2021-03-25
မြန်မာစစ်တပ်ကိုင်တွယ်လည်ပတ်နေတဲ့
ကော်ပိုရေးရှင်းကြီးနှစ်ခုကို အမေရိကန်ပြည်ထောင်စုက
အရေးယူ ဒဏ်ခတ်ဖို့ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL ) နဲ့
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC )တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက
နံမည်ပျက်စာရင်းသွင်းပြီး အရေးယူပိတ်ဆို့ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Reuters သတင်းဌာနက
MEHL ကို မှတ်ချက်တောင်းတဲ့အခါ စီးပွားရေးလုပ်ငန်းကို အာရုံထားနေရပြီး
တစုံတရာ ချက်ချင်း မတုံ့ပြန်နိုင်သေးဘူးလို့ အထွေထွေမန်နေဂျာ ဦးလှမျိုးက
အီးမေးလ်က တဆင့်အကြောင်းပြန်ခဲ့ပါတယ်။
MEHL နဲ့ MEC ဟာ အဓိက
ကော်ပိုရေးရှင်းကြီးနှစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်း
တရာကျော် လည်ပတ်နေ တာမို့ အရပ်သားပိုင် ကုမ္ပဏီအားလုံးထက် စစ်တပ်အတွက်
ဝင်ငွေရနေပါတယ်။
ဒီကော်ပိုရေးရှင်းကြီးနှစ်ခုရဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကို မသိရဘဲ အခွန်ကင်းလွတ်ရတယ်လို့ ဆိုပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊
ကြေးနီလုပ်ငန်းနဲ့ကျောက်မျက်ရတနာလုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေကနေ
ဒေါ်လာဘီလီယံနဲ့ချီရရှိနေတာလည်းဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို
အင်အားသုံးဖြိုခွင်းပြီး စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် MEHL
မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ဟာ ပထမဆုံး
ပုဂ္ဂလိကကုမ္ပဏီအဖြစ်ပေါ်ထွန်းလာပါတယ်။
ကျောက်စိမ်းနဲ့ ပတ္တမြားလုပ်ငန်းက အစ၊
ဘဏ်လုပ်ငန်း၊ စားသောက်ကုန်နဲ့ အချိုရည်ရောင်းချတဲ့ လုပ်ငန်း အလယ်၊
ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဆုံး လုပ်ငန်းမျိုးစုံက
ဝင်ငွေရနေ ပါတယ်။
MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို
၁၉၉၇ ခုမှာ စတင်ထူထောင်ပြီး ဦးပိုင်လို လုပ်ငန်းမျိုးစုံရှိပေမယ့်
ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် ကုန်ကြမ်းထုတ်လုပ်ရေးကို
ဦးစားပေးပြီး ကုန်ချောထုတ်တဲ့ ဘက်ကို အလေးထားလုပ်ပါတယ်။
စစ်တပ်အတွက် သဘာဝသယံဇာတနဲ့
စက်ရုံထုတ်ပစ္စည်းတွေ ဖြန့်ဖြူးပေးဖို့ MEC က ရည်ရွယ်ပါတယ်။ စစ်တပ်ပိုင်
ဒီကော်ပိုရေးရှင်းကြီးနှစ်ခုဟာ မြန်မာနိုင်ငံက အကြီးဆုံး ဘဏ်နှစ်ခုကို
ပိုင်ဆိုင်ပါတယ်။
၁၉၉၃ ခုနှစ်မှာ တည်ထောင်တဲ့ မြဝတီဘဏ်ကို
ဦးပိုင်က ပိုင်ပြီး ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်တဲ့ အင်းဝဘဏ်ကို
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ပိုင်ပါတယ်။
ဒီကော်ပိုရေးရှင်းကြီးနှစ်ခုနဲ့ လက်အောက်ခံ
ကုမ္ပဏီတွေကို ဗိုလ်ချုပ်မှုုးကြီး မင်းအောင်လှိုင်အပါအဝင် လက်ရှိ
စစ်တပ်ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အရင်ကစစ်တပ်ထိပ်တန်းပုဂ္ဂိုလ်တွေ
သြဇာညောင်းပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ
ဒီကော်ပိုရေးရှင်းနှစ်ခုက မြေယာတွေပိုင်ဆိုင်ပြီး
နိုင်ငံခြားကုမ္ပဏီတွေကို ငှားရမ်းထား တာလည်း ရှိပါတယ်။ ဒါတင်မက
ပြည်ပကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေ ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.