Breaking

May 24, 2021

ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်

2021-05-24

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီဝင်းအတွင်း အထူးပြုလုပ် ထားတဲ့ တရားရုံးမှာ မေလ ၂၄ ရက် ဒီနေ့ လူကိုယ်တိုင် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ရှေ့နေတွေနဲ့ တွေ့ဆုံ ခွင့်ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေ ငါးယောက် မိနစ်သုံးဆယ်လောက်ကြာအောင် သီးသန့်တွေ့ဆုံခွင့် ရခဲ့ပေမယ့်၊ အခန်းကို စောင့်ကြည့်ကင်မရာတွေ တပ်ထားတဲ့အကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကျန်းမာစေဖို့ ဆုတောင်းနေတဲ့အကြောင်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူတွေရှိနေသမျှ ဆက်ပြီးတည်ရှိနေမှာ ဖြစ်တယ်လို့ ပြောလိုက်တဲ့အကြောင်း ဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။

အဲဒီအပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖမ်းဆီးခံလိုက်ရချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ဟာ အပြင်မှာဖြစ်ပျက်နေတာတွေကို ဘာမှ သိမထားဘူးလို့လည်း သူက ပြောပါတယ်။

ရှေ့နေ ငါးဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ရတဲ့ မိနစ် ၃၀ ဟာ လုံလောက်မှုမရှိဘူးလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ ဒီနေ့ ရုံးထုတ်စစ်ဆေးတဲ့ အထူးတရားရုံးဟာ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို တိတိကျကျ မသိရသလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူ့ကို ဘယ်နေရာမှာ ပို့ထားတယ်ဆိုတာ ကိုယ်တိုင်မသိဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြီးခဲ့တဲ့ သုံးလကျော်အတွင်း အွန်လိုင်း ဗီဒီယိုစနစ်နဲ့ပဲ ရုံးထုတ်ခဲ့ရာကနေ၊ စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံတော်တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ အထူးတရားရုံး တစ်ရုံးဖွဲ့ပြီး ဒီနေ့မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။

ဒီနေ့ရုံးထုတ်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးအောင်တို့ကိုလည်း အဲဒီနေရာမှာပဲ စစ်ဆေးခဲ့ပြီး သုံးဦးစလုံး ကျန်းမာရေး ကောင်းမွန်တာ မြင်ခဲ့ရတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

လာမယ့် ဇွန်လ ၇ ရက်နေ့ကို နောက်တစ်ကြိမ် ရုံးချိန်းပေးလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ငါးမှု၊ ရန်ကုန်မှာ တစ်မှုနဲ့ စုစုပေါင်း ခြောက်မှု စစ်ကောင်စီက တရားစွဲထားပါတယ်။ သူတို့ကို အရေးယူမှာ ဖြစ်သလို၊ NLD ပါတီကိုလည်း ဖျက်သိမ်းမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်တဲ့ ပါတီတချို့နဲ့ တွေ့ဆုံပွဲမှာ ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေကတော့ လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက် စကား ပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက် ဖြစ်အောင် ကြံရွယ်မှုနဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေတို့ ဖြစ်ပါတယ်။

အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဟာ ထောင်ဒဏ်ဆယ့်လေးနှစ်ထိ အမြင့်ဆုံး ချမှတ်နိုင်ပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုတော့ ကိုရိုနာ ဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ အများပြည်သူ မငြိမ်မသက် ဖြစ်အောင် ကြံရွယ်မှု စတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲချက်တင်ထားပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.