Breaking

February 20, 2021

စစ်ကောင်စီအုပ်ချုပ်ရေးကို ဆန္ဒပြမှု ရက်ကြာလာရင် စီးပွားရေးထိခိုက်လာနိုင်

ရဲစည်သူကာ(ဝါရှင်တန် ဒီစီ)

2021-02-19

စစ်အစိုးရဆန့်ကျင်ရေး ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေပါ ပါဝင်ကြတဲ့အတွက် ဘဏ်တွေအားလုံးနီးပါးဟာ ပိတ်ထားရပါတယ်။ ဒီလိုဘဏ်တွေ ပိတ်ထားရတဲ့ အခြေအနေဟာ ရက်ကြာလာလေလေ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ထိခိုက်လာနိုင်တယ်လို့ စီးပွားရေးပညာ လုပ်ငန်းရှင်တွေ သုံးသပ်ကြပါတယ်။

ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေဟာ အာဏာဖီဆန်တဲ့ CDM လုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အတွက် ဘဏ်တွေ အားလုံးနီးပါး ပိတ်ထားရပြီး ငွေကြေးလည်ပတ်စီးဆင်းမှုဟာ ရပ်တန့်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဘဏ်တွေအားလုံးနီးပါး ရပ်တန့်နေသလို ဘဏ်နဲ့ ချိတ်ဆက်လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေ အားလုံး နီးပါးလည်း ရပ်ဆိုင်းသွားကြပါတယ်။

စီးပွားရေးလုပ်ငန်း တော်တော်များများက ရပ်ဆိုင်းနေရပြီး ကြာလေ ပိုကျပ်တည်းလေ ဖြစ်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။

"GDB နဲ့ တွက်ရင် ဘီလျံနဲ့ ချီပြီး နစ်နာနေတာပေါ့နော်။ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေရပ်နေတဲ့အတွက် ကျနော်တို့ အနေနဲ့ လုပ်ငန်းတော်တော်များများက ရပ်နေတဲ့ သဘောရှိတာပေါ့"

လုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အခါ ဝန်ထမ်းတွေကို လစာပေးနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ လခစား ဝန်ထမ်းတွေကိုပေးဖို့ ညှိနှိုင်းနိုင်ပေမယ့် နေ့စားအလုပ်သမားတွေကတော့ အလုပ်မရှိတဲ့ပြဿနာ အရင်ဆုံး ကြုံတွေ့နေရပါတယ်။

မကြာခင်မှာ စပါးပေါ်တဲ့ရာသီရောက်တော့မှာဖြစ်ပြီး စပါးဝယ်ဖို့ လုပ်ငန်းရှင်တွေဆီမှာ ငွေမရှိတဲ့ ပြဿနာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စီးပွားရေးတွေက လုံးဝလုပ်လို့မရတဲ့ အခြေအနေကို ရောက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့ စီးပွားရေးတွေ လုပ်လို့မရဘူး။ ဘဏ်တွေကလည်း လုပ်လို့အဆင်မပြေသေးတော့ ငွေပေးငွေယူတွေ လုပ်လို့မရဘူး။ ဘဏ်မှာငွေထုတ်လို့ မရတာမျိုးတွေ ရှိနေတယ်။ အထူးသဖြင့် ငွေသား စီးဆင်းမှုတွေ နှေးသွားတယ်ဆိုရင်တော့ လုပ်ငန်းတွေလည်း မလည်ပတ်နိုင်တော့ဘူး။ နောက်သူဌေးနဲ့ လူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေတွေလည်း ကျလာပြီး ထိခိုက်လာနိုင်တယ်။ ကျွန်တော်တို့ဘက်က စီးပွားရေးတွေ လုပ်တဲ့နေရာမှာ နှေးကွေးသွားတဲ့ ကိစ္စတွေ၊ အဆင်မပြေမှု ပိုများလာတယ်။ အဲဒီ အခြေအနေရှိတယ်။ အဓိကတော့ ဒီကိစ္စတွေ မြန်မြန်ပြီးပြတ်ဖို့ မျှော်လင့်တယ်။ ဒါမှလည်း ကျွန်တော်တို့လည်း အလုပ်တွေ မြန်မြန်ဆန်ဆန် ဆောင်ရွက်လို့ရမယ်။ တိုင်းပြည်ရဲ့စီးပွားရေးတွေ ပြန်လုပ်လို့ရမယ်။"

