နန္ဒာချမ်း(ဝါရှင်တန် ဒီစီ)
CRPH က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကြိုဆိုလိုက်ပြီး တချိန်တည်းမှာပဲ တိုင်းရင်းသားတွေ ပူးပေါင်းလာဖို့ဆိုရင် CRPH အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာဖို့လိုတယ်လို့ SNLD ဒု-ဥက္ကဋ္ဌ ဦးစိုင်းလိတ်က ပြောပါတယ်။
“CRPH က အခုလို ကြေညာလိုက်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေး ရည်မှန်းချက်လို့ပဲ ပြောတာကိုး။ တကယ်တမ်း မျှော်မှန်းထားတာက CRPH အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံက မရှိတော့ဘူး။ ဖျက်သိမ်းလိုက်ပြီ။ ၂ဝဝ၈ ကို အပြီးတိုင်ချုပ်ငြိမ်းပြီလို့ သူတို့က သတ်မှတ်ကြေညာရမှာ။ အဲဒါမှသာလျှင် ကျန်တဲ့တိုင်းရင်း သား အင်အားစုတွေနဲ့ လက်တွဲပြီးတော့မှ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးကို ပိုမိုအရှိန်ကောင်း စွာနဲ့ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သုံးသပ်ပါတယ်”
မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ CRPH ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေထဲမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံဥပဒေ ပေါ်ပေါက်ရေးဆိုတာ ပါဝင်ပါတယ်။
တဆက်တည်းမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းလို့ သေဆုံးဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေရှိနေပေမယ့် ဒီကနေ့မှာလည်း မြန်မာနိုင်ငံတဝန်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ထားဝယ် စတဲ့ မြို့ကြီးတွေမှာ ဆက်ပြီးဆန္ဒပြနေကြပါတယ်။
ဒီနောက်ပိုင်းဆန္ဒပြကြတဲ့လူငယ်တွေဟာ စစ်တပ်နဲ့ ရဲတို့ကို ထိပ်တိုက်တွေ့တာမျိုးတွေကိုရှောင်ပြီး အကာအရံတွေ၊ လမ်းမပေါ်တွေမှာ အတားအဆီးတွေ ချထားတာ စတဲ့ နည်းလမ်းမျိုးကို အသုံးပြုပြီး ဆန္ဒပြနေကြပါတယ်။
အတားအဆီးတွေဖြိုခွင်းခံရပေမဲ့ ဒီနေ့မနက် တောင်ဥက္ကလာ ပဒေသာလမ်းဆုံအနီး မေတ္တာလမ်းမပေါ်မှာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
သပိတ်မစခင်ကတည်းက ရဲနဲ့စစ်သားတွေက ဖြိုခွင်းခဲ့ပေမဲ့လည်း နေ့ခင်းအထိ ဆက်လက်ဆန္ဒပြခဲ့ကြ တယ်လို့ ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။
မန္တလေး၊ မနော်ဟရီလမ်း (လမ်း ၁၁ဝ) ၄၅ လမ်း ၄၆ လမ်းကြား၊ အောင်သာယာရပ်ကွက် ချမ်းမြသာစည်မြို့ မှာလည်း ထိုင်သပိတ် ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့ခံတစ်ဦးက ဆန္ဒပြပွဲတွေ ဆက်ရှိနေတာနဲ့ပတ်သက်ပြီး RFA ပြောပါတယ်။
ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့မှာ လမ်းလျှောက်ဆန္ဒပြသူတွေကို စစ်သားနဲ့ ရဲတွေက
မျက်ရည်ယိုဗုံး၊ လေးခွတွေ၊ အသံပေး သေနတ်တွေနဲ့ ပစ်ဖောက်ကာ
ဖြိုခွင်းခဲ့ပါတယ်။ တချို့ထွက်ပြေးရင်း ထိခိုက်ဒဏ်ရာ ရရှိသူတွေ
ရှိခဲ့ပါတယ်။
ဒီကနေ့ ဆန္ဒပြသူတွေကတော့ အုပ်စုလိုက် ပြောက်ကျားပုံစံနဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသလို တချို့လည်း ထိုင်သပိတ်အနေနဲ့စုပြီး ဆန္ဒပြခဲ့ကြတာပါ။
ဧရာဝတီတိုင်း ပုသိမ်မြို့က ဧရာဝတီ ကရင်လူငယ် အထွေထွေသပိတ် စစ်ကြောင်းထဲမှာ သတင်းပေးတစ်ဦးနဲ့ လက်နက်ကိုင်ဆောင်သူတွေကို ဆန္ဒပြသူတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သတင်းပေးသူက သူဟာ စစ်တပ်ကဖြစ်တယ်လို့ ဆန္ဒပြသူတွေကို ဝန်ခံခဲ့ပါတယ်။
ဆန္ဒပြသူတွေဘက်ကလည်း သူတို့ဟာ အကြမ်းမဖက်ဆန္ဒပြနေတာဖြစ်ကြောင်း ပြောဆိုပြီး စစ်တပ်သတင်း ပေးသူကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီလို ပြန်လွှတ်ပေးပြီး နောက်တစ်လမ်းဖြစ်တဲ့ တောရကျောင်းလမ်းနဲ့ စကားဝါလမ်းထောင့်မှာ လက်နက် ကိုင်ဆောင်သူတွေကို ဆန္ဒပြသူတွေက ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ဖမ်းမိသူတွေရဲ့ အိတ်ထဲမှာ ဓားမြှောင် တစ်လက်၊ လေးဂွနဲ့ သံဘောစိတွေ၊ ဖန်ဂေါ်လီတွေနဲ့ သံဆူးညှောင့်တွေကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
သတင်းပေးတွေ၊ လက်နက်ကိုင်ဆောင်သူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေထဲကို ရောနှောမလိုက်ပါဖို့ ဆန္ဒပြသူတွေက သတိပေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
မကွေးတိုင်းထဲက မကွေး၊ အောင်လံ၊ ချောက်၊ ရေနံချောင်း စတဲ့မြို့တွေပေါ်မှာလည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်မှာလည်း ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေဟာ စစ်တပ်၊ ရဲတို့နဲ့ ထိပ်တိုက် တွေ့ဆုံတာမျိုး မလုပ်တော့ဘဲ ငြိမ်းချမ်းစွာနဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် ကျည်အစစ်နဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေအတွင်း RFA ရဲ့ ကနဦး ပြုစုထားတဲ့စာရင်းအရ သေဆုံးသူ ၄၉ ဦးအထိ ရှိနေပါပြီ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Vajda ကတော့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တယ်လီဖုန်းနဲ့တဆင့် ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းနေတာတွေ ချက်ချင်းရပ်ဖို့ ပြောဆိုခဲ့ပါတယ်။
https://www.rfa.org/burmese/news/crph-announces-political-goals-03062021043931.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.