Breaking

November 3, 2020

ဦးဝီရသူကို အင်းစိန်အကျဉ်းထောင်ပို့

 2020-11-03


လာအဖမ်းခံတဲ့ ဦးဝီရသူ ကို ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ  ၂၀၂၀၊ နိုဝင်ဘာ ၂ ရက်နေ့က တွေ့ရစဉ်
လာအဖမ်းခံတဲ့ ဦးဝီရသူ ကို ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ ၂၀၂၀၊ နိုဝင်ဘာ ၂ ရက်နေ့က တွေ့ရစဉ်    Photo: Aung Thain Kha/ RFA

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့တရားစွဲခံထားရတဲ့ ဦးဝီရသူကို ရဲတပ်ဖွဲ့က အင်းစိန်အကျဉ်း ထောင်ကို ဒီနေ့ ပို့ဆောင်လိုက်ပါပြီ။

လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ လမ်းမတော်မြို့နယ်၊ အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဦးဝီရသူကို Video Conferencing စနစ်နဲ့ ရမန်ယူခဲ့တာဖြစ်ပြီး လူပုဂ္ဂိုလ် ၅၀ လောက်က ဦးဝီရသူကို လာရောက်ဝန်းရံခဲ့ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က ဦးဝီရသူက လမ်းမတော်မြို့နယ်က၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

ဦးဝီရသူဟာ နိုင်ငံတော်အကြီးအကဲတွေအပေါ်  မဖွယ်မရာစကားလုံးတွေ သုံးနှုန်းပြောဆိုတယ်၊ တရားရေးနဲ့ အုပ်ချုပ်ရေး စတဲ့ကဏ္ဍတွေက တာဝန်ရှိသူတွေအပေါ် အကြည်ညိုပျက်အောင် ပြောဆိုတယ်လို့ ရန်ကုန်အနောက် ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက စွပ်စွဲပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ ခရိုင်တရားရုံးမှာ ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီပုဒ်မနဲ့ ပြစ်မှုထင်ရှားမယ်ဆိုရင် ချမှတ်နိုင်တဲ့အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့  ဒီကနေ့ နေ့လယ်ပိုင်းမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဝိစိတ္တာဘိဝံသ(ခ) ဦးဝီရသူ နဲ့ စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် ရှင်းလင်းဖော်ပြခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေညာချက်တစ်စောင်ကို ဝန်ကြီးဌာနရဲ့  အွန်လိုင်းစာမျက်နှာတွေကနေ ထုတ်ပြန်လိုက်ပါတယ်။

တရားစွဲခံနေရတဲ့ ဦးဝီရသူကို   တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်ပြီးချိန်မှ  ဓမ္မစက်နဲ့ ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

မနေ့က  ဦးဝီရသူအပါအဝင် သံဃာ ၂၅ ပါးခန့်နဲ့ လူပုဂ္ဂိုလ်တချို့က ရန်ကုန်၊ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကို ရောက်ရှိလာပြီး  နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများကို  ဖူးမြော်ခွင့်တောင်းရာမျာ ဂိတ်တာဝန်ခံက ဝါကျွတ်ပြီဖြစ်လို့ ဆရာတော်ကြီးများ သက်ဆိုင်ရာဒေသတွေကို  ပြန်လည်ကြွရောက်သွားကြပြီဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ လာရောက် အဖမ်းခံခြင်းမရှိဘဲ   ရွေးကောက်ပွဲကျင်းပဖို့ ငါးရက်ပဲ လိုတော့တဲ့အချိန်မှ လာရောက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။  

မနေ့က အဖမ်းမခံခင်မှာ ဦးဝီရသူက ရွေးကောက်ပွဲနေ့မတိုင်ခင် လာရောက်အဖမ်းခံတာဖြစ်ပြီး  အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ့် အဖွဲ့အစည်းနဲ့ ကိုယ်စားလှယ်တွေကို မဲပေးဖို့ သူ့ကို ထောက်ခံသူတွေကို မှာကြားသွားပါတယ်။

ဒီကနေ့မှာတော့  မန္တလေးမြို့က နေရာငါးခုမှာ အမျိုးဘာသာ သာသနာစောင့်ရှောက်သူကို မဲပေးဖို့ဆိုတဲ့ စတစ်ကာကပ်တဲ့ လှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။   

လှုပ်ရှားမှု ဦးဆောင်သူ နှစ်ယောက်ကို အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်း တာဝန်ရှိသူတွေက မနက် ၁၀ နာရီကျော်မှာ ဖမ်းဆီးလိုက်ပါတယ်။

ထိန်းသိမ်းခံရသူတွေက တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်နဲ့ ဦးနိုင် ဆိုသူတို့ဖြစ်ပြီး ဦးနိုင်က သူတို့ လှုပ်ရှားမှုဟာ ဦးဝီရသူ ဖမ်းဆီးခံရတာနဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။  

ဒီနေ့ပွဲကို ဦးဆောင်လုပ်သူတွေထဲမှာ အစိုးရက ဖျက်သိမ်းထားတဲ့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူများ အဖွဲ့ အဖွဲ့ဝင်တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

 https://www.rfa.org/burmese/news/wirathu-was-sent-to-innsein-prison-11032020005102.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.