Breaking

December 28, 2020

လူ ၁၅ သန်းစာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အိန္ဒိယနဲ့ လက်မှတ်ထိုးသဘောတူထား


 ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူဖို့အတွက် အိန္ဒိယဆေးကုမ္ပဏီ Serum Institute နဲ့ လက်မှတ် ရေးထိုးခဲ့တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ လက်မှတ်ရေးထိုးခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက် ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို မေးမြန်းရာမှာ ရက်အနည်းငယ်အတွင်း တရားဝင် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

"ကာကွယ်ဆေးကိစ္စရော၊ တခြားကိစ္စတွေ အားလုံးက သေသေချာချာလေး ဂရုစိုက်ပြီးလုပ်ရတာဖြစ်တော့ ကာကွယ်ဆေးစထိုးပြီဆိုရင်တော့ ဘယ်လိုဘယ်လိုထိုးမယ်ဆိုတာအတည်ဖြစ်ရင် ဖြည်းဖြည်းချင်း ကျွန်မတို့ဘက်က တာဝန်ရှိပါတယ်။ ထုတ်ပြန်မှာပါ။ စရမယ့် အခြေအတွေကို တရားဝင်ထုတ်ပြန်ပါ့မယ်။"

လူ ၁၅ သန်းအတွက် ကာကွယ်ဆေးဝယ်ယူမယ့်အဖွဲ့ အိန္ဒိယကိုရောက်နေတာဖြစ်ပြီး ကာကွယ်ဆေး ဝယ်ယူရေးကိစ္စ အတိအကျကိုတော့ နောက်တစ်ပတ်လောက်မှာ သိရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကပ်ရောဂါကာကွယ်ရေး နောက်ဆုံးအခြေအနေ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

"ကာကွယ်ဆေးကိုလူ ၁၅ သန်းအတွက် ဝယ်ယူဖို့အတွက် ကျွန်မတို့ အဖွဲ့တစ်ဖွဲ့က အိန္ဒိယ နိုင်ငံမှာ ရောက်နေပါတယ်။ ကာကွယ်ဆေး ဝယ်ယူရေးကိစ္စတွေနဲ့ပတ်သက်လို့ နောက်တစ်ပတ်လောက်အတွင်းမှာ တိတိကျကျ ပိုပြီးသိရမယ်။ ကာကွယ်ဆေး ဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ အားလုံး အဆင့်သင့်ရှိပြီဆိုတာနဲ့ မကြာခင်ကာလအတွင်း ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်စဖို့လည်း စီစဉ်ထားပြီးပါပြီ။"

ကာကွယ်ဆေးရလာရင် ပထမဦးစားပေးအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ထိုးနှံနိုင်ဖို့စီစဉ်ထားပြီး ရောဂါကူးစက်မှု အန္တရာယ်များတဲ့အဖွဲ့တွေ ပြည်သူတွေစတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့်လိုက် ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကာကွယ်ဆေးမရောက်ခင် ကာလကြားထဲမှာ ရောဂါပိုးမကူးစက်နိုင်အောင် သတိနဲ့နေထိုင်ကြဖို့ ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးဖို့ COVAX အစီအစဉ်မှာ မြန်မာနိုင်ငံက ပါဝင်ထားသလို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က အမှာစာပေးပို့ထားပြီး အဲဒီအစီအစဉ်ကနေ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးရရှိမှာပါ။ COVAX အစီအစဉ်ကနေရမယ့် ကာကွယ်ဆေးကလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းပဲ ရမှာဖြစ်လို့ အပြင်ကနေ နောက်ထပ် ဝယ်ယူဖို့ စီစဉ်နေကြတာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားခဲ့သူ တစ်သိန်းနှစ်သောင်းကျော်ရှိနေပြီး အဲဒီအထဲမှာ ရန်ကုန်တိုင်းက ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရန်ကုန်မှာပိုးတွေ့မှု ကျဆင်း လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်ရောဂါပိုး ရှိနေသေးသရွေ့ ရုတ်တရက် ပြန်တက်လာနိုင်တဲ့ အခြေအနေရှိပြီး ထိန်းချုပ်နိုင်ပြီလို့ ပြောလို့မရသေးဘူးလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ဆိုပါတယ်။

"ရန်ကုန်အခြေအနေက တဖြည်းဖြည်းကျလာတယ်။ နဂိုနေ့စဉ်ထွက်နေတဲ့ ပမာဏထက် တစ်ဝက်အောက် ကိုတောင် ရောက်လာပြီ။ ဒီလိုကျဆင်းလာတာကောင်းတဲ့ လက္ခဏာဖြစ်တယ်။ အခု လောလောဆယ် စည်းကမ်းလိုက်နာပေးကြဖို့နဲ့ နှစ်ပတ်တိတိလောက် နည်းနည်းသည်းခံပြီး နေလိုက်ရင် တော်တော် များများ ကျလာတဲ့ အချိန်ကျရင် ပြန်ပြီးတော့ လုပ်ငန်းတွေ စားသောက်ဆိုင်တွေ ဖွင့်လာနိုင်မယ့် အခြေအနေရှိပါတယ်။ ပိုးရှိနေသေးသရွှေ့ ရုတ်တရက်ပြန်တက်နိုင်တဲ့ အခြေ အနေကအနောက်မှာ အမြဲတမ်းလိုက်နေတယ်။ ကိုဗစ်က သွားအထင်သေးလို့မရဘူး။ အခုကတော့ အခြေအနေ ကောင်းနေ တယ်။"

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကုသရေးပိုင်းမှာ အားထည့်နေသလို ပြည်သူတွေကို အသိပညာပေးတဲ့အပိုင်းကိုလည်း ပိုလုပ်ဖို့လိုတယ်လို့အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ထက်ဝင်းက ပြောပါတယ်။

"ကုသရေးဘက်မှာပဲ အသည်းအသန်လုပ်နေပြီး ထိန်းချုပ်တဲ့အပိုင်းလူတွေကို အသိပညာပေးတဲ့အပိုင်းမှာ နည်းနည်းလေးအားထည့်လိုက်ရင် ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ အရင်ထက်စာရင် ပိုပြီးတော့ မြန်မြန် ဆန်ဆန် လုပ်နိုင်မယ်လို့ ထင်တယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ကာကွယ်ဆေးထိုးနှံခဲ့ပြီးသည် ရှိသည့်တိုင်အောင် mask တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးရှောင်တာကို ဆက်တိုက်တောက်လျှောက် ဆက်လုပ်သွားပါလို့ အကြံပေးချင်တယ်။"

ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက် မနေ့ကညပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ထပ်တိုးလူနာ ၇၅၈ ဦး၊ သေဆုံးလူနာ၂၀ ဦးရှိပြီလို့ ထုတ်ပြန်တာကြောင့် မြန်မာနိုင်ငံမှာ COVID-19 ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားခဲ့သူ တစ်သိန်းနှစ်သောင်းကျော်လာပါပြီ။ ပြည်သူတွေအနေနဲ့ မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေရှိရင် လူနေမှုပုံစံသစ် new normal life နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် နေ့စဉ်နေထိုင် ဖြတ်သန်းမှုမှာ နှာခေါင်းစည်း တပ်ဖို့၊ လက်ဆေးဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်း ထားပါတယ်။

 https://www.rfa.org/burmese/news/signed-with-india-for-coronavirus-vaccine-12262020050116.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.