Breaking

May 25, 2021

လေပြင်းဒဏ်ကြောင့် စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့အဆောင် သုံးရာကျော်ပျက်စီး

စမ်းစမ်းတင်(ဝါရှင်တန် ဒီစီ)

2021-05-25

ရခိုင်ပြည်နယ်မှာ မေလ ၂၄ ရက် မနေ့ညက မိုးသက်လေပြင်း ကျရောက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် စခန်းတွေက လူနေအဆောင် သုံးရာလောက် ပျက်စီးသွားတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက် ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က RFA ကိုပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ အမ်း စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၁၄၁ ခုထဲက လူနေအဆောင်တွေ ပျက်စီးသွားတာပါ။

မနေ့က လေဒဏ်၊ မိုးဒဏ်ကြောင့် ဒုက္ခသည်တွေ ခိုလှုံနေတဲ့ အဆောင်တချို့ လုံးဝပျက်စီးသွားသလို၊ တချို့ လည်း အမိုးအကာတွေ ပျက်စီးသွားပြီး ဒီထက်ဆိုးဆိုးဝါးဝါးပျက်စီးသွားမယ့် အခြေအနေရှိတယ်လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

ကိုဇော်ဇော်ထွန်း

“စခန်းတော်တော်များများမှာကတော့အနည်းအများဆိုသလိုပေါ့နော် အပျက်အစီးတွေရှိပါတယ်။ တချို့တဲ အဟောင်းတွေဆိုလို့ရှိရင်တော့ လုံးဝပြိုပျက်သွားတာတွေရှိတယ်။ တချို့ကတော့ အမိုးတွေလန်သွားတာ၊ အကာတွေလန်သွားတာတွေရှိတာပေါ့နော်။ အရေအတွက်ကတော့ အတိ အကျ မသိသေးဘူးပေါ့နော်။ ကျွန်တော်တို့ စာရင်းတွေကောက်နေတုန်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ခန့်မှန်းခြေ ကတော့ အရေအတွက် သုံးရာလောက် က အပျက်အစီးရှိနိုင်ပါတယ်။ ဒီထက်ဆိုးရွာလာဖို့ အခြေအနေ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် အဆောက်အအုံတွေက လေပြင်းမတိုက်ခင်ကတည်းက တော်တော်လေးကိုဟောင်းနွမ်းနေပြီ ဆိုတော့လေ အခုက လေပြင်းတွေလည်းတိုက်တော့ ပျက်စီး တာတွေရှိလာတယ်ပေါ့နော်။ နောက်ဒီထက် ပိုပြီးတော့မှာ မိုးတွေ ရွာလာလို့ရှိရင်လည်း ဆိုးဝါးလာ မယ့်အခြေအနေရှိတယ်”

ရခိုင်ပြည်နယ်ဟာ မုန်တိုင်းဒဏ်၊ မိုးသက်လေပြင်းဒဏ်ကို နှစ်စဉ်နှစ်တိုင်းဆိုသလိုပဲ ခံနေကြရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မနက် ၁၁ နာရီခွဲက ထုတ်ပြန်ချက်မှာလည်း ဆိုင် ကလုန်းမုန်တိုင်း “ယာစ် YAAS ဟာ ဘင်္ဂလားပင်လယ်ထဲမှာ တိုက်ခတ်နေတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

အဲဒီမုန်တိုင်းရဲ့အရှိန်ကြောင့် ဒီနေ့မနက်ကတည်းက လေပြင်းတွေတိုက်ခတ်နေသလို မနေ့ညနေကလည်း လေပြင်းတွေတိုက်ခတ်ခဲ့တဲ့အတွက် အခုလို ဒုက္ခသည်တွေ ခိုလှုံနေတဲ့အဆောင်တွေ ပျက်စီးသွားတာပါ။

nyaung-chaung-refugees.jpg
(လေပြင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်းဒုက္ခသည်စခန်းက နေအိမ်များ)

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းမှာတော့ လူနေအဆောင် ဆယ်လုံး ပျက်စီးသွား တယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က RFA ကိုပြောပါတယ်။

