Breaking

January 20, 2021

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေး


 ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစု အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ လိုလားကြောင်း မလေးရှားနိုင်ငံရောက် ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းက အဖွဲ့အစည်းအချို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက် မနေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများရဲ့ ထုတ်ပြန်ကြေညာချက် ဖတ်ကြားပွဲမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက လူမျိုးစု ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်အချို့ အပါအဝင် တက်ရောက်သူ ၁၀၀ကျော် ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်၊ မွတ်စလင်ရိုဟင်ဂျာ နဲ့ အခြားမျိုးနွယ်စု တွေဟာ နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့ကြပြီး ရခိုင်ပြည်ကို ပိုင်ဆိုင်သူတွေ ဖြစ်တဲ့အတွက် အေးအတူ ပူအမျှ အတူတကွ နေထိုင်ရေးမူကို ဦးထိပ်ထားပြီး သာယာဝပြောတဲ့ လူ့ဘောင်သစ် တစ်ခုကို ပူးပေါင်းတည်ဆောက်ဖို့ သဘောတူကြောင်း ထုတ်ပြန်တာဖြစ်တယ်လို့ ဒီအခမ်းအနားကို ကြီးမှုးကျင်းပတဲ့ AIC အဖွဲ့က ကိုညီညီလွင် ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အခြေစိုက်ပြီး၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ AIC အဖွဲ့ဟာ မြန်မာနိုင်ငံက ရခိုင်လူမှုရေးအဖွဲ့တွေ၊ ရခိုင်လူထု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး၊ ရခိုင်လူထုရဲ့ ရပ်တည်ချက်တွေကို ရယူခဲ့တဲ့အတွက် ဒီ ထုတ်ပြန်ကြေညာချက်ပါ အကြောင်းအရာတွေဟာ ရခိုင်လူထုရဲ့ သဘောထားကို ကိုယ်စားပြုနိုင်တယ်လို့ ကိုညီညီလွင်က ပြောပါတယ်။

ဒီထုတ်ပြန်ကြေညာချက် ဖတ်ကြားပွဲကို တက်ရောက်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးစု ခေါင်းဆောင် ဦးသာအေးက ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်ဖို့ဆိုရင် အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ်တစ်ခုဖြစ်လာဖို့ နဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ ပညာသင်ကြားခွင့်လို အခြေခံအခွင့်အရေးတွေ အားလုံးရဖို့ လိုတယ်လို့ ပြောပါတယ်။

အခု ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး၊ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ကိစ္စကို ဘယ်လို ဖြေရှင်းသင့်သလဲဆိုတာကို အကြံပြုထားတာနဲ့ ပတ်သက်ပြီးလည်း ကိုညီညီလွင်က ပြောပြပါတယ်။

ရခိုင်ပြည်နယ်မှာ ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်မှုမရှိတဲ့ secular ပုံစံနဲ့ အုပ်ချုပ်ဖို့၊ လူမျိုးစုတွေ အကြားမှာ ပဋိပက္ခဖြစ်လာရင် အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းဘဲ၊ သက်ဆိုင်ရာလူမျိုးစု ခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံညှိနှိုင်းပြီး ဒီမိုကရေစီ နည်းလမ်းကျ ပုံစံနဲ့ ဖြေရှင်းသွားဖို့ စတဲ့ အချက်တွေကို ကြေညာချက် ထဲမှာ ထည့်သွင်းထားတယ်လို့ အခမ်းအနား စီစဉ်သူတွေက ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.