Breaking

November 6, 2020

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ- မဲရေတွက်မှုတချို့အတွက် ထရမ့်ဘက်က တရားစွဲဆို


ဂျိုးဘိုင်ဒန်
ဓာတ်ပုံ ပုံစာ,

ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အသာရနေပြီ၊ ဦးဆောင်နေပြီလို့ ဒေါ်နယ်ထရမ့်ကော ဂျိုးဘိုင်ဒန်ကော နှစ်ဦးလုံးက ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်အဖြေဟာ ထွက်မလာသေးဘဲ အကြိတ်အနယ် ယှဉ်ပြိုင်နေရဆဲ ဖြစ်သလို တရားရုံးတင် တိုင်ကြားတာတွေ လုပ်ဖို့ နှစ်ဖက်လုံးက ဟန်ပြင်နေပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အဓိကကျတဲ့ ပြည်နယ်တွေဖြစ်တဲ့ ဝစ္စကွန်ဆင်၊ ဂျော်ဂျီယာ၊ ပင်ဆယ်လ်ဗေးနီးယားနဲ့ မစ်ရှီဂန် တို့မှာ မဲရေတွက်မှုတွေနဲ့ ပတ်သက်လို့ ထရမ့်မဲဆွယ်ရေးအဖွဲ့က စောဒက တက်နေပါတယ်။

မစ်ရှီဂန်ပြည်နယ်မှာ မစ္စတာ ဘိုင်ဒန် အနိုင်ရတယ်လို့ ဘီဘီစီက တွက်ဆပါတယ်။

ဝစ္စကွန်ဆင်မှာလည်း မစ္စတာဘိုင်ဒန် အနိုင်ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာတော့ ရွေးကောက်ပွဲရလဒ် အခုအချိန်ထိ ထွက်မလာသေးပါဘူး။

အမေရိကန် အရှေ့မြောက်ပိုင်း အဲဒီ ပြည်နယ်သုံးခုလုံးမှာ မစ္စတာ ဘိုင်ဒန် အနိုင်ရမယ်ဆိုရင် သူ သမ္မတ ဖြစ်လာမှာပါ။

ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ ကြေညာတာမျိုး မဟုတ်ပေမယ့် ရီပတ်ဘလီကန်ပါတီက သူ့ပြိုင်ဘက် မစ္စတာ ထရမ့်ကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က ပြောပါတယ်။

အင်္ဂါနေ့တုန်းက ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြတဲ့ ပြည်သူစုစုပေါင်းဟာ နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံး ဖြစ်ပြီး ၆၆.၉ ရာခိုင်နှုန်းရှိတယ်လို့ အမေရိကန်ရွေးကောက်ပွဲစီမံကိန်း အဖွဲ့ကြီးက ခန့်မှန်းပါတယ်။

မစ္စတာဘိုင်ဒန်ဟာ မဲဆန္ဒရှင် ပြည်သူ ၇၀.၅ သန်းရဲ့ ထောက်ခံမှုကို ရခဲ့ပါတယ်။

ဒါဟာ သမ္မတလောင်းတွေထဲမှာ ထောက်ခံမဲ အများဆုံး ရတာလည်း ဖြစ်ပါတယ်။

မစ္စတာ ထရမ့်ကတော့ ၆၇.၂ သန်း ထောက်ခံမဲ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ သူရခဲ့တဲ့ ထောက်ခံမဲထက် ၄ သန်း ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒီရွေးကောက်ပွဲကြီးကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အဓိက လွှမ်းမိုးထားခဲ့ပါတယ်။

အမေရိကန်တလွှားမှာ ဗုဒ္ဓဟူးနေ့တနေ့တည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၁၀၃,၀၀၀ ကျော် စံချိန်တင် တွေ့ရှိခဲ့တယ်လို့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ခြေရာခံလိုက်နေတဲ့ အဖွဲ့ကြီးက ထောက်ပြပါတယ်။

 https://www.bbc.com/burmese/world-54834259

No comments:

Post a Comment

Note: Only a member of this blog may post a comment.