Breaking

March 18, 2021

ဆန္ဒပြသူတွေကို နှိမ်နင်းပုံနဲ့ ရိုဟင်ဂျာတွေကို နှိမ်နင်းပုံ အတူတူပဲလို့ လေ့လာသူပြော

 ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

2021-03-17

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်သူတွေကို အင်အားသုံးနှိမ်နှင်းနေတဲ့ အခြေအနေတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို နယ်မြေရှင်းလင်းရေး လုပ်ပြီး နှိမ်နှင်းခဲ့သလို ပြင်းထန် လုပ်ရပ်ဖြစ်တယ်လို့ ပြည်ပက လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေအများဆုံး မြို့နယ်ဖြစ်တဲ့ လှိုင်ယာယာမှာ လူဦးရေ ၇သိန်းကျော်ရှိပြီး၊ အများစုဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဝင်ငွေနည်း အလုပ်သမားတွေ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်နေ ပြည်သူတွေဟာ မနှစ်က ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စက်ရုံ အလုပ်ရုံ ပိတ်သိမ်းမှုတွေ ဖြစ်လာပြီး စားဝတ်နေရေး အလွန်ကျပ်တည်းနေကြတဲ့ အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပိုပြီး အလုပ်အကိုင်တွေ ရှားပါးပြီး အလွန်မှ ဆင်းရဲကြပ်တည်းနေကြရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မမန်နီမောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့က စပြီး၊ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြသူတွေနဲ့ သာမန်ရပ်ကွက်နေ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အလွန်အကျွံအင်အားသုံးပြီး ဖြိုခွင်းတာတွေ စလုပ်ခဲ့တာပါ။ မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်အတွင်း ပစ်ခတ်နှိမ်နှင်းမှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၅၁ ဦးအထိ ရှိခဲ့တယ်လို့ လှိုင်သာယာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက RFA ကိုပြောထားပါတယ်။

မတ်လ ၁၄ရက်နေ့က အာဏာသိမ်းစစ်ကောင်စီက လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးတဲ့နောက် လှိုင်သာယာမှာ နေထိုင်တဲ့ ရွေ့ပြောင်းအလုပ်သမား မိသားစုတွေ အလုံးအရင်းနဲ့ နေရပ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြတာ တွေ့ရပါတယ်။

မတ်လ ၁၄ ရက်နေ့ က နှိမ်နင်းမှုတွေအတွင်းမှာ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံအချို့ ဖျက်ဆီးလုယက် မီးရှို့ခံရပြီး တရုတ်လူမျိုးဝန်ထမ်း အမြောက်အများ ဒဏ်ရာရရှိ ပိတ်မိနေတာတွေရှိတဲ့အတွက်၊ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးအပြစ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တဲ့နောက်မှာ မတ်လ ၁၅ရက်နဲ့ ၁၆ရက်တွေမှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး နှိမ်နှင်းမှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး၊ မိုဘိုင်း အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အတွက် သေဆုံးဒဏ်ရာရသူတွေကို ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဂျာမနီနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူနဲ့ သုတေသီ ဦးနေစန်းလွင်ကတော့ လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းမှုတွေ လုပ်ခဲ့တာဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး လုပ်စဉ်က လုပ်ရပ်တွေနဲ့ တူညီနေတယ်လို့ ပြောပါတယ်။

လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ ဆန္ဒပြပြည်သူတွေကို အင်အားသုံးနှိမ်နှင်းရာမှာ အသုံးပြုခဲ့တဲ့ တပ်မတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေး လုပ်စဉ်က အသုံးပြုခဲ့တဲ့ တပ်မနဲ့ အတူတူပဲ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ စစ်တပ်က သေဆုံးသူတွေရဲ့ အလောင်းတွေကို ဖျောက်ဖျက်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ ဦးနေစန်းလွင်ရဲ့ ပြောကြားချက်တွေနဲ့ပက်သက်လို့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မနေ့က မတ်လ ၁၆ရက်မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မရမ်းကုန်း မြို့နယ်ဘက်ကနေ လှိုင်သာယာကို သွားတဲ့ ဘုရင့်နောင်တံတားကို ပိတ်ဆို့ထားပြီး၊ လှိုင်သာယာဘက်က နေ ဧရာဝတီတိုင်းဘက်ကို သွားတဲ့ ပုသိမ်လမ်းမကြီးကိုလည်း ပိတ်ဆို့ထားပါတယ်။ မနေ့ကပဲ လှိုင်သာယာမြို့နယ်က တရုတ်နိုင်ငံသားပိုင် စက်ရုံ တစ်ရုံမှာ စက်ရုံပိုင်ရှင်နဲ့ လုပ်သားတွေ လစာကိစ္စ အချင်းများနေစဉ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် လူအနည်းဆုံး ၆ဦး ထပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 https://www.rfa.org/burmese/program_2/military-coup-rohingya-hlaingtharyar-03172021145457.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.