Breaking

March 31, 2021

စစ်တပ်နဲ့ ပူးပေါင်းနေတာ ပြည်သူ့ဆန္ဒကို ဆန့်ကျင် တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

2021-03-30

စစ်တပ်နဲ့ ပူးပေါင်းနေတာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော 
 ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken။
Photo: AFP

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ စစ်တပ်နဲ့ စီးပွားရေး အဆက်အဆံတွေ ဖြတ်တောက်ဖို့ စစ်တပ်ကို အထောက်အပံ့ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကုမ္ပဏီတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းတာ နှစ်လကြာလာချိန်မှာ အာဏာသိမ်းတာကို ဆန့်ကျင်သူ ၅၁၂ဦး အသတ်ခံရပြီး၊ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာတင် လူပေါင်း ၁၄၁ဦး သေဆုံးခဲ့ရတာမို့ သွေးစွန်းသောနေ့ဖြစ်ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောကြားရမှာ ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့ပုံစံဟာ တဖြေးဖြေး ပိုမိုကြမ်းတမ်းလာပြီး ငါးနှစ်အရွယ် ကလေးတွေပါ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတာကို အမေရိကန်နိုင်ငံအနေနဲ့ ရှုတ်ချခဲ့ပြီး ကန့်သတ်ပိတ်ဆို့မှု တချို့ကို ပြုလုပ်ခဲ့ပေမယ့် မြန်မာစစ်ဗိုလ်ချုပ်တွေက ပြောင်းလဲဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ကို အထောက်အပံ့ပေးနေတဲ့ နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံတာတွေကို ပြန်လည်ထုတ်ယူဖို့ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပြီး စစ်အစိုးရ အကျိုးဖြစ်ထွန်းရေးအတွက် ရင်းနှီးမြှုပ်နှံနေတာတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်နေတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ပြီးခဲ့တဲ့ အပတ်အတွင်း စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီးနှစ်ခုကို ကန့်သတ်ပိတ်ဆို့တာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် အမေရိကန်ရဲ့ဒေသဆိုင်ရာ မိတ်ဖက်နိုင်ငံ တချို့ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေက ကုမ္ပဏီတချို့ဟာ မြန်မာစစ်တပ်ပိုင် ကုမ္ဗဏီတွေနဲ့ အဆက်အစပ်တွေ ရှိနေတုန်းဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

 https://www.rfa.org/burmese/news/antony-blinken-myanmar-military-coup-03302021175320.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.