Breaking

December 28, 2020

မြန်မာလုပ်သား ၁၄၀၀ ကျော် ထိုင်းမှာ ပိုးကူးခံရ

ကျော်လွင်ဦး
2020-12-27

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၀၀ ကျော်အထိ ရှိလာပြီး သူတို့ကို ဆေးကုသပေးဖို့ ထိုင်းအစိုးရက အားကစားကွင်းမှာ ယာယီဆေးရုံ ဆောက်လုပ်ပေးနေတယ်လို့ အလုပ်သမားအရေး ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။
 
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်နေရာကနေ ဒီဇင်ဘာလလယ်ပိုင်းမှာ ဒုတိယလှိုင်းဖြစ်လာမယ့် ကူးစက်မှု စတင်ခဲ့ပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား နေထိုင်လုပ်ကိုင်တဲ့ မဟာချိုင် ငါးပုဇွန်ဈေးမှာ ရောဂါကူးစက်မှုတွေ များနေပြီး မနေ့ကအထိ ကူးစက်မှု ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။ ပိုးကူးစက်ခံရသူတွေကို ကုသပေးဖို့ ထိုင်းအစိုးရက ယာယီဆေးရုံဆောက်လုပ်နေတယ်လို့ သိရကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်က ဦးအောင်ကျော်က ပြောပါတယ်။
 
"ဒီရောဂါ ကူးစက်ခံနေရတဲ့ အလုပ်သမားတွေအားလုံးကို ယာယီဆေးရုံ တည်ဆောက်ပြီး အလုပ်သမားတွေကို စနစ်တကျပြုစုစောင့်ရှောက်ဖို့၊ နောက် သူတို့မှာရှိနေတဲ့ ပုဂ္ဂလိကဆေးရုံတွေ၊ အစိုးရဆေးရုံတွေမှာ နေရာအားလပ်မှုမရှိဘူး ဆိုတာလည်း သူတို့ထုတ်ပြန်ထားတယ်၊ ဒါကြောင့်မို့ သူတို့ ယာယီဆေးရုံ တည်ဆောက်နေတာ တွေ့ရတယ်"
 
ပြီးခဲ့တဲ့ ရက်ကတော့ လူနေရပ်ကွက်နဲ့ နီးတဲ့ အားကစားကွင်းမှာ မြန်မာအလုပ်သမားတွေအတွက် ယာယီဆေးရုံ ဆောက်လုပ်ဖို့ ပြင်ဆင်နေချိန်မှာ ထိုင်းလူမျိုးတွေက ကန့်ကွက်တာကြောင့် ဒီအစီစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
 
အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ ပိုးတွေ့အလုပ်သမားတွေကို သီးခြားအမြန်ဆုံး ကုသပေးစေလိုတယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ ငါးပုစွန်ဈေးကို လက်ရှိအသွားအလာ ကန့်သတ်ထားပါတယ်။ ထိုင်းအစိုးရ၊ မြန်မာသံရုံးနဲ့ အလုပ်သမားရေး ဆောင်ရွက်သူတွေက စားသောက်စရာဝေငှတာကြောင့် အဆင်ပြေကြတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
 
မြန်မာအလုပ်သမား ၄၀၀၀ ကျော် နေထိုင်တဲ့ ငါးပုစွန်ဈေးဝန်းထဲမှာ ပိုးတွေ့လူနာ ၅၀၀ ကျော်ရှိခဲ့တယ်လို့ သိရပြီး ဘယ်သူမှာ ပိုးကူးစက်တယ်ဆိုတာ ထိုင်းအစိုးရက မထုတ်ပြန်သလို ကူးစက်ခံရသူတွေကို သီးသန့်ခေါ်ယူ ကုသမှုမပေးတာကြောင့် အချင်းချင်း ပြန်လည်ကူးစက်မှာကို မြန်မာလုပ်သားတွေက စိုးရိမ်နေကြပါတယ်။
 
