယောက်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက အစ္စလာမ်ဘာသာဝင် အမတ်လောင်း ဦးအောင်ကြီး ဖြစ်ပါတယ်။

လူမျိုး၊ ဘာသာကို အခြေမခံတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်အောင် ဆောင်ရွက်သွားဖို့ ဆန္ဒရှိတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာလို့ ကိုအောင်ကြီးက ပြောပါတယ်။

သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) နေရာအတွက်  အလားအလာကောင်းနေ ခြောက်ဦးထဲမှာ ပါဝင်တဲ့ ဦးအောင်ကြီးက မွတ်စလင်တယောက် ဖြစ်ပါတယ်။

မွတ်စလင်တွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဦးအောင်ကြီးက သူရွေးကောက်ပွဲဝင်တာဟာ နိုင်ငံအကျိုးကိုဆောင်ရွက်ချင်တာကြောင့် ဖြစ်တယ်လို့  ဆိုပါတယ်။

"ဒီနိုင်ငံမှာမွေးတဲ့ လူနည်းစုဖြစ်ဖြစ်၊ ဘာသာခြားပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအနေနဲ့  ကျနော်တို့လည်း တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်တယ်၊ အုတ်တစ်ချပ် သဲတစ်ပွင့်၊ တစ်ထောင့် တစ်နေရာကနေပြီးတော့ ကျနော်တို့လည်း တိုင်းပြည်ကို ချစ်တယ်ဆိုတာကို ဖော်ပြချင်တဲ့ စိတ်တွေကလည်းပါလို့ ဝင်ပြိုင်ခြင်း ဖြစ်ပါတယ်။"

ဦးအောင်ကြီးဟာ ရိုဟင်ဂျာအရေး၊ လူနည်းစုအခွင့်ရေးတွေကို တစိုက်မတ်မတ် ရပ်တည် ပြောဆိုနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသူ နှစ်ဦးထဲက တစ်ဦးပါ။

ပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း အပါအဝင် ရခိုင်ပြည်နယ်က အမတ်လောင်း  ငါးဦးကို မွေးဖွားချိန်က မိဘတွေဟာ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲကော်မရှင်က ယှဉ်ပြိုင်ခွင့် မပေးခဲ့ပါဘူး။

ဦးအောင်ကြီးအနေနဲ့ လူနည်းစုအရေး အပါအဝင် အားလုံး လိုအပ်ချက်တွေကို သူသာရွေးခံရရင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

"ဒီတစ်ယောက်က လူမျိုးခြား၊ ဒီတစ်ယောက်က ဘာသာခြား၊ ဒီတစ်ယောက်က လူနည်းစု ငါတို့က လူများစုလို့ ထင်ရပေမယ့် လူများစုလည်း သူတို့ရဲ့ တချို့ကိုယ်ပိုင်အခွင့်ရေးတွေ တင်းပြည့်ကျပ်ပြည့် မရသေးတာတွေ အများကြီး၊ ကျနော်တို့ လူမျိုးခြားဖြစ်တယ် ဘာသာခြားဖြစ်တယ် ဆိုတဲ့အပေါ်မှာ ရွေးကောက်ပွဲဝင်ပြိုင်တော့ ကျနော်တို့မှာ ကိုယ်စားပြုဆောင်ပုဒ်အနေနဲ့ လူနည်းစုအရေး ဆိုပြီး ခေါင်းစဉ်တပ်လိုက်ရတယ် ဆိုပေမယ့် လူထုက ကျနော့်ကို ရွေးကောက်တင်မြှောက်လိုက်လို့ရှိရင် ကျနော်တို့က မဲထည့်တဲ့လူရော၊ မထည့်တဲ့လူရော၊ အလုပ်ကျွေးပြုရမှာလေ၊ သူတို့ ဘာလိုအပ်ချက်ရှိလဲ၊ လူနည်းစုဆိုရင် မှတ်ပုံတင်လိုတယ်၊ ဝတ်ပြုဆောင် မရှိဘူး။ လူများစု ဆိုလို့ရှိရင်တော့ ဘယ်အရေးတွေ လိုတယ်၊ ဘယ်နေရာမှာ ဘာတွေ ဖောက်ချင်တယ်၊ ဘာတွေ ဆောက်ချင်တယ်ဆိုတာ အချက်အလက်တွေ အားလုံးကို လုပ်ပေးရမှာပေါ့။"

အရင်က ကွန်ပြူတာပြင်ဝန်ထမ်းဖြစ်ခဲ့သူ အသက် ၄၀ အရွယ် ဦးအောင်ကြီးဟာ  ကားအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပါတယ်။

