Breaking

March 31, 2021

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ အရေးပေါ် ဆွေးနွေးမည်

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)

2021-03-29

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့ အထူးအရေးပေါ် အစည်းအဝေးလုပ်ဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် တရက်တည်းမှာတင် ကလေးငယ်တွေအပါအဝင် လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက သေဆုံးမှုအများဆုံးဖြစ်ခဲ့ရတဲ့ ဒီအခြေအနေကို လုံခြုံရေးကောင်စီမှာ အရေး ပေါ် ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာပါ။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကနေ ဗုဒ္ဓဟူးနေ့မှာ မြန်မာ့အရေးကို တံခါးပိတ်ဆွေးနွေးကြမှာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener အစီရင်ခံမှာဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက်တခုခု ထွက်လာနိုင်မလားဆိုတာတော့ မသေချာသေးပါဘူး။

လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးယူဖို့ ကြိုးပမ်းတိုင်း တရုတ်နဲ့ ရုရှားက အမြဲ ကန့်ကွက်လေ့ရှိပါတယ်။

ဒါပေမဲ့ မနေ့ကတော့ - ရုရှားအစိုးရက - မြန်မာပြည်မှာ အရပ်သားသေဆုံးမှုအရေအတွက် တိုးလာတဲ့အပေါ် အရမ်းကို စိုးရိမ်ကြောင်း ထူးထူးခြားခြား ထွက်ပြောခဲ့ပါတယ်။

ဒီ့မတိုင်ခင် မတ်လ ၁၂ ရက်နေ့ကလည်း - မြန်မာပြည်သူတွေ သေဆုံးနေရတဲ့ဖြစ်ရပ်နဲ့ စိုးရိမ်စရာ အခြေအနေ တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရသူ Dmitry Peskov က ပြောခဲ့ဖူးပါတယ်။

စနေနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin တက်ရောက်ခဲ့တဲ့ကိစ္စ မစ္စတာ Peskov ကို သတင်းထောက်တွေက မေးမြန်းချိန် မြန်မာ နိုင်ငံရဲ့အခြေအနေကို သေသေချာချာ အနီးကပ် ဆက်လက် စောင့်ကြည့်နေပြီး၊ မြန်မာနဲ့ ရုရှားနိုင်ငံကြား အချိန်အတော်ကြာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ ခိုင်မြဲတဲ့ တိုးတက်မှုတွေ ရှိတယ်ဆိုပေမဲ့ - ဒါဟာ မြန်မာနိုင်ငံမှာ လတ်တလော ထိခိုက်သေဆုံးနေရတဲ့ ကြေကွဲစရာ အဖြစ်အပျက်တွေကို လက်ခံနေတဲ့ သဘောမျိုး လုံးဝမဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ရုရှားက ၂ ကြိမ်တိုင်တိုင် ထူးထူးခြားခြား အခုလို ပြောဆိုလာပေမဲ့ - မြန်မာနိုင်ငံပြဿနာဟာ “ပြည်တွင်းရေး သာ ဖြစ်တယ်” - လို့ တောက်လျှောက်ပြောဆိုနေတဲ့ တရုတ်နိုင်ငံကတော့ ကလေးငယ်တွေ အပါအဝင် လူအများအပြား ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်အာဏာပိုင်တွေအပေါ် တိုက်ရိုက်သတိပေး ပြောဆိုတာ မျိုး မရှိသေးပါဘူး။ မနေ့တုန်းက တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကလည်း တည်တည်ငြိမ်ငြိမ် ဆောင်ရွက် ကြဖို့သာ ယေဘုယျဆန်ဆန် ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူအားလုံးအနေနဲ့ လက်ရှိ တင်းမာနေတဲ့ အခြေအနေလျော့ကျအောင် တည် တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ အပြုသဘော ချဉ်းကပ်ကြဖို့၊ အပြုသဘော လုပ်ဆောင် ကြဖို့ ကျနော်တို့ မျှော်လင့်တယ်ဆိုတာကို အခွင့်အခါသင့်တိုင်း ကျနော်တို့ ပြောနေတာပါ။ အကြမ်းဖက်မှုနဲ့ သွေးထွက်သံယို ပဋိပက္ခတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ တကယ်တမ်း ထိခိုက်နစ်နာရတာက မြန်မာပြည်သူတွေပါပဲ”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အနောက်နိုင်ငံတွေက ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုနေပေမဲ့ တရုတ် အစိုးရက အခုချိန်ထိ အာဏာသိမ်းမှုလို့ မသုံးဘဲ စစ်ကောင်စီရဲ့ အသုံးအနှုန်းအတိုင်း “အာဏာလွှဲပြောင်း ရယူမှု” - လို့ တရားဝင် ပြောဆိုထားသလို၊ အခုချိန်ထိလည်း အာဏာသိမ်းမှုကို “ရှုတ်ချပါတယ်” လို့ ပြောဆို တာ မရှိပါဘူး။

ဒါကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့ လုံခြုံရေးကောင်စီမှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲမှာလည်း အရင်လို တရုတ် နဲ့ ရုရှားက ကန့်ကွက်ဦးမလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေတာပါ။

လူ့အခွင့်အရေးနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ David Mathieson ကတော့ - ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အချင်းချင်း အားပြိုင်မှုတွေကြားမှာ မြန်မာက ညပ်နေတယ်လို့ သုံးသပ်ပါတယ်။

“အမေရိကန်နဲ့တင်မက ဂျပန်၊ အိန္ဒိယတို့နဲ့ပါ ပြိုင်ဆိုင်မှုတွေ တိုးလာနေတဲ့ မဟာဗျုဟာကျကျ အခြေအနေကို တရုတ်က မြင်တယ်။ ဒီနိုင်ငံတွေက သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခံစားချက်မျိုးလည်း သူ့မှာ ရှိတယ်။ ကံဆိုးတာက မြန်မာပြည်ဟာ ဒီနိုင်ငံတွေရဲ့ ခေတ်သစ်စစ်အေးတိုက်ပွဲကြားမှာ ရောက်နေတာပါ။ ဒီနိုင်ငံတွေ အားလုံးအနေနဲ့ မတူတာတွေ ဘေးဖယ်ထားပြီး မြန်မာပြည်သူတွေအတွက် မှန်မှန်ကန်ကန် ကြိုးပမ်းပေးသင့်တယ်။ စစ်တပ်ကို ဖယ်ရှားပြီး၊ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက် ပြန်ရောက်နိုင်မယ့် နည်း လမ်းကိုလည်း ရှာပေးသင့်ပါတယ်။”

မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ရပ်တည်ချက်ကို မကျေနပ်ကြတဲ့ - မြန်မာပြည်သူတွေကြားမှာတော့ “တရုတ် ဆန့်ကျင်ရေး” စိတ်ဓာတ်တွေက အရင်ကထက် ပိုပြင်းထန်လာနေတာပါ။

တရုတ်-မြန်မာဆက်ဆံရေးလေ့လာသူ ဒေါ်ခင်ခင်ကျော်ကြီးကတော့ - တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူ တွေရဲ့အသံကို နားထောင်သင့်ပြီလို့ ပြောဆိုပါတယ်။

“များသောအားဖြင့် Dominant Power (အာဏာ) ရှိတဲ့ အစိုးရ ကိုပဲ ပိုပြီးတော့မှ တရားဝင်သဘော ဆက်ဆံ လေ့ ဆက်ဆံထ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာတော့ အထူးသဖြင့် တကယ်သာ ပေါက်ဖော် ဆက်ဆံရေးမျိုးကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ မြန်မာပြည်သူလူထုရဲ့အသံတွေကို နားထောင် ရမယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၁ လကျော်အကြာ မတ်လ ၁ဝ ရက်နေ့မှာမှ - အမျိုးသမီးနဲ့ ကလေး ငယ်တွေအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းနေမှုကို ပြင်းပြင်း ထန်ထန် ရှုတ်ချတဲ့ကြေညာချက်တစောင် ပထမဆုံးအကြိမ် လုံခြုံရေးကောင်စီက ထုတ်ပြန်နိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း “အာဏာသိမ်းမှု” ဆိုတဲ့ စကားလုံးကို အသုံးပြုဖို့နဲ့ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ဆက်ပြီး တိုက်ခိုက်ဖြိုခွင်းနေရင် နိုင်ငံတကာက အရေးယူမှုတွေ လုပ်ကောင်းလုပ်နိုင်တယ်ဆိုတဲ့အပေါ် မှာတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကြားမှာ အထူးသဖြင့် ရုရှားနဲ့ တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် သဘော တူညီမှု မရခဲ့ကြဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၄ ရက်အကြာမှာလည်း - အာဏာသိမ်းမှုကို “ရှုတ်ချတယ်” ဆိုတဲ့ စကားလုံး အစား၊ “သိပ်ကို စိုးရိမ်တယ်” ဆိုတာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ပဲ တောင်းဆိုခဲ့ပါတယ်။

RFA ကနေ သီးခြားပြုစုထားတဲ့စာရင်းအရ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ကတည်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် နိုင်ငံအနှံ့မှာ သေဆုံးသူ ၄၂ဝ ကျော် ရှိသွားပါပြီ။ ဒီအရေအတွက် အချက်အလက် အတိအကျ ရရှိထားတဲ့စာရင်းဖြစ်ပြီး၊ ပိုင်ရှင်မဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ သယ်သွားတဲ့စာရင်းတွေ အတိအကျ မရသေးတာကြောင့် ဒီ့ထက်မက များနိုင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့စာရင်းမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ မတ်လ ၂၉ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၅၁ဝ ရှိပါတယ်။

 https://www.rfa.org/burmese/news/myanmar-and-un-security-council-03292021205054.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.