ဒါကြောင့် ပိုးရှိတဲ့လူနာဆိုရင် ဆေးရုံတွေကို သီးသန့်ခေါ်ယူ ကုသပေးစေချင်တယ်လို့ မဟာချိုင် ငါးပုန်ဇွန်ဈေးမှာ ပိတ်မိနေတဲ့ ကိုအောင်ခိုင်မိုးက ပြောပါတယ်။
 
"ကျနော်တို့ကတော အမှန်အတိုင်း ပြောရရင် ပိုးရှိတဲ့သူကို ခေါ်သွားပြီးတော့ သီးသန့် ကုစေချင်တာပေါ့၊ ဒီထဲကလူတွေနဲ့ မရောမနှောစေချင်ဘူးပေါ့၊ ဒါပေမဲ့ သူတို့စည်းကမ်းချက်အရတော့ ရောဂါလက္ခဏာ မပြင်းမချင်း သူတို့မခေါ်သွားဘူး၊ အဲဒီလိုဖြစ်နေတယ်၊ သူတို့ ဘယ်မှမခေါ်ဘူး၊ အခန်းမှာပဲ စည်းမျဉ်းတွေ ဖုန်းနဲ့ပြောပေးတယ်၊ ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတာကို"
 
ပိုးကူးစက်မှုတွေများတဲ့ ငါးပုဇွန်ဈေးမှာ ကုတင် ၃၀ ဆန့် ယာယီဆေးရုံကို ဒီဇင်ဘာ ၂၅ ရက်နေ့က တည်ဆောက်ပေးထားပြီး ရောဂါအခြေအနေဆိုးသူတွေကို ခေါ်ယူကုသပေးဖို့ ပြင်ဆင်ထားတယ်လို့လည်း ကိုအောင်ခိုင်မိုးက ပြောပါတယ်။
 
လက်ရှိထိုင်းနိုင်ငံမှာ ပိုးကူးစက်ခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး မြန်မာသံရုံးအနေနဲ့ ဘာတွေ ကူညီဆောင်ရွက်ပေးနေလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူတွေ၊ အလုပ်သမားသံအရာရှိတွေကို မေးမြန်းဖို့ ဒီကနေ့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
 
မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကူညီပေးရေးနဲ့ ကျန်းမာရေး စစ်ဆေး ကုသခွင့်ပေးရေးအတွက် မြန်မာသံရုံးက ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနက ထုန်ပြန်ထားပါတယ်။
 
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေများနေတဲ့ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ ငါးပုဇွန်ဈေးနေရာမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေထဲက သက်တမ်း ကုန်ဆုံးတဲ့သူတွေ၊ တရားမဝင်လာတဲ့သူတွေကိုပါ အရေးမယူဖို့နဲ့ ကျန်းမာရေး စစ်ဆေးကုသခွင့်ပေးရေးကို ထိုင်းဘက်က ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ထိုင်းအစိုးရက ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ နိုင်ငံခြားသား အလုပ်သမားတွေကို အခမဲ့ဆေးစစ်ပေးရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ တရားဝင်အထောက်အထား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနတွေမှာ ဆေးစစ်မှုခံယူဖို့နဲ့ ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
 
မြန်မာအလုပ်သမားတွေ ပိုးကူးစက်မှုများနေတာကြောင့် အလုပ်ရှင်တချို့က တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးမှာကိုစိုးရိမ်ပြီး တရားမဝင်အလုပ်သမားတွေကို စွန့်ပစ်မှုလည်းရှိခဲ့ပါတယ်။ အဲဒီစွန့်ပစ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်သမားသံအရာရှိတွေက သွားရောက်တွေ့ဆုံအားပေးပြီး ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ရရေး ညှိနှိုင်းဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
 
မနေ့ကအထိ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက်ထောင်ကျော် ရှိပြီး သေဆုံးသူ ၆၀ ကျော် ရှိပါတယ်။
 
ကူးစက်မှုတွေထဲမှာ မြန်မာအလုပ်သမားတွေလည်း ပါတာကြောင့် ထိုင်းမီဒီယာတချို့မှာ မြန်မာလို ထုတ်လွှင့်တာတွေပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.