Breaking

December 1, 2020

ကိုဗစ်ထိန်းချုပ်ရေး လူထုနဲ့ အာဏာပိုင် ၂ ခုလုံး တာဝန်ရှိတယ်လို့ ဝေဖန်နေကြ


 မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေ့သူနေ့စဉ် ၁ဝဝဝ ကျော်ရှိနေပြီး လူတချို့ကလည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အလေးအနက်မထားပဲ သွားလာနေကြတဲ့အတွက် အခြေအနေတွေကို ထိန်းသိမ်းရခက်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။


မြန်မာပြည်မှာ ကိုဗစ်- ၁၉ ဖြစ်ပွားသူကိုးသောင်းကျော်ကို တွေ့ရှိထားပြီး သေဆုံးသူက ၂ဝဝဝ နီးပါးရှိပါတယ်။ ဆရာဝန်တချို့ကတော့ လက်ရှိအခြေအနေထက်ပိုပြီး အလွန်အမင်းဆိုးလာမယ် မထင်ပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ လိုက်နာပူးပေါင်းမှုလိုတယ်လို့ ပြောပါတယ်။


ရန်ကုန်အနောက်ပိုင်းဆေးရုံက ဆရာဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာ နီလာသိန်းက မွန်းကြပ်နေတဲ့လူထုကို  ထိန်းသိမ်းဖို့အတွက် ဒေသခံ အာဏာပိုင်တွေမှာလည်း တာဝန်ရှိတယ်လို့ ပြောပါတယ်။


“မနေ့ကဆိုရင် ပံ့သကူကောက်တဲ့သူတွေနဲ့ ပစ်တဲ့သူတွေ နဲ့ လမ်းပေါ်မှာ၊ ကိုဗစ်ဆိုတာ အားလုံမေ့ကုန်ကြ တယ် ထင်တယ်။ တက္ကသိုလ်ထဲမှာလည်း ကြက်ပျံမကျတောင် ဖြစ်သွားတယ်ပေါ့နော်။ လူစုလူဝေးကို အဲလောက်ဘာလို့ ခွင့်ပြုလိုက်သလဲဆိုတာ အံ့သြတာပေါ့။ ဒီနေ့မနက်တော့ အကုန်လုံးကို ထိန်းချုပ်လိုက်ပြီလို့ သိရတယ်။  ဖြစ်သင့်တာက တက္ကသိုလ်ဝင်းထဲကို စပြီးဝင်လာကြပြီ ဆိုကတည်းက ဒါတွေကို တားဆီးမယ့်သူတွေ ရှိသင့်တာပေါ့နော်”


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိခင်နဲ့ အကိုဖြစ်သူကို ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် အကို ဆုံးပါးသွားခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးညိုအုန်းမြင့်ကတော့ ဒီရောဂါကို လူတွေ ပေါ့ဆနေကြတဲ့အတွက် အန္တရာယ်များလှတယ်လို့ ပြောပါတယ်။


“အကိုကြီးက ဆံပင်သွားညှပ်တယ်။ သူက ၇ လတိတိရှိပြီ အပြင်မထွက်တာ၊ ဒီတခေါက်ပဲ သူအပြင် ထွက်တာ။ ဒီတခေါက်မှာပဲ ကူးစက်ပြီး ဒီတခေါက်မှာပဲ ဆုံးသွားတယ်။  ပြည်သူတွေအနေနဲ့  ဒီ Covid 19 ကို မပေါ့ဆသင့်ဘူးထင်တယ်။ ကိုဗစ်ရောဂါ ဒီလူထုထဲ ပျံ့နှံ့နေတာ ကျနော်တို့လို ဆင်းရဲတဲ့တိုင်းပြည်တွေ အတွက် တချိန်ချိန်မှာ ဒုက္ခရောက်နိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို လိုက်နာရင်  ပိုပြီး လူတွေအသက်ကိုကယ်နိုင်မယ်လို့ ထင်တယ်။ မနေ့က ရန်ကုန်တက္ကသိုလ်က ရာပြည့်ပွဲ ဆိုရင် ကျင်းပတဲ့သူတွေက မလုပ်သင့်ဘူး။ လူထုရဲ့အသက်က ပိုအရေးကြီးလား ဒီပွဲလမ်းသဘင်တွေက ပိုအရေးကြီးလားဆိုတာ အာဏာပိုင်တွေဘက်က ပြန်ပြီး တွေးရမယ်။ ကျနော်တို့ ဗမာလူမျိုးတွေက ပွဲသိပ်ကြိုက်တာကိုး။  နောက်တခုက သိပ်မွန်းကြပ်တဲ့အခါကျတော့ အပြင်ထွက်တယ်။ အထူးသဖြင့် အသက်ငယ်တဲ့သူတွေ ကျန်းမာတဲ့သူတွေက မကြောက်သေးဘူးပေါ့နော်။”  


