Breaking

March 22, 2021

မြန်မာစစ်တပ် အာဏာသိမ်းတာကို ဝေဖန်ရှုတ်ချတဲ့ အဆိုသစ်တရပ် အမေရိကန် အောက်လွှတ်တော် အတည်ပြု

 


2021-03-19

မြန်မာစစ်တပ် အာဏာသိမ်းတာကို ဝေဖန်ရှုတ်ချတဲ့ အဆိုသစ်တရပ် အမေရိကန်အောက်လွှတ်တော်အတည်ပြု အမေရိကန်အောက်လွှတ်တော်
C.SPAN

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဝေဖန်ရှုတ်ချပြီး ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်တွေ ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော် က မနေ့က သောကြာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။

ဒီအဆိုကို ဒီမိုကရက်နဲ့ ရီပါပလစ်ကန်ပါတီကြီးနှစ်ခုက လွှတ်တော်အမတ် အများစုက တခဲနက် အတည်ပြု လိုက်တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်မှာ စစ်တပ်က အာဏာသိမ်းတာ၊ အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီး ထားတာတွေကို ဝေဖန်ရှုတ်ချထားပြီး ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ပြည်သူက ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ပြီး ပြည်သူ့ကိုယ်စားလှယ် တာဝန်တွေ ထမ်းဆောင်ခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ စောင့်ကြည့်နေပြီး ဒီမိုကရေစီစနစ် ပြန်လည် ဖော်ဆောင်ရေးကို အားပေးထောက်ခံနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသရမှာ ဖြစ်ကြောင်း” ဒီအဆိုကို ဦးဆောင်တင်သွင်းတဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဒီမိုကရက် တစ်ပါတီ သဘာပတိ ဂရေဂရီ မိစ်က ပြောပါတယ်။

ဒီအဆိုမှာ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးထားတာဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို တိုက်ရိုက် တိုက်ခိုက်လိုက်တာဖြစ်ပြီး အစိုးရအဖွဲ့အနေနဲ့ အရပ်သားရွေးကောက်ခံ ကိုယ်စားလှယ်တွေ လွှတ်တော်ခေါ်ပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်တဲ့အချိန်အထိ သမ္မတဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန် အစိုးရအဖွဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ပြဋ္ဌာန်းအရေးယူသင့်တယ်လို့လည်း တောင်းဆိုထားပါတယ်။

ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၉၈ မဲ၊ ကန့်ကွက်မဲ ၁၄ မဲနဲ့အတည်ပြုခဲ့တာဖြစ်ပါတယ်။ ကန့်ကွက်မဲ ၁၄ မဲကို အောက်လွှတ်တော်က သမ္မတဟောင်းဒေါ်နယ်ထရန့်ကို ထောက်ခံတဲ့ ရီပါပလစ်ကန် လွှတ်တော် အမတ် ၁၄ ဦးက ပေးခဲ့တာဖြစ်ပြီး၊ ကန့်ကွက်သူတစ်ဦးဖြစ်တဲ့ အာရီဇိုးနားပြည်နယ် ရီပါပလစ်ကန်ပါတီ လွှတ်တော် အမတ် အင်ဒီဘစ်က “မြန်မာနိုင်ငံက အဖြစ်အပျက်တွေဟာ ဝမ်းနည်းစရာအဖြစ်ပဲဖြစ်ကြောင်း၊ ဒါပေမယ့် တကမ္ဘာလုံးမှာ ဒီလိုအဖြစ်တွေ နေရာတိုင်းမှာဖြစ်နေပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာကြီး တစ်ခုလုံးရဲ့ ပုလိပ်ကြီး မဖြစ်နိုင်ကြောင်း၊ ဒီအဆိုဟာ မြန်မာနိုင်ငံရဲ့ တံခါးဝကို ဝင်ရောက်နေရာယူဖို့ ခြေလှမ်းတစ်ခု ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဟာ ကြာသပတေးနေ့ကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဥပဒေမူကြမ်း တစ်ရပ်ကို နှုတ်မဲနဲ့ အတည်ပြုခဲ့ပြီး အထက်လွှတ်တော်မှာ မဲခွဲအတည်ပြုလို့ သမ္မတလက်မှတ်ထိုးရင် ဥပဒေတစ်ရပ်ဖြစ်လာဖို့ရှိပါတယ်။

အမေရိကန်အောက်လွှတ်တော်က ဒုတိယ အဆိုမူကြမ်းအတည်ပြုတဲ့ သောကြာနေ့မှာပဲ မြန်မာနိုင်ငံမှာလည်း အမေရိကန်သံရုံးက သံအမတ်ကြီးဦးဆောင်ပြီး ဥရောပနဲ့အနောက်နိုင်ငံ သံအမတ်ကြီးတွေက အာဏာသိမ်း စစ်တပ်အနေနဲ့ အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်နေတာကို ဝေဖန်ရှုံ့ချပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စက်ဆုပ်ဖွယ်ဖြစ်ပြီး ဘယ်လို့ ဖုံးကွယ်လို့မရတဲ့ အကျင့်ပျက်လုပ်ရပ်တွေဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။

သောကြာနေ့က အကြမ်းဖက် ဖြိုခွဲမှုတွေကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ ဆန္ဒပြသူ ၉ ဦးသေဆုံးခဲ့ရပါတယ်။

 https://www.rfa.org/burmese/news/us-house-condemn-myanmar-military-coup-03192021194038.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.