Breaking

February 19, 2021

နေပြည်တော်က CDM ဝန်ထမ်းတွေ အဖမ်းခံရမှု ပိုများလာ

 ရဲစည်သူကာ(ဝါရှင်တန် ဒီစီ)

2021-02-18

နေပြည်တော်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း  ကိုးဦး အပါအဝင် စုစုပေါင်း ၀န်ထမ်း ၁၂ ဦး၊ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၈ ရက် မနက်အစောပိုင်းက အဖမ်းခံလိုက်ရ တယ်လို့ အမည်မဖေါ်လိုတဲ့ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

သူတို့အထဲက ကိုးဦးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေဖြစ်ပြီး၊ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦးဖြစ်ပါတယ်။ ကျန် သုံးဦးကတော့ တခြား၀န်ကြီးဌာနတွေက အစိုးရ၀န်ထမ်းတွေ ဖြစ်ပါတယ်။

သူတို့ထဲက တချို့ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေဖြစ်ပေမယ့် တချို့ကတော့ အဖော်အဖြစ် စုဝေး နေထိုင်သူတွေဖြစ်ပါတယ်။ CDM လှုပ်ရှားသူတွေကို ရဲနဲ့စစ်တပ်က လိုက်လံရှာဖွေနေတဲ့အတွက် သူတို့ အားလုံး ဖေဖေါ်ဝါရီ လ ၈ ရက် နေ့ကတည်းက မူလနေထိုင်ရာ ၀န်ထမ်းအဆောင်တွေမှာ မနေတော့ဘဲ နေပြည်တော် တပ်ကုန်းမြို့က အိမ်တစ်လုံးမှာ စုဝေးနေထိုင်စဥ် အဖမ်းခံရတာ ဖြစ်ပါတယ်။

သူတို့အားလုံး မိုဘိုင်းဖုန်းတွေ အသိမ်းခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်ပူပန် နေပါတယ်။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ကလည်း နေပြည်တော်မှာ ၀န်ထမ်း၊ ကျောင်းသားနဲ့ အရပ်သားတွေအပါအဝင် စုစုပေါင်း လူ ၆၄ ဦး အဖမ်းခံခဲ့ရပြီး၊ အဲဒီအထဲက အသက်မပြည့်သေးတဲ့ အထက်တန်းနဲ့ အလယ်တန်း ကျောင်းသား ၂၇ ဦးကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

နောက်တစ်ရက် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာ သမဝါယမဦးစီးဌာန ၀န်ထမ်း ရှစ်ဦးကို ပြန်လွှတ်ပေးလိုက် ပေမယ့် “၀န်ထမ်းဖြစ်ပါလျက် အမိန့်အာဏာဖီဆန်မှု” ပုဒ်မ ၁၈၈ နဲ့ တရားစွဲထားတာကြောင့် ဇမ္ဗူသီရိ တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

ကျန် ၂၉ ဦးကိုတော့ အခုချိန်ထိ ဘယ်မှာဖမ်းထားမှန်းမသိတဲ့အတွက် သားပျောက်သူ၊ သမီးပျောက်သူ၊ ဖခင်ပျောက်သူ မိသားစု၀င်အားလုံး စိုးရိမ်ပူပန်နေပါတယ်။

အဲဒီ ၂၉ ဦးအနက် လူ ၂၀ က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရွာကဖြစ်ပြီး၊ ကိုးဦးက ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် အထက-၁၄ က ‌ကျောင်းသားဟောင်းတွေဖြစ်ပါတယ်။

ဘယ်မှာဖမ်းထားမှန်းမသိဘဲ ပျောက်ဆုံးနေတဲ့ အထက-၁၄ ကျောင်းသားဟောင်း ကိုသက်နိုင်စိုးရဲ့ဖခင် ဦး၀င်းနိုင်စိုးက နေပြည်တော် ရဲတပ်ရင်း ၂၀ မှာ သားကို ရှာမတွေ့တဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။

ဆိုင်ကယ်တိုက်မှုကြောင့် ကျန်းမာရေးချို့ယွင်းနေချိန်မှာ အခုအဖမ်းခံထားရတဲ့ သားဖြစ်သူ ကိုသက်နိုင်စိုးက မိသားစုကို ရှာဖွေကျွေးမွေးနေရတာလို့လည်း ဦးဝင်းနိုင်စိုး က ပြောပါတယ်။

ပြည်သူတွေရဲ့ ဘ၀ဟာ မလုံခြုံဘဲ လွတ်လပ်မှုပျောက်ဆုံးနေပြီလို့ အဖမ်းခံထားရတဲ့ အထက-၁၄ ကျောင်း သားဟောင်းတစ်ဦးရဲ့ မိခင်က ဆိုပါတယ်။

သူတို့အားလုံးကို နေပြည်တော်အချုပ်ထောင်နဲ့ ပုဗ္ဗသီရိမြို့နယ်က နယ်မြေခံရဲတပ်ရင်းကို ပို့ဆောင်ခဲ့တယ်လို့ မြ၀တီသတင်းမှာ ဖေါ်ပြထားပေမယ့် ရဲတပ်ရင်းမှာလည်း ရှာမတွေ့ဘဲ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ကျည်တောင်ကန်ရွာက ပျောက်ဆုံးနေတဲ့ မသန္တာမိုးရဲ့ ဖခင်ကလည်း ၄ ရက်လောက် အဆက်အသွယ် မရတာကြောင့် သမီးလေးအတွက် စိတ်ပူမိတယ်လို့ ဆိုပါတယ်။

ကျည်တောင်ကန်ရွာသားတစ်ဦးကတော့ ပျောက်ဆုံး‌နေတဲ့ သူ့ဖခင်အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှူဖွင့်တိုင်ကြားမယ်လို့ ပြောပါတယ်။

ရာဇ၀တ်ကျင့်ထုံးအရ ပြည်သူတစ်ဦးကို ၂၄ နာရီထက် ပိုချုပ်ထားတာဟာ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေချိုးဖောက် တာဖြစ်တယ်လို့ ပျောက်ဆုံးနေသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတစ်ဦးက ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က အဖမ်းခံရပြီး ပျောက်ဆုံးနေတဲ့ ကျည်တောင်ကန်ရွာက လူ ၂၀ မှာ ၁၂ ဦးက အမျိုးသမီးတွေဖြစ်ပြီး ကျန် ရှစ်ဦးက အမျိုးသားတွေဖြစ်တယ်လို့လည်း သိရပါတယ်။

 https://www.rfa.org/burmese/news/myanmar-soldiers-arrested-cdm-staff-02182021073438.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.