ရန်ကုန်တက္ကသိုလ်ဝန်းထဲကို လူအများအပြား သွားရောက်လည်ပတ်ခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်ဘက်က ပြောကြားချက်ကိုတော့ မသိရသေးပါဘူး။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်က ရာအိမ်စုမှူးဖြစ်တဲ့ အငြိမ်းစားအရာရှိဟောင်း ဒေါ်တင်တင်ဝင်းကလည်း လူတွေ စည်းကမ်းလိုက်နာမှုအားနည်းတာကို ဝေဖန်ထောက်ပြပါတယ်။


“စားသောက်ဆိုင်တွေမှာ ပါဆယ်ထုပ်ပြီး ရောင်းမယ်သာဆိုတယ်။ ပါဆယ်ထုပ်ပြီးရောင်းတာကနည်းနည်း ဆိုင်မှာထိုင်စားကြတယ်။ လမ်းထိပ်တွေမှာ လူစုံတဲ့နေရာတွေ ကားဂိတ်တွေမှာ Taxi stand တွေမှာ ရင်းရင်းနှီးနှီးပဲ လူတွေ ဖက်လဲတကင်းနေတာပဲ။ အဆိုးဆုံးက အရက်ဝိုင်းတွေပဲ။ ပြောလို့လဲမရဘူး။ လူ အများစု Mask တွေ တပ်လာတာတော့ တွေ့တယ်။ ဒါပေမယ့် မေးစေ့မှာချိတ်လာတာတို့  လုံးဝမတတ်တဲ့ သူတို့ ဒါတွေက တွေ့နေရတုန်းပဲ။ နောက်တခုက ကျမတို့ဆီမှာ လက်လွတ်စပယ် တံတွေးထွေးတယ်။  နှာချေရင် ချောင်းဆိုးရင် ပါးစပ်ကို မအုပ်ဘူး နှာခေါင်းကို မအုပ်ဘူး။ အဲဒါတွေက သတိထားပြီး ပြုပြင် ရမယ်လို့ ကျမမြင်တယ်”


ဒေါက်တာနီလာသိန်းက လက်ရှိမှာ လူထု ၃ မျိုးကိုတွေ့ရတယ်လို့ဆိုပါတယ်။

“တကယ်ကြောက်တဲ့ပြီး အိမ်ပြင်မထွက်ပဲ ကျန်းမာရေးလမ်းညွှန်ချက်ကို တိတိကျကျလိုက်နာတာ ၃ ပုံ ၁ ပုံ ပဲရှိတယ်။ ကျန်တဲ့ ၃ ပုံ ၁ ပုံကတော့ မဖြစ်မနေ အလုပ်တွေ ရုံးသွားရမယ့်သူတွေ ရှိတယ် ။ ခုဆိုရင် လမ်းပေါ်မှာ ဈေးရောင်းတဲ့သူ အမှိုက်တွန်းတဲ့သူ သူတို့တွေက ရှောင်လွှဲလို့မရဘူးလေ။ Mask တွေတော့ တပ်ကြတယ်။ နောက် ၃ ပုံ ၁ ပုံကတော့ အိမ်ထဲမှာ မွန်းကြပ်ပြီးတော့ ပိတ်လှောင်နေတာကို သည်းမခံနိုင်တဲ့ သူတွေပေါ့နော်၊ သူတို့က ဘယ်လိုမှ မနေနိုင်ဘူး နည်းနည်းလေးတော့ထွက်လိုက်ရမှဆိုတဲ့ သူတွေ”


ဒီအတောအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာက စာရင်းကောက်ယူနေပြီလို့သိရပါတယ်။

“လောလောဆယ် ကျမတို့ဆေးရုံမှာ တကယ်လုပ်မယ့် သူတွေကို စာရင်းတွေကောက်သွားပြီလေ။ ကျမတို့ဆေးရုံဆို ဝန်ထမ်း ၂ဝဝ ကျော်ရှိတယ်။ ဆေးရုံတိုင်း ဆေးရုံတိုင်းပေါ့။ ရန်ကုန်ဆေးရုံကြီးတို့ အရှေ့ပိုင်းဆေးရုံ တို့ အင်းစိန်ဆေးရုံ တို့ အကုန်လုံးစာရင်းယူသွားပြီ”

အဲဒီကျန်းမာရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေသူကို ဦးစားပေးပြီး လာမယ့် ဒီဇင်ဘာလနှောင်းပိုင်း သို့မဟုတ် ဇန်နဝါရီလဆန်းပိုင်းမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပေးဖို့ အစိုးရက စီစဉ်နေပြီး အဲဒီနောက်မှာ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ဦးစားပေး ထိုးနှံပေးမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေထံက သတင်းရပါတယ်။

https://www.rfa.org/burmese/program_2/public-gathering-and-controlling-of-covid-19-in-myanmar-11302020164955.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.