Breaking

May 29, 2021

စစ်ကောင်စီကို လက်နက်ရောင်းချမှုပိတ်ဖို့ ကုလသမဂ္ဂမှာ ကြိုးပမ်းချက် အာဆီယံကန့်ကွက်

 ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

2021-05-28

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂက ကြိုးပမ်းအားထုတ်နေတာကို ရပ်တန့်ဖို့ အာဆီယံနိုင်ငံတွေက စာရေးသား တောင်းဆိုခဲ့တဲ့အကြောင်း အဲဒီစာကိုဖတ်ခဲ့ရတဲ့ ဥရောပသံတမန်တစ်ဦးက RFA နဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ BenarNews ကို ပြောပြခဲ့တာပါ။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ resolution ဆုံးဖြတ်ချက် မူကြမ်းကို ဥရောပတိုက်က လက်ချင်စတိန်းနိုင်ငံက တင်သွင်းခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံ ၄၈ နိုင်ငံရဲ့ သဘောတူညီချက်နဲ့ မေလ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းမှာ နေပြည်တော်ကို စစ်ရေးသုံး လက်နက် ခဲယမ်းတွေ ရောင်းချတာကို ချက်ချင်း ပိတ်ပင်ဖို့ ဆိုတဲ့ အချက်ကို ချန်ထားဖို့ နိုင်ငံတွေကို မြန်မာမပါဘဲ အာဆီယံ ကိုးနိုင်ငံကနေ စာရေးသား တောင်းဆိုလာတာလို့ ဒီလို ဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်ပြီး တင်သွင်းတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ လက်ချင်စတိန်းနိုင်ငံက သံအမတ် မနေ့က ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ကျွန်တော်တို့ဆီကို စာတစ်စောင်ပေးပို့ခဲ့ပြီး၊ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ စာပိုဒ်ကို ဖျက်ပေးဖို့ တောင်းဆိုထားတယ်လို့ လက်ချင်စတိန် နိုင်ငံရဲ့ ကုလသမဂ္ဂ ဒုတိယအမြဲတမ်းကိုယ်စားလှယ်က မနေ့က နယူးယောက်မြို့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီစာထဲမှာ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်တာတွေ မလုပ်ဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းကိုတော့ မဖော်ပြထားကြောင်းနဲ့ ဒီစာဟာ မြန်မာမပါတဲ့ အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံဆီက လာတာလို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်မယ့် ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်မူကြမ်းကို မေလ ၁၈ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပေမယ့် အာဆီယံနိုင်ငံတွေဆီက ထောက်ခံမှုရအောင် စည်းရုံးဖို့ ရည်ရွယ်ချက်နဲ့ မဲခွဲဆုံးဖြတ်မယ့်ရက်ကို ရွှေ့ဆိုင်းထားတာဖြစ်တယ်လို့ လက်ချင်စတိန်း သံအမတ်က ပြောပါတယ်။

ဒီ ကုလသမဂ္ဂရဲ့ resolution ဆုံးဖြတ်ချက်ကို ထောက်ခံတင်သွင်းတဲ့ အခြားနိုင်ငံတစ်နိုင်ငံက အဆင့်မြင့် အရာရှိတစ်ဦးကတော့ အာဆီယံ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အကြပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ဦးဆောင်နေရာက ပါဝင်သင့်တယ်လို့ ယုံကြည်တဲ့အတွက် ဒီ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ထုတ်ပြန်ပေးဖို့ လိုလားနေတာလို့Bener News ကို ပြောပါတယ်။

