Breaking

November 28, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့ရေးကို တိတိကျကျ မဆုံးဖြတ်ရသေး


 သီဟထွန်း၊ သက်စုအောင်

2020-11-27

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၆၅ နှစ်ပြည့်မယ့် လာမယ့်၂၀၂၁ ခုနှစ်ထဲမှာ  ရာထူးကနေ အနားယူရေး မယူရေးဆိုတာဟာ  ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမယ့်ကိစ္စဖြစ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

လေ့လာသူတွေထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး လာမယ့်နှစ်ထဲ အနားယူနိုင်တယ်လို့ ယူဆသူ ရှိသလို နှစ်ကာလ အတန်ကြာ ဆက်လက် တာဝန်ယူသွားလိမ့်မယ်လို့ ခန့်မှန်းသူလည်း ရှိပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အသက် ၆၅ နှစ်ပြည့်တော့မှာဖြစ်လို့ ရာထူးကနေ အနားယူဖို့ ရှိ မရှိဆိုတာနဲ့၊ သူအနားယူရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် ဘယ်သူဖြစ်လာမလဲ၊ အစိုးရသစ်လက်ထက်မှာ တပ်မတော်အစုအဖွဲ့ကနေ ဘယ်သူ့ကို ဒုသမ္မတ တင်မြှောက်ဖို့ရှိလဲ စတဲ့မေးခွန်းတွေကို ဒီနေ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ရာထူးသက်တမ်း သတ်မှတ်ချက်နဲ့ ပတ်သက်ရင် ဥပဒေ၊ အမိန့် ထုတ်ပြန်ချက်တွေကို ကျော်လွန်ဆောင်ရွက်ဖို့ မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ ယခင်ကတည်းက အတိုင်းတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မီဒီယာများနဲ့ တွေ့ဆုံမေးမြန်းမှုတွေမှာ ဖြေကြားပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်လည်း သက်ဆိုင်ရာများ ပြဌာန်းပြီးဖြစ်ပါတယ်။ အဲဒီအချက် ၂ ချက်အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျော်လွန်ဆောင်ရွက်စရာ မရှိပါဘူး။ ကျတော်သိသလောက်ကတော့ အဲဒါနဲ့ ပတ်သက်ရင် ဒါသည် အမိန့်ဆိုတာလည်း ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ ဟာပဲဖြစ်ပါတယ် ဥပဒေသဘောမျိုးပါပဲ၊ ခုနပြောတဲ့အထဲမှာလည်းပါတယ် ဥပဒေကိုကျော်လွန်ပြီး ဆောင်ရွက်စရာ အကြောင်းမရှိပါဘူး။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့်ခဲ့ပေမယ့်၊ ကာကွယ်ရေးဝန်ကြီးဌာန ကောင်စီအမိန့်အရ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရာထူးသက်တမ်းကို အသက် ၆၀ ကနေ  ၆၅ နှစ်အထိ၊ နောက်ထပ်  ၅ နှစ်ထပ်တိုးလိုက်ကြောင်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဥပဒေတွေအတိုင်း လိုက်နာ ဆောင်ရွက်သွားမယ်လို့ ပြောပေမယ့် ဘယ်အချိန်မှာ ရာထူးကနေ အနားယူမယူဆိုတာနဲ့၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အသစ် ဘယ်သူ ဖြစ်လာမလဲဆိုတာကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အတိအကျ ဖြေကြားခြင်း မရှိပါဘူး။

တပ်မတော်ကနေ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူထားတဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ရာထူးကနေ နုတ်ထွက်မှာ မဟုတ်သေးဘဲ၊ အခြေအနေကို စောင့်ကြည့်ဦးမယ်လို့ သုံးသပ်ပါတယ်။

