Breaking

November 29, 2020

တပ်မဲရုံတွေ မဲပေးမှုကို ပြန်စစ်ဆေးနေတယ်လို့ တပ်မတော် ပြော


 ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တပ်ပြင်ပမဲရုံတွေမှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေ မဲပေးခဲ့ရတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တပ်မတော်က ပြောလိုက်ပါတယ်။

တပ်ပိုင်းဆိုင်ရာ ကိစ္စများကို လွတ်လပ်စွာစစ်ဆေးစီရင်ခွင့်ရှိတယ်ဆိုတဲ့ အချက်အရ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ NLD ဘက်က မှတ်ချက်ပေးပါတယ်။


တပ်ပြင်ပမဲရုံ ၂၀၀ကျော်မှာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့တဲ့အခြေအနေတွေကို စုံစမ်းနေပြီး ထုတ်ပြန်ဖို့လိုရင် ထုတ်ပြန်ပေးသွားမယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့ ဒီနေ့ နေပြည်တော် တပ်မတော် ခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ  ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောခဲ့တာပါ။


“တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တွေ့ရှိချက်တွေကို ရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်ဆိုပြီး ထုတ်ပြန်ခဲ့တာရှိတယ်။ ယခုလည်း ကျနော်တို့ တပ်မတော်သားများ ပြင်ပမဲရုံတွေမှာ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော် ရှိပါတယ်။ အဲ ၂၀၀ ကျော်တွေမှာတော့ ကျနော်တို့ အခြေအနေမှန်များ သိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတာ ရှိပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေက တွေ့ရှိချက်တွေကို ပြောသင့်တဲ့အချိန် ပြောသင့်တဲ့ အကြောင်းအရာ ပြောသင့်တဲ့ အချက်တွေ ရှိလာရင် အသိပေးပြောကြားသွားမှာ ဖြစ်ပါတယ်”


ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလွဲအမှားတွေအားလုံးကို အစိုးရက တာဝန်ယူရတာဖြစ်ပြီး ဖြစ်နေတဲ့ မှားယွင်းမှုလွဲချော်မှုတွေအရ အစိုးရကို ဝေဖန်တာလို့ ရွေးကောက်ပွဲမကျင်းပခင် တပ်မတော်က နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ ပြောထားပါတယ်။

မဲပေးတဲ့နေ့မှာ မဲမသမာမှုတွေရှိ၊မရှိဆိုတာကို တပ်ဘက်က စစ်ဆေးတာတွေ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောပါတယ်။

“ပြောရလို့ရှိရင်တော့လေ မရိုးသားတာ တစ်ခုခုကတော့ ဖြစ်သွားပြီလို့တော့ ကျနော်တို့ ပြောလို့တော့ရတယ် ခိုင်ခိုင်မာမာတော့ ပြောဖို့ခက်လိမ့်မယ် ဒါကြီးက သေချာသွားပြီပေါ့နော်၊ ဥပဒေဖောက်ဖျက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအချက်ဒီအလက်တွေကို တပ်မတော်ကနေပြီးတော့ ဒါကိုမေးနိုင်ပါတယ် မေးသင့်ပါတယ်”

တပ်မတော်ရဲ့ စုံစမ်းစစ် ဆေးမှုကိုကြိုဆိုကြောင်းနဲ့  USDP ပါတီဘက်က ပြောနေသလို စွပ်စွဲချက်တွေလိုမဖြစ်ဖို့လိုတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။

