Breaking

March 24, 2021

Mr.Sean Turnell ကို စွဲချက်တင်တာ ဥပဒေနဲ့မညီဟု လူ့အခွင့်အရေးရှေ့နေဝေဖန်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

2021-03-23

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေတွေနဲ့ စွဲဆိုပြီး စစ်ဆေးနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ မစ္စတာ ရှောင်တာနဲလ်ကို ခုလို အကြောင်းရှာပြီး စွဲချက်တင်လိုက်တာဟာ ဥပဒေကို လက်တစ်လုံးခြားလုပ်ရာ ရောက်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လည်လွတ်မြောက်ဖို့အတွက် ကြိုးစားနေကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီစ် ပန်းန် က ပြောကြားထားပြီး၊ သြစတြေးလျ တပ်မတော် ဒု-ဦးစီးချုပ် ကလည်း ဖေဖော်ဝါရီလ ၂၂ရက်နေ့က မြန်မာစစ်တပ်ရဲ့ ဒု-ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံကို ဖုန်းဆက်ပြီး ပါမောက္ခ ရှောင်တာနဲလ်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ မစ္စတာ ရှောင်တာနဲလ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်က ဘာအကြောင်း ကြောင့် ဖမ်းဆီးရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောခဲ့ဘဲ မနေ့က မတ်လ ၂၃ရက်နေ့ သတင်းစာ ရှင်းလင်းပွဲရောက်မှသာ မစ္စတာ ရှောင်တာနဲလ်ကို မြန်မာနိုင်ငံရဲ့ ဥပဒေနှစ်ခုကို ချိုးဖောက်မှုအတွက် ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေတာ ဖြစ်ကြောင်း စစ်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁)အရ ဥပဒေပါ လူဝင်မှုကြီးကြပ်ရေး စည်းကမ်းချက်တွေကို ဖောက်ဖျက်တဲ့ နိုင်ငံခြားသားဟာ ထောင်ဒဏ် အနည်းဆုံး ၆လကနေ အများဆုံး ငါးနှစ်အထိ ကျခံရနိုင်ပြီး၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ရဲ့ ပုဒ်မ ၃(၁) အရ နိုင်ငံတော် လျှို့ဝှက်ချက်ကို ပေါက်ကြားမှုအတွက် ထောင်ဒဏ် ၁၄နှစ်အထိ အများဆုံး ချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ အခုလို မြန်မာနိုင်ငံမှာ အရင်ကတည်းက ဥပဒေနဲ့ အညီ အလုပ်လုပ်နေခဲ့တဲ့ စီးပွားရေး ပညာရှင် မစ္စတာ ရှောင်တားနားကို အာဏာသိမ်းမှု နောက်ပိုင်းမှာ အကြောင်းရှာပြီး ဖမ်းဆီးလိုက်တာဟာ ဥပဒေကို လက်တစ်လုံးခြားလုပ်လိုက်တာလို့ အာရှ လူ့အခွင့်အရေးကော်မရှင် AHRC က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေး မစ္စတာ ရှောင်တာနဲလ်ကို ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် NLD အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ အတူ ဖမ်းဆီးထိန်းသိမ်းထားတာဟာ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထား မရှိဘဲ အကြောင်းရှာပြီး ဖမ်းဆီးထားတာလို့ ယုံကြည်တဲ့ အကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီစ်ပန်န်က မတ်လ ၇ရက်နေ့က ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သြစတြေးလျနိုင်ငံကနေ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့ စစ်တပ်ချင်း ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ရပ်တန့်ထားမယ့်အကြောင်း သူမက ပြောသွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မစ္စတာ ရှောင်တာနဲလ်နဲ့ နှစ်ကြိမ် ဆက်သွယ် စကားပြောခွင့်ရခဲ့ပြီး သူ့ကို ထိန်းသိမ်းထားတဲ့ အရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ကောင်းမွန်စွာ ဆက်ဆံကြသည်ဟု ပြောကြောင်း၊ ဘာအမှားတစ်ခုမှ လုပ်မထားပေမယ့်၊ သူ့ကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက ထိန်းသိမ်းထားတာ ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိမယ်လို့ နားလည်ကြောင်းနဲ့ အမြန်ဆုံး အိမ်ပြန်ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ရှောင်တာနဲလ်ရဲ့ ဇနီးက ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

https://www.rfa.org/burmese/news/mr-sean-turnell-who-got-detained-by-military-coup-03232021192038.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.