"လက်ရှိအနေအထားက ဝိုးတိုးဝါးတားဖြစ်သွားပြီလေ၊ ဆက်လွှဲမယ့် အစိုးရကလည်း NLD အစိုးရ ထပ်ဖြစ်ဖို့ အလားအလာရှိနေတာကလည်း NLD ပဲ၊  အဲတော့ ဒီအစိုးရကလည်း တပ်နဲ့ ပတ်သက်လို့ တပ်အပေါ်မှာ Friendly ရင်းရင်းနှီးနှီး ၊ Warmly ပေါ့နော် နွေးထွေးချစ်ခင်မှုမရှိဘူး၊ ဒါကြောင့် စစ်တပ်က အဲလူတွေပဲ အဲလိုပေါ့ စစ်တပ်အပေါ်မှာ ဆန့်ကျင်တဲ့ သူတွေပဲ တက်လာတာဖြစ်တဲ့ အတွက်ကြောင့်မလို့ အခြေအနေ စောင့်ကြည့်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကထွက်မှာ မဟုတ်သေးဘူး အခြေအနေ စောင့်ကြည့်ဦးမယ်၊ အခြေအနေ စောင့်ကြည့်ပြီးတော့မှ အနေအထားပေါ် မူတည်ပြီးတော့မှ သူထွက်ခွင့်ကို လုပ်လိမ့်မယ်၊ ခုလောလောဆယ်တော့ ထွက်မှာမဟုတ်သေးဘူးပေါ့နော်။"

သာဓကအနေနဲ့  နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နဝတ စစ်အစိုးရနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၁၉ နှစ်တိုင်တိုင် တာဝန်ယူခဲ့ပြီး၊  အသက် ၇၈ နှစ်အရွယ် ၂၀၁၁ ခုနှစ်ကျမှ အငြိမ်းစားယူခဲ့တာ ဖြစ်ပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တပ်မတော်အစိုးရ လက်ထက်နဲ့ လက်ရှိအခြေအနေ မတူတော့တဲ့အတွက်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရာထူးကအနေ  အနားယူဖို့ ဖြစ်နိုင်ခြေ ပိုများတယ်လို့ မှတ်ချက်ပေးပါတယ်။

" ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်တုန်းက ဒါတပ်မတော်အစိုးရ ပြီးတော့ သူတို့သည် အာဏာသိမ်းပြီး တက်လာခဲ့ရတဲ့အတွက်ကြောင့် အာဏာသိမ်းအစိုးရဖြစ်တဲ့ အတွက်ကြောင့် အာဏာသုံးရပ်ပေါ့၊ ကျတော်တို့ ရှိတဲ့ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဒီမဏ္ဍိုင် ၃ ခုလုံးဟာ အစိုးရတစ်ရပ်ရဲ့ လက်ထဲမှာပဲ ကိုင်ထားတဲ့အတွက်ကြောင့် အခြေအနေပေါ်မူတည်ပြီး  Extension ( သက်တမ်းတိုး ) ဆွဲရတာ ဒါပြဿနာမရှိဘူး သူ့အနေအထားအရ။ အရပ်သားအစိုးရ နှစ်ဆက်ဖြစ်သွားပြီ အဲလိုအခြေအနေမျိုးမှာ ဟိုးတုန်းက ဒီအာဏာသိမ်း အစိုးရပုံစံမျိုး  Extension ( သက်တမ်းတိုး ) ဆက်တိုက်တိုးရမယ်ဆိုတဲ့ အခြေအနေက အဆင်မပြေနိုင်ဘူး၊ ဖြစ်လည်းမဖြစ်နိုင်ဘူး၊ နောက်တစ်ချက်က အခုလက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေအရလည်း ဒီလိုမျိုး Extension တိုးဖို့အတွက် ဆိုတာသည် သူ့မှာ ကြားထဲမှာ ဥပဒေနဲ့ ညီအောင် လုပ်ဆောင်ရမယ့်ကိစ္စရပ်တွေ အများကြီး ဖြစ်တယ် "

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ်က ဘယ်သူပဲဖြစ်စေ အစိုးရသစ်နဲ့ ဆက်ဆံရေး ဆိုးရွားမယ့် အလားအလာကို မတွေ့ရဘဲ၊  ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက်အကူပြုနိုင်တဲ့ သူဖြစ်မယ်လို့ ယူဆတယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။

