Breaking

December 31, 2020

NLD နဲ့ ဘုံသဘောတူညီချက်တွေရရှိဖို့ ကချင်ပါတီမျှော်လင့်



 

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားပါတီတွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၉ နာရီ တွေ့ဆုံမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန် တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကနေ ကချင်ပြည်နယ်ကို မနေ့က ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီ အဖွဲ့ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ခံခဲ့ရတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) နဲ့ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေနဲ့ မနက်ဖြန် တွေ့ဆုံမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက သူတို့အပါအဝင် ပါတီသုံးခုက ကိုယ်စားလှယ်တွေကို NLD ရုံးခန်းမှာ မနက် ၉ နာရီတွေ့ဆုံဖို့ တယ်လီဖုန်းနဲ့ ဖိတ်ကြားခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ရဲ့ သဘောထားကို ရယူပြီး NLD ဗဟိုကော်မတီမှာ ပြန်တင်ပြမယ်လို့ ပြောတယ်ခင်ဗျ။ ကျနော်တို့ကတော့ သူတို့ဘက်က စတင်ပြီးပြောဆိုလာတဲ့အပေါ်မှာ ကျနော်တို့ဘက်က မူဝါဒကို ပြောမှာပါပဲ။ ဒီကိစ္စဟာ တိုင်းရင်းသား အမျိုးသားရင်ကြားစေ့ရေးကို စတင်လာတယ်လို့မြင်တယ်။ ဒါကြောင့် အကောင်းမြင်ဘက်က ကြိုဆိုပါတယ်။ ဒီဟာကနေစပြီးတော့ တဆင့်ပြီးတဆင့် အောင်မြင်မှုရရှိအောင် အပြန်အလှန် အပေးအယူ မျှမျှတတနဲ့ သွားရမှာပါပဲ။ ပြည်သူလူထုအကျိုးကို ဝိုင်းဝန်းရှေးရှုတဲ့ ဘုံသဘောတူညီချက်တွေ ပေါ်ထွန်းလာရမှာပေါ့။ ပါတီစွဲမထားဘဲနဲ့ အပေးအယူ မျှမျှတတနဲ့ သွားနိုင်ရင် အနာဂတ်အတွက် အကျိုးရှိနိုင်တာပေါ့"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားတွေဖက်က အသံတွေ နားထောင်ခဲ့ပြီး အဲဒီထဲကမှ အကောင်းဆုံးဖြစ်အောင် လူကြီးတွေက စဉ်းစားကြရမှာပေါ့။ အဲဒီက ရီပို့တက်ပြီးရင် ကျနော်တို့ ဆက်လုပ်သွားမှာပဲလေ။ ကျနော်တို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာကို အခုလက်တွေ့ခြေလှမ်း လှမ်းတာပဲ။ ဒါကို ဆက်လုပ်ကြရမှာပေါ့။ ကျနော်တို့ တတ်နိုင်သမျှ ကျားကုတ် ကျားခဲ ကြိုးပမ်းကြရမှာပေါ့၊ တတ်နိုင်သမျှ ညီတူညီမျှဖြစ်အောင်တော့ ကျနော်တို့က ကြိုးစားမှာပါ။ ဒေါက်တာအောင်မိုးညို နဲ့ ဒေါ်နန်းခင်ထွေးမြင့် ဆိုတာ NLD စပြီးတည်ထောင်ကတည်းက ပါဝင်ခဲ့သူတွေပါ၊ သူတို့အတွေ့အကြုံက နည်းတာမှမဟုတ်တာ။ ကျနော်တို့မှာ Good Will က ရှိပြီးသားပါ”

KNU ဒု ဥက္ကဋ္ဌဟောင်း ဒေါ်နော်စီဖိုးရာစိန်က ဒီဆွေးနွေးပွဲတွေကို ကြိုဆိုတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို အလေးအနက်ထား ဆွေးနွေးကြဖို့ လိုတယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားတွေနဲ့ အခုလို စတွေ့ပြီး ဆွေးနွေးကြတာ ကောင်းပါတယ်။ NLD က တောင်ပြိုကမ်းပြို နိုင်တာ တိုင်းရင်းသားပါတီတွေက အနည်းအကျဉ်းသာနိုင်တာ။ အဲဒါကြောင့် သူအစိုးရ ဖြစ်လာရင် တိုင်းရင်းသားပါတီတွေကို ဆွေးနွေးညှိနှိုင်းဖို့က အရေးကြီးတာပေါ့လေ။ တိုင်းရင်းသား ပါတီတွေနဲ့ တွေ့တဲ့အခါမှာလည်း တိုင်းရင်းသား အခွင့်အရေးတွေ ဆွေးနွေးဖို့လိုတယ်။ နောက်တချက်ကတော့ ၂ဝဝ၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီး ဘယ်လို လုပ်ဆောင်မလဲဆိုတာ ဆွေးနွေးဖို့လိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားတွေရဲ့ တကယ့် လိုလားချက်တွေကိုလည်း ဆွေးနွေးဖို့လိုတယ်”

NLD ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က တခြား တိုင်းရင်းသားပါတီတွေနဲ့ သူတို့ ဆက်လက်ဆွေးနွေးဖို့ အစီအစဉ်ရှိပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

 https://www.rfa.org/burmese/news/kachin-party-hopes-nld-12302020213035.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.