Breaking

March 14, 2021

စစ်ကောင်စီတပ် အကြမ်းဖက်ပစ်ခတ်တာကြောင့် သေဆုံးသူ ငါးဦးအထိရှိလာ

 2021-03-14


စစ်ကောင်စီတပ် အကြမ်းဖက်ပစ်ခတ်တာကြောင့် သေဆုံးသူ ငါးဦးအထိရှိလာ 
 ဖားကန့်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် သေနတ်ထိမှန် သေဆုံးသွားတဲ့ ကိုကျော်လင်းထိုက် ကို ၂၀၂၁ မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ သေနတ်ကျည်ထိမှန် သေဆုံးသူ ငါးဦးရှိလာပါတယ်။

လှိုင်သာယာမြို့နယ်မှာ ဒီနေ့နေ့လယ်က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာကြောင့် သေဆုံးဒဏ်ရာရသူတွေရှိပါတယ်။ ကနဦးသတင်းတွေအရ သေနတ် ထိမှန် သေဆုံးသူ သုံးဦး ရှိတယ်လို့ သိရပါတယ်။

လှိုင်သာယာသပိတ်ကို ပစ်ခတ်ဖြိုခွဲပြီး နာရီပိုင်းအတွင်းမှာ လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်က ဂလိုဘယ် ဖက်ရှင် အထည်ချုပ်စက်ရုံတစ်ရုံနဲ့ ရွှေနဂါး ဓာတ်မြေဩဇာ ဖြန့်ချိရေးစက်ရုံတစ်ရုံ မီးလောင်နေပါတယ်။

အဲဒီစက်ရုံတွေဟာ လမ်းဆုံတွေမှာရှိနေတာဖြစ်ပြီး နိုင်ငံခြားသားပိုင်မဟုတ်ဘဲ မြန်မာပိုင်စက်ရုံတွေ ဖြစ်တယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက RFA ကို ပြောပါတယ်။

ပဲခူးမြို့ မော်ကန်လမ်း၂၀ မှာလည်း ဒီနေ့ စစ်အာဏာဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်တာကြောင့် တစ်ဦးကျည်ထိသွားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွင်းတာကြောင့် အသက် (၃၀) နှစ်၊ ကိုကျော်လင်းထိုက် ကျည်ထိမှန် သေဆုံးသွားပြီး ငါးဦး ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

လုံခင်းကျေးရွာ အုပ်စုမှာလည်း ဆန္ဒပြသူတွေကို ရာဘာကျည်၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုဖြိုခွင်းခဲ့ တာကြောင့် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဖမ်းဆီးခံရသူ ရှိ၊ မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီအတောအတွင်း ဖားကန့်မှာ ဆန္ဒပြတာတွေကို တိုက်ရိုက်ထုတ်လွှင့်တာနဲ့ ဓာတ်ပုံ ရိုက်သူတွေကိုလည်း လိုက်လံဖမ်းဆီးတာတွေလည်းရှိတယ်လို့ ‌‌ဒေသခံတွေက ပြောပါတယ်။

 https://www.rfa.org/burmese/news/myanmar-military-killed-peaceful-protesters-03142021043312.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.