Breaking

February 3, 2021

နိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးမယ်လို့ စစ်အစိုးရပြော

 


စောဖိုးခွား
2021-02-02

နိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးမယ်လို့ စစ်အစိုးရပြော  
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: AFP

မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို တပ်မတော်က ကျင့်သုံးသွားမယ်လို့ စစ်အစိုးရ အာဏာသိမ်းခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီး ဒုတိမြောက်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့ကျင်းပတဲ့ ပထမဆုံးအကြိမ် စစ်အစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလို ပြောခဲ့တာပါ။

စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို နိုင်ငံတကာ တုံ့ပြန်ချက်တွေရှိပေမယ့် တပ်မတော်အနေနဲ့ နိုင်ငံတကာနဲ့ မိတ်မပျက်တဲ့ ဆက်ဆံရေးနဲ့ ဆက်သွားမှာဖြစ်သလို၊ ကိုယ့်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ကိုယ် ရှေ့ဆက်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

လက်ရှိ တပ်မတော်က အစိုးရအဖွဲ့အဖြစ် တာဝန်ယူထားချိန်မှာ တပ်မတော်ဘက်က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲစာရင်းမှားယွင်းမှုတွေ ရှိခဲ့ပြီး အဲ့ဒီမှားယွင်းမှုတွေအတွက် ဥပဒေနဲ့အညီ တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ အစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ အပါအဝင်၊ အသစ်ခန့်အပ်ထားတဲ့ စစ်အစိုးရ ဝန်ကြီးတွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုနိုင်၊ ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်နဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ပါတယ်။

 https://www.rfa.org/burmese/news/first-meeting-of-military-govt-02022021091742.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.