“မနေ့ညက လေတိုက်တာရယ်။ မိုးရွာတာရယ်ဆိုတော့လေ စစ်ရှောင်တွေနေတဲ့ နေအိမ်တစ်ဆယ်ကျော် လောက် ခေါင်မိုးလွင့်ထွက်သွားတယ်။ မနှစ်ကဆောက်ထားတဲ့ တချို့တာပေါ်လင်တွေနဲ့ မိုးထားတဲ့ အိမ်တွေဆိုလို့ရှိရင် တာပေါ်လင်တွေ ပေါက်ပြဲပြီးတော့ မိုးယိုတယ်။ သူတို့နေထိုင်ဖို့၊ စားသောက်ဖို့၊ ချက်ဖို့ပြုတ်ဖို့ အခက်အခဲဖြစ်နေတဲ့အပိုင်းတွေရှိတယ်။ ကျွန်တော်တို့စခန်းမှာ ထူးခြားဖြစ်တာကတော့ မနေ့ညကပိုပြီးတော့ဖြစ်တယ်။ ဒီနေ့ဆိုရင်လည်း မိုးတွေအုံ့ဆိုင်းနေတယ်ပေါ့နော်။ လေတွေလည်းတိုက် နေတာရှိတယ်။ ဒီထက်ပိုပြီး ဆိုးလာနိုင်တဲ့အခြေအနေရှိတယ်”

အဲဒီညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်က တင်းမကြီး၊ တင်းမသစ်၊ မျောက်တောင်၊ သာစည်၊ လောင်းရှည်၊ ပြိုင်းတိုင်း၊ မီးဝ၊ မီးလက်ဝ စတဲ့ကျေးရွာတွေက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် ခိုလှုံနေတာပါ။

ဒုက္ခသည်စခန်းကိုလည်း ဝါးတွေ၊ ဓနိတွေ၊ တာပေါ်လင် စတာတွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ဆောက်လုပ်ထားတာဖြစ်ပြီး အခုလက်ရှိ အဆောင်တော်တော်များများက ပျက်စီးနေပြီလို့လည်း သူကဆိုပါတယ်။

အလားတူ မြေပုံမြို့နယ် စညှင်းစစ်ဘေးဒုက္ခသည်စခန်းမှာလည်း မနေ့ညနေက မိုးသက်လေပြင်း ကျရောက်ခဲ့တာကြောင့် ရိက္ခာအဆောင်နဲ့လူနေအဆောင် ၅ ဆောင်ပျက်စီးသွားပြီး အခုလက်ရှိ အဲဒီ ဒုက္ခသည်တွေဟာ ယာယီစာသင်ကျောင်းရဲ့ မြေပြင်နေထိုင်နေရတယ်လို့ စခန်းတာဝန်ခံ ဦးဇင်း သဘာဝနဒီက မိန့်ကြားပါတယ်။

သဘာဝနဒီ

“စခန်းအခြေအနေက တော်တော်ဆိုးတယ်။ မနေ့က မိုးသက်လေပြင်း ကျရောက်ခဲ့တဲ့အတွက်ကြောင့် ဒုက္ခသည်တွေအတွက်ထားတဲ့ စားနပ်ရိက္ခာ ဂိုဒေါင်တစ်လုံး ပြိုလဲသွားတယ်။ နောက်ပြီးတော့ စခန်းထဲက နေအိမ် တချို့လည်း ခေါင်မိုးတွေ လွင့်ပါသွားတာရှိတယ်။ တချို့အိမ်တွေဆိုရင်လည်း အပေါက်တွေနဲ့ ပြန်လည်းမပြုပြင်ရသေးတာကြောင့် မိုးယိုပြီးတော့ နေလို့ ထိုင်လို့မရတဲ့လူတွေဟာ စခန်းထဲမှာဆောက်ထားတဲ့ ယာယီစာသင်ကျောင်း မှာပဲ နေနေရတယ်။ စာသင်ကျောင်းဆိုတာက ဦးဇင်းတို့က အဆောင်ဆောက် ထားတာမဟုတ်ဘူး။ သွပ်ပြားမိုးထားပေမယ့် မြေကြီးပေါ်မှာပဲ သူတို့ နေထိုင် နေရတယ်”

အဲဒီစညှင်းစစ်ဘေးဒုက္ခသည်စခန်းမှာတော့ ဒလချောင်း၊ အင်ဂြင်း၊ လေသွန်း၊ စညှင်း စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၁၂၀ ကျော်ခိုလှုံနေတာပါ။

