Breaking

March 25, 2021

စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှု ICC မှာ အရေးယူရေးအဆို ကုလလူ့အခွင့်အရေး ကောင်စီ အတည်ပြု

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)

2021-03-24

မြန်မာနိုင်ငံက ရဲနဲ့စစ်တပ်က နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာတရား စီရင်ရေးလုပ်ငန်းစဉ်တွေကနေ အရေးယူရေးအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဒီကနေ့ သဘောတူ ချမှတ်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ကျင်းပတဲ့ ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံကနေ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ထဲမှာ - အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံးတွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။

ဆုံးဖြတ်ချက်မချခင် မူကြမ်းအဆိုကို ဦးဆောင်တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ပေါ်တူဂီအမြဲတမ်း ကိုယ်စားလှယ် Rui Macieira ကတော့ -

“မြန်မာစစ်တပ်ဟာ ရက်ရက်စက်စက် ဖိနှိပ်တာတွေကို တိုးပြီး လုပ်ဆောင်လာနေတယ်။ ဒီလုပ်ရပ်တွေ အတွက် တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်။ အင်အားအလွန်အကျွံအသုံးပြုနေတာတွေ ရပ်ပြီး မြန်မာပြည်သူ တွေကို သူတို့ရဲ့အခွင့်အရေးအတိုင်း လုပ်ဆောင်ခွင့်ပြုရပါမယ်။ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတာကို ရုပ်သိမ်းပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရကို အာဏာပြန်လည်လွှဲအပ်ဖို့ကိုလည်း ဥရောပသမဂ္ဂ EU အနေနဲ့ မြန်မာစစ်တပ်ကို တောင်းဆို ပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးရပါမယ်။”

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနေတာတွေ၊ အကြောင်းမဲ့ ဖမ်းဆီးတရားစွဲထောင်ချနေတဲ့ လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချထားပြီး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး IIMM အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ထောက်ခံကြောင်း လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထား ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးထွဋ် ကတော့ - နိုင်ငံတကာ တရားရေးစနစ်နဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ တရားရေးယန္တရားတွေကို ထိခိုက်စေနိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှာ တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတာ လုံးဝ ရှင်းပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၅၂ ရက်မြောက်ရှိခဲ့ပါပြီ။ RFA က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ ဒီကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပါအဝင် သေဆုံးသူစုစုပေါင်း အနည်းဆုံး ၂၆ဝ ရှိသွားပြီဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/icc-military-coup-un-human-rights-03242021193134.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.