“ခြုံငုံပြောရလို့ရှိရင်တော့ UEC ရဲ့ အားနည်းချက်ကြောင့် ချို့ယွင်းချက်တွေ ရှိပေမယ့် တစ်ခုလုံး အနေနဲ့ ပြောလို့ရှိရင်တော့ လွတ်လပ်ပြီး တရားမျှတမှု ရှိတယ်လို့ ယျေဘုယျကောက်ချက် ချနိုင်ပါတယ်၊ ကျနော်တို့ တင်မဟုတ်ပါဘူး နိုင်ငံတကာကလည်း အဲလိုအသိအမှတ်ပြုထားပါတယ်။ ဒီလုပ်ငန်းက သူတို့အနေနဲ့ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု ပုံဖော်ဖို့အတွက် လေ့လာတယ် သုံးသပ်တယ်ဆိုရင် ကောင်းပါတယ် ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက လုပ်နေသလိုပေါ့ အထောက်အထားမရှိပဲနဲ့ သောင်းပြောင်းပြောဆို စွပ်စွဲပြီးတော့ NLD ကိုတိုက်ခိုက်နေတဲ့ ကိစ္စတွေကတော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းလုံခြုံစွာ အာဏာလွှဲပြောင်းရေးအတွက် အထောက်အကူမဖြစ်တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် အဲလမ်းကြောင်းမျိုးတော့ မလိုက်ဘူးလို့ ကျနော်ကတော့ မျှော်လင့်တဲ့အကြောင်း ပြောချင်တာပါပဲ”


၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူရဲ့ ရွေးချယ်မှုကိုလက်ခံမှာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲနေ့မှာ ပြောထားပြီး ဖြစ်ပါတယ်။

တပ်မတော်က စုံစမ်းစစ်ဆေးမှုတွေကို  မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်မယ်ဆိုရင် အငြင်းပွားစရာ၏မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဒီနေရာမှာသူတို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တစ်စုံတစ်ရာခွင့်ပြုချက် တောင်းခံလိမ့်မယ်တော့ ကျနော်တော့ မထင်ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စများကို လွတ်လပ်စွာစစ်ဆေးစီရင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဆိုတော့ သူကရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုအပိုင်းကို မထိပါးသရွေ့ကတော့ ဒါလုပ်ပိုင်ခွင့် ရှိတယ်လို့တော့ ပြောလို့ရပါတယ်။ လုပ်တဲ့ကိုင်တဲ့အခါမှာ ပြည်သူကို ဗဟိုပြုမယ် မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းတွေကို ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့က ဘာမှအငြင်းပွားစရာမရှိဘူးလို့ ပြောချင်ပါတယ်”

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကတော့ ရွေးကောက်ပွဲဥပဒေအရ UEC ကသာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စီမံခန့်ခွဲခွင့်ရှိတယ်လို့ ထောက်ပြပါတယ်။


“ရွေးကောက်ပွဲဥပဒေ မူဘောင်တွေ အားလုံးထဲမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စတွေကို စီမံခန့်ခွဲတာက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုပဲ အပ်နှင်းထားတာ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောတဲ့ဟာ ကျနော် သေချာနားမလည်ဘူး ရွေးကောက်ပွဲ ကော်မရှင်နဲ့ တပ်မတော်နဲ့ကြားထဲ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သလဲ မပြောတတ်ဘူး”


နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အများဆုံးတိုင်ကြားထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ ဒေါက်တာနန္ဒာလှမြင့်၊ ဦးသိန်းထွန်းဦး၊ ဒေါ်ယဉ်မင်းမြင့်ဆွေတို့ထံ RFA အနေနဲ့ ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။


တပ်မတော်ဘက်က တပ်ပြင်ပမဲရုံတွေမှာ မဲပေးခဲ့တဲ့ အခြေအနေတွေကို စစ်ဆေးနေတာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာရှိ၊ မရှိ သိရဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပို့ မေးမြန်းထားပေမယ့်လည်း တုံ့ပြန်ချက် မရသေးပါဘူး။


၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက လွှတ်တော်အမတ်နေရာ ၉၀၀ ကျော်နဲ့ အနိုင်ရရှိထားပြီး လာမယ့်အစိုးရသစ် ဖွဲ့စည်းခွင့်ကို ဒုတိယ အကြိမ် ရရှိသွားပြီဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/army-polling-stations-11272020055527.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.