စခန်းတည်ဆောက်ကတည်းက ဝါးတွေ၊ ဓနိတွေ၊ တာပေါ်လင်တွေနဲ့ ကိုယ်ထူကိုယ်ထ ဆောက်လုပ် ခဲ့တာဖြစ်ပြီး အခုတစ်နှစ်ကျော်အထိ အစိုးရကနေ တစ်စုံတစ်ရာအကူအညီပေးတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

အဲဒီလိုပဲ လူဦးရေ တစ်ထောင်ကျော်ခိုလှုံနေတဲ့ ကမ်းထောင်းကြီးမြို့ စစ်ဘေးဒုက္ခသည်စခန်းမှာလည်း မနေ့ကညက မိုးသက်လေပြင်းကျရောက်တာကြောင့် လူနေအဆောင် ခြောက်ဆောင် ပျက်စီးသွားတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ကိုအောင်ဝင်းမြင့် က RFA ကို ပြောပါတယ်။

“ပျက်စီးသွားတာကတော့ရှိပါတယ်။ ရာသီဥတုဒဏ်ကြောင့်ရယ်။ နောက်ပြီးတော့ စခန်းက ဖွင့်ထား တာကြာပြီလေ။ တဲအိမ်တွေဆိုတော့ နဂိုကတည်းက ခိုင်ခိုင်မာမာဆောက်ထားတာမဟုတ်ဘူး။ ခြောက် အိမ်လောက် ပျက်စီးသွားတယ်။ သူတို့ကတခြား မပြိုလဲသွားတဲ့ နီးစပ်ရာအိမ်တွေမှာ တက်ပြီးတော့ ခိုလှုံနေရတယ်။ အကြောင်းက ဒီခေါင်မိုးတွေဘာမှမရှိတော့ဘူး”

အခုလို မိုးဒဏ်လေဒဏ်ကြောင့် တခြားမြို့နယ်တွေက ကိုယ်ထူကိုယ်ထဆောက်လုပ်ထားတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေမှာလည်း လူနေအဆောင်တွေ ပျက်စီးသွားတဲ့အတွက် ဒါတွေကိုပြုပြင်ပေးဖို့ အခု လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီမှာတာဝန်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေအနေနဲ့လည်း ကူညီဆောင်ရွက်ပေးဖို့လိုတယ်လို့ ကိုဇော်ဇော်ထွန်းက ထောက်ပြပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကတော့ ကူညီပေးသွားမယ်လို့ RFA ကိုပြောပါတယ်။ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း

“အဲဒီသတင်းက နယ်လုံဆီကိုရောက်ရင်ရောက်မယ်။ ဦးသန်းထွန်းဆီကို ရောက်ရင်ရောက်မယ်။ လောလောဆယ်တော့ ငါတို့မသိသေးဘူး။ ပျက်နေရင် တော့ကူညီရမှာပေါ့။ မကူညီလို့ဘယ်ရမလဲ။ ပျက်ရင် အိပ်စရာမှ မရှိ တော့တာ”

ကူညီပေးဖို့ကတော့ အောက်ခြေဌာနတွေနဲ့ ချိတ်ဆက်စုံစမ်းပြီး ကူညီဆောင် ရွက်သွားမှာဖြစ်ပြီး စစ်ဘေး ဒုက္ခသည်တွေအတွက် အစိုးရမှာရန်ပုံငွေအပြည့်အစုံရှိတယ်လို့လည်းဆိုပါတယ်။

အခုလို ရခိုင်မြောက်ပိုင်းကစစ်ဘေးဒုက္ခသည်စခန်းတွေမှာ လူနေအဆောင်တွေ ပျက်စီးနေတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့မတ်လ ၁၃ ရက်နေ့က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို RFA က မေးမြန်ခဲ့ရာမှာ ရခိုင်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ မိုးရာသီမှာ အိမ်ခေါင်မိုးမလုံတဲ့ ပြဿနာတွေရှိနေတာ ကိုတွေ့ရပြီး UNHCR အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးဖို့ ဆောက်ရွက်နေ တယ်လို့ RFA ကို ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်တွေက စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ခုနှစ်သောင်းကျော်နဲ့ စခန်းပြင်ပ နီးစပ် ရာအသီးသီးမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်၊ စုစုပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး  REC ရဲ့ စာရင်းတွေအရ သိရပါတယ်။

https://www.rfa.org/burmese/news/strong-wind-destroy-refugees-house-in-rakhine-05252021060036.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.