Breaking

December 11, 2020

မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး


 စ်နှစ်နီးပါးကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ရဲ့ နှစ်ဖက် ကိုယ်စားလှယ်တွေဟာ ဒီဇင်ဘာလ ၉ ရက်နေ့က UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့မှာ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ RFA ကို အခုလို အတည်ပြုပြောဆိုပါတယ်။

“မနေ့က ပန်ဆန်းမှာ မြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်ကိုယ်စားလှယ် အဖွဲ့တွေ တစ်နာရီနီးပါးကြာ ဆွေးနွေးခဲ့တယ်။ အဓိကဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာတွေ ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိစ္စကို သေချာအောင် လုပ်ဆောင်နိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်။ နောက်ထပ်ဆွေးနွေးပွဲတွေလဲ မကြာခင်မှာ ဆက်ပြီးဆောင်ရွက်သွားနိုင်ခြေရှိတယ်”လို့လည်း သူက ဆိုပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့အတည်ပြုချက်နဲ့ ဘာတွေဆွေးနွေးလဲဆိုတာ သိရဖို့ တပ်မတော်ဘက်ကို ဒီနေ့ညနေထိ ဆက်သွယ်လို့မရသေးပါဘူး။

ဒါပေမဲ့ RFA က စုံစမ်းသိရှိရသလောက် မြန်မာ့တပ်မတော်ဘက်က ဒုတိယစစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်တိုးရီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ AA ရခိုင့်တပ်တော်ဘက်က ဗိုလ်မှူးချုပ် ညိုထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်တယ်လို့ သိရပါတယ်။

"ဝ" ပြည်သွေးစည်းညီညွတ်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းမြို့မှာ ဒီဇင်ဘာ ၉ ရက် နေ့က တွေ့ဆုံခဲ့ကြတာ မှန်ကန်ပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းကို မေးဖို့ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်တဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အနေနဲ့ ဘုံသဘောတူညီချက်ကနေပဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“အရင်ကတည်းက AA နဲ့ရော ကိုးကန့်ဘက်တွေရော ကမ်းလှမ်းမှုတွေ ရှိတယ်။ အဲလိုမျိုးတွေ့ဆုံမယ် ဆိုရင်တော့ တဖွဲ့ချင်း တွေ့ဆုံလို့ရတယ်။ အဓိကတော့ ငြိမ်းချမ်းရေးအမြန်ဖြစ်ဖို့ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်း မပျောက်ဘူးပေါ့ဗျာ။ အဲဒါကြောင့် တစ်ဖွဲ့ချင်းတွေ့ဆုံမယ်။ တွေ့ဆုံပေမယ့်လဲ ကျနော်တို့ ဘုံသဘောထားမပျောက်ဘူးပေါ့နော်။ အဲလိုမျိုး သဘောတူထားတယ်ပေါ့ ”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲမှာ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KIO/KIA၊ ရခိုင့်တပ်တော် AA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ ပါဝင်ပါတယ်။ ဒါကြောင့် မဟာမိတ်အဖွဲ့ဖြစ်တဲ့ KIO/ KIA ကိုမေးကြည့်တဲ့အခါ သူတို့အနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးဖို့အတွက် နောက်တက်လာမယ့် အစိုးရရဲ့ သဘောထားပေါ် မှာ မူတည်နေတယ်လို့ KIA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ကျနော်တို့ကတော့ နဂိုအတိုင်းပဲ ဖြစ်မှာပါ။ NCA လဲ မထိုးဘူးလို့ ကျနော်တို့ မပြောဘူး။ ထိုးမှာဖြစ်ပါ တယ်။ဒါပေမဲ့ ကျနော်တို့ပြောပြောနေတဲ့ ပြည့်စုံမှုမရှိသေးတာကို ဖြည့်စွက်ပြီးမှ အဆင်ပြေလို့ရှိရင် ထိုးမှာပါ။ အဲဒီကိစ္စတွေ အားလုံးက အခုတက်လာမယ့်အစိုးရက ဘယ်လိုစီစဉ်မယ်ဆိုတာလဲ ကျနော်တို့ ဘာမှမကြားသိရပါဘူး။ ဒါကြောင့် ကျနော်တို့ ပြတ်ပြတ်သားသားပြောဖို့ကတော့ စောပါသေးတယ် ”

အခုလို မြန်မာ့တပ်မတော်နဲ့ AA တို့တွေ့ဆုံဆွေးနွေးကြတာနဲ့ ပတ်သက်လို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ .....

“မြောက်ပိုင်းလေးဖွဲ့နဲ့ ဆွေးနွေးလက်စရှိတယ်။ ပေါ်လစီသစ်တောင် ပြောင်းဖို့မလိုဘူး။ သူတို့နဲ့ ပဏာမ အပစ်အခတ်ရပ်စဲဖို့ သဘောတူစာချုပ် ညှိနှိုင်းနေတာ ရှိတဲ့အတွက် အဲဒါဆက်ပြီး ကျနော်တို့ ညှိနေမှာပဲ။ တွေ့ဆုံဖို့ကတော့ လာမယ့်ရက်သတ္တပတ်တွေမှာလဲ ဖြစ်နိုင်ပါတယ်။ ဒါကတော့ နှစ်ဖက်ညှိရမှာပေါ့”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့က မုံရွာအောင်ရှင်ကလည်း အပစ်အခတ် ရပ်ရင် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဖြစ်လို့ ကြိုဆိုတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတယ်။ ညှိနှိုင်းကြတယ်ဆိုတာက ကျနော်တို့ NLD အနေနဲ့တင် မကပါဘူး။ ပြည်သူလူထုရော အားလုံးပေါ့လေ ဘယ်နိုင်ငံရေးပါတီဖြစ်ဖြစ် ကြိုဆိုရမယ့်ကိစ္စပါပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုတဲ့နေရာမှာ ကျနော်တို့က ပထမဆုံးလုပ်ရမှာက အပစ်အခတ်ရပ်စဲရေးပဲလေ။ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်တွေ ရှိကြပြီဆိုရင်ကတော့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ဖြစ်မယ်လို့ပဲ ပြောချင်ပါတယ်”

မြန်မာ့တပ်မတော်ကကိုယ်စားလှယ်နဲ့ AA အဖွဲ့က ကိုယ်စားလှယ်တို့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းကနေတဆင့် အရင်ဆုံးဆွေးနွေးခဲ့ကြပြီး၊ အခုတော့ ပထမဆုံးအနေနဲ့ လူပုဂ္ဂိုလ်ချင်းတွေ့ဆုံ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

https://www.rfa.org/burmese/news/myanmar-military-and-aa-meets-for-the-first-time12102020092450.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.