Breaking

December 1, 2020

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေရဲ့ အမြင် စုစည်းတင်ပြချက်


 

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြမ်းဖက်မှုတွေ ပိုများခဲ့ပြီး ၂၀၁၅ တုန်းကအခြေအနေနဲ့ ကွဲလွဲခဲ့တယ်လို့ ရွေးကောက်ပွဲလေ့လာသူတွေက သုံးသပ်ကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကာလထဲမှာ ကျင်းပရတာကြောင့် တရားဝင် မဲဆွယ်စည်းရုံးတာမျိုးတွေမှာ ကန့်သတ်ချက်တွေရှိခဲ့သလို တစ်ပါတီနဲ့ တစ်ပါတီ အပြိုင်အဆိုင် အင်အားပြ မဲဆွယ်တာတွေမှာ တစ်ဘက်နဲ့ တစ်ဘက် ပဋိပက္ခဖြစ်တာတွေရှိပြီး လူသေလောက်တဲ့အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။

အခုတစ်ကြိမ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပဋိပက္ခပိုများခဲ့ပြီး အကြမ်းဖက်တာတွေ၊ ကိုယ်စားလှယ်တွေ အဖမ်းခံရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ရွေးကောက်ပွဲစောင့်ကြည်နေတဲ့ ဖန်တီးအိမ်အဖွဲ့က ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောပါတယ်။

"ကမ်ပိန်းကာလကတော့ ၂၀၁၅ ထက်ကို ပိုပြီးပြင်းထန်တယ်၊ အငြင်းပွားမှုတွေ လူသေတဲ့အထိ တိုက်ခိုက်မှုတွေ ဖြစ်တယ်၊ ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံရတာမျိုးတွေ ရှိခဲ့တယ်၊ နောက် ကမ်ပိန်း ကာလမှာပဲ လက်နက်ကိုင်အဖွဲ့တွေက မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲမှာ ဘယ်သူတွေကို မဲထည့်သင့်တယ် ပြောတယ်ဆိုတာမျိုးတွေက လွတ်လပ်မှုကို အဟန့်အတားဖြစ်စေတာပေါ့၊ ကိုယ်စား လှယ်လောင်းတွေ အဖမ်းခံရတာလည်း ရွေးကောက်ပွဲနေ့အထိ မလွတ်မြောက်တဲ့အတွက် ကမ်ပိန်းကာလကတော့ ၂၀၁၅ ထက်စာရင် ပိုပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ အကြမ်းဖက်မှုတွေရှိတယ်။"

တိုင်းရင်းသားရေးရာဝန်ကြီးနေရာယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခွင့်မရတာကလွဲပြီး ရွေးကောက်ပွဲနေ့မှာတော့ ၂၀၁၅ ထက် ပြဿနာတွေပိုနည်းပြီး ပယ်မဲဖြစ်တာ ၊ မဲစာရင်းမပါတာမျိုးတွေက အနည်းငယ်လောက်သာရှိခဲ့တယ်လို့ ပြောပါတယ်။ ကြိုတင်မဲတွေ ပေးခဲ့တာတွေကြောင့် မဲရုံတွေမှာ ဝန်ထုပ်ဝန်ပိုးနည်းသွားတာမျိုးတွေ တွေ့ရတယ်လို့လည်း ဒေါ်ခင်လေးငယ် က ပြောပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာ ပြဿနာတွေ နည်းသွားတယ်ဆိုတဲ့အပေါ်  အမြင်မတူသူက New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာသင်းပါ။

ရွေးကောက်ပွဲနေ့မှာ ကြိုတင်မဲကိစ္စတွေကြောင့်  ၂၀၁၅ ထက်ပြဿနာတွေ ပိုများခဲ့ပြီး နောက်ပိုင်းမှာလည်း ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်တာတွေရှိနိုင်ဦးမယ်လို့ ဒေါ်မြနန္ဒသင်း က သုံးသပ်ပါတယ်။

"နည်းနည်းလေးတော့ပိုများတယ်လို့ တွေ့ရတယ်၊ ကျမတို့က တစ်နိုင်ငံလုံး  လုံးပေါင်းအနေနဲ့ မတွေ့ရသေးလို့လေ၊ ဥပမာအားဖြင့် ကြိုတင်မဲဆိုရင်လည်း ဒီဟာက ခိုင်လုံမဲဖြစ်တယ်၊ ပယ်မယ်ဖြစ်တယ် ဆိုတာကို ယူဆချက်တွေ အမျိုးမျိုးရှိကြတယ်၊ နောက်ပိုင်းကျ ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်း လိုက်တာမျိုး ရှိတယ်၊ ဥပမာ စာအိတ်တွေမပိတ်ရင် ခိုင်လုံမဲဖြစ်မှာလား၊ ပယ်မဲဖြစ်မှာလား၊ ဒါမှ မဟုတ်ရင်ကော မဲရုံမှူးရဲ့တံဆိပ်မပါရင်ရော စသဖြင့် အဲလိုမျိုးအခြေအနေတွေပေါ်မှာ ကော်မရှင်ဘက်က အချိန်မှီထုတ်ပြန်ချက်တော့ရှိခဲ့တယ်၊ ဒါပေမဲ့ ကျမထင်တာက ရွေးကောက်ပွဲရလဒ်တွေ အပြီးမှာတော့ တချို့သော ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့ ကန့်ကွက်မှုတွေ ရှိနေအုန်းမယ်ထင်တယ်။"