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မြန်မာ့ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီး အမေရိကန်ဒေါ်လာတန်ဖိုးက ရက်ပိုင်းအတွင်း တစ်ဒေါ်လာကို ကျပ် တစ်ထောင်ကျော်အထိ မြင့်တက် လာခဲ့ပါတယ်။

မြန်မာကျပ်ငွေဈေးနှုန်း ကျဆင်းလာတဲ့အတွက် အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၆ ဒသမ ၈သန်းကို ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲလုပ်ငန်းတွေကို ထုတ်ရောင်းချခဲ့ပါတယ်။

အဲဒီနောက်မှာ စီးပွားရေးလုပ်ငန်းတွေက အားလုံးနီးပါး ရပ်ဆိုင်းသွားတဲ့အတွက် အမေရိကန်ဒေါ်လာ ဈေးဟာ အတက်အကျ အနည်းငယ် ငြိမ်သက်သွားခဲ့ပါတယ်။

ဒီထက် အခြေအနေဆိုးတာကို မဖြစ်စေချင်တဲ့အတွက် ဆိုးနေတဲ့ အခြေအနေကနေ စီးပွားရေး မျက်နှာစာ ငွေကြေးမျက်နှာစာကို ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်း ရှာသုံးသင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေး လေ့လာသုံးသပ်သူ တစ်ဦးက ဆိုပါတယ်။

“လက်ရှိ ဒီအတိုင်းသွားရင်တော့ ငွေကြေးဈေးကွက် မကောင်းဘူး။ ပြည်တွင်းစီးပွားရေးက တော်တော်ကို မကောင်းတဲ့ အခြေအနေဖြစ်သွားမယ်။ ဒါပေမဲ့ နည်းလမ်းရှာရင်တော့ ရှာလို့ရမှာပါ။ ဥပမာ။ ။ ကျပ်ငွေတွေ ထုတ်တာ၊ သွင်းတာတွေ မလုပ်ဘဲနဲ့ တခြား ကူပွန်တို့ ဘာတို့ခေါ်တာပေါ့။ စီးပွားရေး လောကကို ကွန်ပွန်တွေနဲ့ transition လုပ်လို့ရတဲ့ နည်းတွေရှိတယ်။ အဲဒါ ဘဏ်တွေ မဖွင့်ဘဲနဲ့ ဘဏ်တွေကနေပြီး security guarantee paper တွေပေးပြီးတော့မှ သိန်း ၁၀၀တန် security ကူပွန်၊ သိန်း ၃၀၀ တန် security ကူပွန်၊ အဲဒါတွေနဲ့လုပ်ရင်တော့ လက်ရှိဘဏ်ရဲ့ ဖြစ်နေတဲ့ငွေကြေး transition အကုန်လုံးက လုပ်လို့ရပါတယ်။ ဒီအတိုင်းရပ်နေရင်တော့ အခြေအနေမကောင်းဘူး။”

ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ငွေတိုက်စာချုပ်တွေကို ဗဟိုဘဏ်က လေလံစနစ်နဲ့ ရောင်းချခဲ့ပါ သေးတယ်။

အစိုးရက ငွေကြေးလိုအပ်ချက်ရှိလာရင် အများပြည်သူကို ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေကို ရောင်းချပြီး ဘတ်ဂျက်ကို ဖြည့်စည်းတာ ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။

ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေကို အစိုးရက ဗဟိုဘဏ်ကတစ်ဆင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေကို အဓိက ရောင်းချလေ့ရှိပြီး ပုဂ္ဂလိကဘဏ်တွေကလည်း ငွေတိုက်လက်မှတ်၊ ငွေတိုက် စာချုပ်တွေဟာ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအဖြစ် ဝယ်ယူစုဆောင်းလေ့ရှိပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကတော့ ငွေတိုက်ဦးစီးဌာနက ထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ်တွေဟာ တရားမဝင်ကြောင်းနဲ့ ဆုံးရှုံးမှုတွေဖြစ်လာရင် ဝယ်ယူသူတွေရဲ့ တာဝန်သာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 https://www.rfa.org/burmese/news/anti-military-coup-effect-economy-02192021051830.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.