
အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေတဲ့ စစ်တပ်ပိုင်
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို
ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန် ပြည်ထောင်စုက မတ်လ ၂၅ ရက် ဒီနေ့
ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ဒီမိုကရေစီအစိုးရကို
အာဏာပြန်လွှဲပေးဖို့ ငြင်းဆန်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဆက်လက်
အကြမ်းဖက်နေတဲ့အတွက် အခုလို အရေးယူလိုက်တာလို့ ဆိုပါတယ်။ ဒါဟာ
အာဏာသိမ်း စစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ လတ်တလော အထိရောက်ဆုံး
အရေးယူမှု ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က
ထုတ်ပြန်ပါတယ်။
ဒီအရေးယူမှုဟာ စစ်အာဏာသိမ်းခေါင်းဆောင်တွေ၊
စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေ၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့
ဖိနှိပ်မှုတွေကို အားပေးကူညီနေတဲ့ အရင်းအမြစ်တွေကို အဓိက ပစ်မှတ်ထားမှာ
ဖြစ်ပြီး မြန်မာပြည်သူတွေကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန်နည်းတူ
ဗြိတိန်နိုင်ငံကလည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို ဒီနေ့
ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ရှိပြီး၊ မြန်မာနိုင်ငံက
စစ်အာဏာသိမ်းမှုနဲ့ စက်ဆုတ်ဖွယ် အကြမ်းဖက် ရက်စက်မှုတွေအတွက်
တာဝန်ရှိသူတွေကို အရေးယူဖို့ ကတိကဝတ်တွေအတိုင်း နှစ်နိုင်ငံပူးတွဲပြီး
ဆက်လက် လုပ်ဆောင်သွားမယ် လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့
ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေကို
အကြမ်းဖက်နေတာတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူအားလုံးကို
ပြန်လွှတ်ပေးဖို့နဲ့ နောက်ထပ်ဖမ်းဆီးတာတွေ မလုပ်ဖို့၊ စစ်အုပ်ချုပ်ရေးနဲ့
အရေးပေါ်အခြေအနေ ကြေညာ ထားတာကို ရုတ်သိမ်းဖို့၊ အင်တာနက် ဆက်သွယ်ရေး
အကန့်အသတ်တွေ ကို ဖယ်ရှားဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြောက်ထားတဲ့
အစိုးရကို အာဏာ ပြန်လွှဲပေးဖို့အတွက် ဗြိတိန်၊ ကနေဒါနဲ့ တခြား မဟာမိတ်တွေ
လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ ဆက်လက်တောင်းဆိုကြောင်းလည်း အမေရိကန်
နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
https://www.rfa.org/burmese/news/us-sanction-america-coup-myanmar-army-military-03252021111041.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.