ရွေးကောက်ပွဲ အပြီး ရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် မိုင်းဆတ်မှာ  UWSA "ဝ" က ခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံပြီး NCA လမ်းကြောင်း အတိုင်းလိုက်ဖို့ တိုက်တွန်းတာတွေ၊ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်တဲ့ ရခိုင်မှာရွေးကောက်ပွဲကျင်းပဖို့ တိုက်တွန်းချက်ကို ကြိုဆိုတာတွေက၊  ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထား ပျော့ပြောင်းလာတယ်၊ အကောင်းဘက်ကို ဦးတည်လာတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ငြိမ်းချမ်းရေးခိုင်မာအောင် ဆောင်ရွက်သူအဖြစ်၊ နာမည်ကောင်းယူပြီး နိုင်ငံရေးကနေ အနားယူဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

"ကူးပြောင်းနိုင်တဲ့ နိုင်ငံရေး စင်မြင့်ကတော့ အခုက တော်တော်လေး အားနည်း ပြိုကွဲနေတဲ့အခါကြတော့ နိုင်ငံရေးလမ်းကြောင်းထဲကို တပ်ချုပ်အနေနဲ့ ဆက်သွားမယ့် ပုံစံ သိပ်မရှိပါဘူး၊ သူဘယ်လမ်းကြောင်း သွားမလဲဆိုရင် အခုနောက် ကျန်တဲ့ပင်စင်မယူခင် နှစ်ပိုင်းအတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သူဟာ အဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် သူက အားကြိုးမာန်တက် လုပ်ခဲ့တယ်ဆိုတဲ့ နာမည်ကောင်းတစ်ခုတော့ ယူသွားလိမ့်မယ်လို့ ထင်ပါတယ်"

လာမယ့် ၂၀၂၁ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနားယူမယူ အများက စိတ်ဝင်စားနေသလို၊ မကြာခင် အသစ်ဖွဲ့စည်းမယ့် အစိုးရသစ်မှာလည်း တပ်မတော် အစုအဖွဲ့က တင်သွင်းမယ့် ဒုသမ္မတ ဘယ်သူ ဖြစ်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ၊ တပ်မတော်သားအစုအဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမယ့် ဒုသမ္မတဟာ၊ လောလောဆယ် နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ အနိုင်ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဖြစ်နိုင်ချေရှိတယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။

အလားတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူမယ်ဆိုရင် တပ်တွင်း စည်းကမ်းတွေအရ လက်ရှိ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အသစ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီနေ့သတင်းစာရှင်းပွဲမှာ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ၊ မယူဆိုတဲ့ကိစ္စအပြင်၊ ငြိမ်းချမ်းရေးကိစ္စနဲ့ ရခိုင်နဲ့ရှမ်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိ၊ မရှိဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင့်ပြည်နယ်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုကြောင်း ထုတ်ပြန်ထားပေမယ့်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တပ်မတော်ဘက်ကို ညှိနှိုင်းတာတွေ၊ တပ်မတော်ဘက်ကလည်း ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတာတွေ မရှိသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင်  နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိ တပ်မတော်ရဲ့ သဘောထားကို မေးမြန်းရာမှာ တိတိကျကျ ဖြေကြားမှုမရှိပဲ ရွေးကောက်ပွဲ မတိုင်မီ အခြေအနေ၊ ရွေးကောက်ပွဲနေ့ အခြေအနေနဲ့ ရွေးကောက်ပွဲ အပြီးနောက်ပိုင်း ဆောင်ရွက်တဲ့ အခြေအနေတွေကို စောင့်ကြည့်ရမှာဖြစ်တယ်လို့သာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်သားတွေ တပ်ပြင်ပထွက်ပြီး ဆန္ဒမဲပေးခဲ့ကြတဲ့ မြို့နယ်ပေါင်း ၂၀၀ကျော်မှာ ရွေးကောက်ပွဲနေ့ အခြေအနေကို ပြန်စစ်ဆေးနေပြီး၊  ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထားကို ထုတ်ပြန်အသိပေးသွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသွားပါတယ်။

 https://www.rfa.org/burmese/news/min-aung-hlaing-pension-11272020044721.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.