ခုလို အာဆီယံက တောင်းဆိုတယ်ဆိုတဲ့ စာနဲ့ ပက်သက်ပြီး၊ အင်ဒိုနီးရှား နဲ့ မလေးရှားနိုင်ငံတွေရဲ့ ကုလသမဂ သံအဖွဲ့တွေကို Benar News က စာရေးသား မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ အလားတူပဲ ဂျကာတာမြို့က အာဆီယံရုံးချုပ်ဆီကို ဆက်သွယ်မေးမြန်းရာမှာလည်း အကြောင်းပြန်မလာပါဘူး။ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံတွေရဲ့ မြန်မာ့အရေးညီလာခံမှာ အာဆီယံကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံကို စေလွှတ်ဖို့ အပါအဝင် အချက်ငါးချက်ပါ သဘောတူညီချက်တွေကို ထုတ်ပြန်နိုင်ခဲ့ပေမယ့်၊ အခု တစ်လ ကျော် ကြာလာတဲ့အထိ ကိုယ်စားလှယ်ကို ရွေးချယ်နိုင်ခြင်း မရှိသေးပါဘူး။

ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ကလည်း ဒီအာဆီယံသဘောတူညီချက်တွေကို မလိုက်နာနိုင်ကြောင်း တရားဝင် ထုတ်ပြောခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို တားဆီးဖို့ ကြိုးစားတာဟာ မြန်မာစစ်တပ်က ကိုယ့်ပြည်သူကို အကြမ်းဖက် တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ ကြိုးစားတာကို မအောင်မြင်အောင် အာဆီယံက ဝင်လုပ်တဲ့သဘောပဲ.... ။ (Phil Robertson - HRW)

https://www.rfa.org/burmese/news/asean-myanmar-military-coup-05282021192055.html

အမှန်က ကုလသမဂ္ဂရဲ့ resolution ဆုံးဖြတ်ချက် မူကြမ်းထဲမှာ အာဆီယံအဖွဲ့ရဲ့ အားကောင်းတဲ့ ထောက်ခံမှုဆိုတဲ့ အချက်ကို ထည့်သွင်းထားပြီး၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းကို ရှာဖွေဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။

အခုလို မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ တားမြစ်မယ့် အရေးကို အာဆီယံက ကန့်ကွက်တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေး HRW က ရှုတ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို တားဆီးဖို့ ကြိုးစားတာဟာ မြန်မာစစ်တပ်က ကိုယ့်ပြည်သူကိုကို အကြမ်းဖက် တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ ကြိုးစားတာကို မအောင်မြင်အောင် အာဆီယံက ဝင်လုပ်တဲ့သဘောပဲ ဖြစ်တယ်လို့ HRW က Phil Robertson က ပြောလိုက်ပါတယ်။

ထိုင်းအစိုးရ၊ စင်္ကာပူအစိုးရတို့နဲ့အတူ အခြားအာဆီယံနိုင်ငံအစိုးရအားလုံးအတွက် ရှက်ရွံ့ဖွယ်လုပ်ရပ် ဖြစ်တယ်လို့ သူက တွစ်တာမှာ ရေးသားလိုက်ပါတယ်။

အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့အရေးကို ဝင်မစွက်ရေး မူကို စွဲကိုင်ထားတဲ့အတွက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို လက်နက်မရောင်းချဖို့ ပိတ်ပင်တာဟာ ဒီမူဝါဒကို ဖောက်ဖျက်တဲ့ သဘောလို့ ယူဆတာလည်း ဖြစ်နိုင်တယ်လို့ သြစတြေးလျအမျိုးသားတက္ကသိုလ်က နိုင်ငံရေးသုတေသီ ဟန်တာ မာစတင်က ပြောပါတယ်။

ဒီကုလဆုံးဖြတ်ချက် မူကြမ်းကိုထောက်ခံမယ့် နိုင်ငံတွေအနေနဲ့ မဲခွဲဆုံးဖြတ်မယ့်ရက်ကို သိရတာနဲ့ တပြိုင်နက် ထောက်ခံမဲ ပေးကြဖို့ ပြင်ဆင်ထားကြဖို့လည်း HRW အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

 https://www.rfa.org/burmese/news/asean-myanmar-military-coup-05282021192055.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.