Breaking

November 27, 2020

USDP ပါတီက ရွေးကောက်ပွဲဆိုင်ရာ မသမာမှု တစ်ထောင်ကျော် UEC ထံ တိုင်ကြားထား

 2020-11-26


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ကို  ၂၀၂၀ နိုဝင်ဘာ ၂၆ ရက်နေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ကို ၂၀၂၀ နိုဝင်ဘာ ၂၆ ရက်နေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: USDP's FB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ မသမာမှု တစ်ထောင်ကျော်ကို ပြန်လည်စီစစ်ပေးမယ်ဆိုရင် USDP ရဲ့ ရွေးကောက်ပွဲရလဒ်က ပြောင်းလဲလာနိုင်မယ်လို့ထင်ကြောင်း USDP ပါတီခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

ဒီနေ ရန်ကုန်မြို့ မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက UEC ထံ ၁၀၄၂ မှု တိုင်ကြားထားသလို ရဲအရေးပိုင်တဲ့အမှုတွေကို သက်ဆိုင်ရာရဲစခန်းတွေမှာလည်း ၁၂၆ မှု တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာ တရားမျှတမှုမရှိတာတွေ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေကို အသိပေးတာ ဖြစ်ပြီး ရလဒ်ပြောင်းလဲခြင်းရှိ မရှိက ဆုံးဖြတ်တဲ့သူပေါ်မူတည်ပြီး သမာသမတ်ရှိရှိ ဆုံးဖြတ်မယ်ဆိုရင် ရလဒ် ပြောင်းနိုင်တယ်လို့ ဦးခင်ရီက ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ USDP ပါတီက ပြည်ထောင်စုလွှတ်တော်မှာ ၃၃ နေရာသာ အနိုင်ရရှိထားပြီး တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ ၃၈ နေရာသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ၈ နေရာနဲ့ တိုင်းနေရာကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ၃၆ နေရာကို လက်လွှတ် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

USDP ပါတီအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံတယ်လို့ ပြောကြားထားပေမယ့် UEC ရဲ့ တရားမျှတမှု မရှိတာတွေ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးဖို့ တောင်းဆိုထား ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ ရွေးကောက်ပွဲ တရားမမျှတဘူးဆိုတာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဖြစ်တယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
-----------
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.