ဦးအောင်ကြီးဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်တည်းက ပရဟိတအဖွဲ့ထူထောင်ပြီး စားနပ်ရိက္ခာအခက်အခဲရှိတဲ့နေရာတွေကို သွားရောက်လှူဒါန်းတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကာလမှာ  နိုင်ငံရေးပါတီကြီးတချို့ရဲ့ ဝန်းရံ၊ထောက်ခံသူတွေက လှည့်လည် မဲဆွယ်တာမျိုးတွေ လုပ်နိုင်ပေမယ့် သူတို့လို့ အင်အားနည်းတဲ့ နိုင်ငံရေးပါတီငယ်တွေက ကိုယ်စားလှယ်တွေအတွက်ကတော့  လူထုတွေ့ဆုံပွဲတွေ၊ မဲဆွယ်တာတွေ လုပ်ဖို့ အခြေအနေ မပေးပါဘူး။

"တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ခံစားနေရတဲ့ ကိုဗစ်ဆိုတဲ့ ရောဂါဆိုးကြီးကြောင့်ပေ့ါနော်၊ ပြည်သူလူထုနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံရတာ အခက်အခဲရှိတာပေါ့၊ သူများတွေကတော့ အင်တိုက်အားတိုက် စည်းရုံးရေးဆင်းနေတာ တွေ့နေရတယ်၊ ကျနော်တို့က ပါတီငယ်လေးလည်းဖြစ်တယ်၊ အင်အားမရှိတဲ့ ကိုယ်စားလှယ်လောင်း ဆိုတော့ ကျနော်တို့ရဲ့ ပုံရိပ်ကိုလည်း ပြည်သူလူထုက သိပ်မသိသေးဘူးလေဗျာ၊ မသိသေးတော ကျနော်တို့က ပြည်သူနဲ့ ပိုပြီး ထိတွေမှုလုပ်ရမှာ။ ခုတေ့ာ ကိုဗစ်ကြောင့်မလုပ်နိုင်တော့ ကိုဗစ်ဒဏ်ကို အလူးအလဲ အခံရဆုံးလို့ ပြောရမှာပေါ့နော်။"

ဦးအောင်ကြီးရဲ့ အမေဘက်က အဖွားဟာ ဗမာဗုဒ္ဓဘာသာဖြစ်ပြီး သူ့အနေနဲ့ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေနဲ့ ပတ်သက်ပြီး ရင်းနှီးတယ်လို့ ဆိုပါတယ်။

ခွဲခြားဆက်ဆံမှုတွေ မရှိတဲ့ နိုင်ငံရေးဖြစ်အောင် ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လိ့ု ဦးအောင်ကြီးက ဆိုပါတယ်။

"ဘာသာရေးကို စည်းကမ်းအတွက်၊ အထိန်းအကွပ်အတွက်၊ ငြိမ်းချမ်းဖို့အတွက် အသုံးချမယ်ဆိုရင် ဘာသာရေးက ငြိမ်းချမ်းတယ်၊ ဘာသာရေးကို အဓိကရုဏ်းအတွက် အသုံးချမယ်ဆိုရင်တော့ ငြိမ်းချမ်းမှုမရှိဘူး၊ အမြဲတမ်းရန်ဖြစ်မယ်၊ တိုက်ခိုက်နေတာနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်၊  မတူကွဲပြားဖို့ညှိဖို့ ကျနော်နဲ့တူတဲ့ လူငယ်တွေလူကြီးတွေ အများကြီး လိုအပ်တယ်၊ တစ်ယောက်ကောင်းနဲ့တော့ မရဘူး၊ အာလုံးကို တောင်းဆိုချင်တာက လူကို လူလိုပဲ မြင်ပေးကြပါ၊ အဲဒီအခါကျမှ ကျနော်တို့ တိုင်းပြည်က တိုးတက်မယ်၊ တကယ်လို့ လူကို လူလိုမမြင်ဘူးဆိုရင် ကြိုက်တဲ့ဘာသာဖြစ်ဖြစ်ပေါ့။ ဘာသာကိုပဲ တစ်ယူသန် အစွန်းရောက်သွားမယ်ဆိုရင် ကျနော်တို့ကို အသုံးချမယ့်သူတွေက တန်းစီစောင့်နေပါတယ်၊ အသုံးချခံရပြီဆိုရင် တိုင်းပြည်ကတော့ တိုးတက်ဖို့ နှောင့်နှေးသွားလိမ့်မယ် အခုလိုမျိုး။"

ပါတီကြီးတွေကို ထောက်ခံမှု အားကောင်းခဲ့တဲ့ သာကေတမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁ သိန်း ၇ သောင်းကျော် ရှိပြီး ဦးအောင်ကြီး ဝင်ရောက်ယှဉ်ပြိုင်မယ့်  မဲဆန္ဒနယ် အမှတ် (၁) မှာတော့ မဲပေးခွင့်ရှိသူ ၈၆၀၀၀ ကျော် ရှိပါတယ်။ ဒီအထဲမှာ လေးပုံတစ်ပုံ နီးပါးကတော့ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။

 https://www.rfa.org/burmese/program_2/muslim-candidate-aunggyi-dhrp-11062020045349.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.