New Myanmar Foundation နဲ့ EEOP ရွေးကောက်ပွဲပညာပေးရေးနဲ့ လေ့လာရေး မိတ်ဖက်များအဖွဲ့ ဟာ လူအင်အား ၁၀၀၀ ကျော်နဲ့ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲအခြေအနေတွေကို စောင့်ကြည့်လေ့လာခဲ့တယ် လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲစောင့်ကြည်လေ့လာရေးကွန်ရက်အဖွဲ့က ဒေါ်အေးသန္တာကလည်း ဒီရွေးကောက်ပွဲ လုပ်ဖို့ ကြေညာပြီးကတည်းက နိုင်ငံရေးပါတီတွေဟာ လွတ်လပ်စွာ မဲဆွယ်ခွင့်မရတာကြောင့် လုံးဝ လွတ်လပ်မျှတ တဲ့ ရွေးကောက်ပွဲလို့ ပြောလို့မရကြောင်း ဒီနေ့ ရွေးကောက်ပွဲတွေ့ရှိချက် သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ ကြိုတင်မဲကောက်ယူရာ မဲပုံးတွေထိန်းသိမ်းရာမှာ အားနည်းချက်တွေရှိပြီး ကြိုတင်မဲတွေ စီမံခန့်ခွဲမှုတွေမှာလည်း အားနည်းချက်တွေတယ်လို့လည်း ဒေါ်အေးသန္တာက ထည့်သွင်းပြောသွားပါတယ်။

မဲဆန္ဒရှင်စာရင်းမှာ မပါလို့မဲမပေးရဘဲ ပြန်သွားရတဲ့ မဲဆန္ဒရှင်တွေ ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အဖွဲ့ရဲ့အမှုဆောင်ညွှန်ကြားရေးမှုး စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲကို ဂျပန်အစိုးရ ကိုယ်စားလှယ်တွေလည်း လာရောက် လေ့လာခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိပြီး တိကျန်မှန်ကန်တယ်လို့ ဂျပန်သံရုံးက ဒီနေ့ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လေ့လာရေးအဖွဲ့ကို ဦးဆောင်လာတဲ့ မစ္စတာ ရိုဟေး ဆာဆာကာဝါ (Mr SA SA KA WA) က ပြောပါတယ်။

“ကျနော်တွေ့ဆုံမေးမြန်းခဲ့ရာမှာ တချို့က မနေ့ကတည်းက အရမ်းကို စိတ်လှုပ်ရှားနေခဲ့ကြပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ ကိုယ်ထည့်တဲ့ မဲ တစ်မဲ နဲ့ နိုင်ငံတော်ကို ပြောင်းလဲသွားအောင် ပြုလုပ်နိုင်ပါတယ် ဆိုပြီးတော့လည်း ဖြေကြားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ သူတို့ဟာ ကိုယ်ထည့်တဲ့ မဲတစ်ပြားနဲ့ နိုင်ငံတော်ကို ပြောင်းလဲသွားမယ်ဆိုတာကို လေ့လာထားတယ်ဆိုတာ ကျနော် တွေ့ရှိရပါတယ်။ ယခု တစ်ကြိမ် ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံတကာက ဝေဖန်မှုတွေလည်း အနည်းအကျဉ်း ရှိခဲ့ပါလိမ့်မယ်။ ယခု ရွေးကောက်ပွဲဟာ နိုင်ငံတကာ အနေနဲ့  မြန်မာနိုင်ငံမှာ အခုတစ်ကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတ ပြီး တိကျမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အားလုံးက အသိအမှတ်ပြုမယ်လို့ ကျနော်ထင်ပါတယ်။"

မစ္စတာ ရိုဟေး ဆာဆာကာဝါဟာ ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်သလို နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို နိုင်ငံတကာက တရားမျှတပြီး တိကျမှန်ကန်တယ်လို့ အသိအမှတ်ပြုလိမ့်မယ်လို့လည်း ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါ (Mr SA SA KA WA) က ပြောပါတယ်။

ဂျပန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်းက မဲရုံ ၁၀ ရုံကို သွားရောက်လေ့လာပြီး မဲဆန္ဒရှင်တွေကို မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနေ့မှာ လေ့လာမှုတာတွေမလုပ်ခင် နိုဝင်ဘာ ၆ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်သံရုံး တာဝန်ရှိသူက ပြောပါတယ်။

ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေကနိုင်တယ်ဆိုတာကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြို့နယ်တချို့ကို အတည်ပြု ကြေညာနေပါတယ်။ မြို့နယ်အများစုရဲ့ အခြေအနေကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

 https://www.rfa.org/burmese/program_2/opinion-of-election-observers-11092020063426.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.