Breaking

May 21, 2021

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ နိုင်ငံသား ဖြစ်ခွင့်ရရေး လုပ်ဆောင်မယ်လို့ NUG ပြော

 ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် ဝီလဆင်စင်တာကနေ မနေ့က ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင်နှစ်ဦး တက်ရောက်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

မေလ ၂၀ရက်က ဝါရှင်တန်ဒီစီ အခြေစိုက် ဝီလဆင် စင်တာကနေ ပြုလုပ်တဲ့ ‘မြန်မာနိုင်ငံရဲ့ ပစ္စုပ္ပန် နဲ့ အနာဂတ်’ ဆိုတဲ့ ဆွေးနွေးပွဲမှာ ဝီလဆင် စင်တာ ဥက္ကဋ္ဌ မတ်ဂရင်း၊ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အထူးကိုယ်စားလှယ် ဦးထင်လင်းအောင် ၊ အထက်လွှတ်တော်အမတ် ဘင်ကာဒင်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ ဒဲရစ် မစ်ချယ်၊ International Republican Institute ဥက္ကဋ္ဌ ဒေါက်တာ ဒန်နီရယ် တွင်းနင်းနဲ့ အမေရိကန် လွှတ်တော် အမတ်တွေ တက်ရောက် ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

“NUG အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအားလုံး ပြန်လာနိုင်ဖို့နဲ့ ပြန်လာသူတွေအတွက် နိုင်ငံသားဖြစ်ခွင့်ရအောင် လုပ်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလို လုပ်နိုင်ဖို့အတွက် ရိုဟင်ဂျာအသိုက်အဝန်းက ခေါင်းဆောင်တွေ၊ အရပ်ဘက်ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေပါတယ်။ ရေရှည် အကျိုးဖြစ်ထွန်းပြီး အားလုံးပါဝင်တဲ့ မူဝါဒမျိုး ပေါ်ထွန်းလာဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် စစ်တပ်က အာဏာရယူထားပြီး၊ နယ်စပ်လုံခြုံရေး နဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေကို ကိုင်တွယ်နေသရွေ့ ဒီရိုဟင်ဂျာ ပြဿနာက ပိုဆိုးလာမှာ သေချာပါတယ်။ ဒါကြောင့်လည်း နိုင်ငံကို NUG အစိုးရ ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်အောင် အရင်လုပ်ဖို့ လိုတယ်ဆိုတာ သတိပေးချင်ပါတယ်။ ဒါမှလဲ ဒုက္ခသည်တွေကို ပြန်ပို့ရေးနဲ့ နိုင်ငံသားဖြစ်ခွင့် ကိစ္စတွေကို လလလနိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။”

ဒါကတော့ ဒီဆွေးနွေးပွဲမှာ NUG အစိုးရ အထူးကိုယ်စားလှယ် ဦးထင်လင်းအောင်က ပြောသွားတာပါ။ ဒါဟာ NUG အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ့်အကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း NUG အစိုးရရဲ့ အောင်မြင်မှုတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို ရှင်းပြခဲ့ပါတယ်။

“NUG အစိုးရဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြု CRPH နဲ့ NLD ပါတီတို့ကို ကိုယ်စားပြုရုံတင်မကပဲ၊ အမျိုးသမီး ကိုးဦးနဲ့ တိုင်းရင်းသားခေါင်းဆောင် ၁၂ဦး ကို အရေးပါတဲ့ ရာထူးတွေအတွက် ခန့်အပ်ထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မတူကွဲပြားမှု အရှိဆုံး အစိုးရလို့ ဆိုနိုင်ပါတယ်။ NUG အစိုးရဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး အပိုင်းကို ဦးဆောင်နေပြီး၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ရွေးခြယ်တင်မြှောက်မှုနဲ့ ရရှိခဲ့တဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။ NUG အစိုးရဟာ ပြည်သူအားလုံးရဲ့ အကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးကို အဓိကထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ချာတာကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရေရှည် ငြိမ်းချမ်းရေး ရဖို့နဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်မှ ဖြစ်နိုင်မယ်။ အဲဒီအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းဖို့ လိုပါတယ်။ ဒါဟာ စစ် အစိုးရကနေ အရပ်သား အစိုးရ လက်အောက်ကို အာဏာလွှဲပြောင်းနိုင်ဖို့ လိုအပ်တဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်”

NUG အစိုးရအနေနဲ့ လမ်းညွှန်ချက် ငါးချက်ကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်တဲ့အကြောင်း၊ အရေးအကြီးဆုံး တာဝန်တစ်ခုဖြစ်တဲ့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို ဖိအားပေးပြီး၊ အရပ်ဖက် အစိုးရအဖွဲ့ကို အာဏာပြန်လည်လွှဲပြောင်းနိုင်ဖို့အတွက် နိုင်ငံတဝှမ်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ CDM လှုပ်ရှားမှု ခေါင်းဆောင်တွေ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး မဟာဗျူဟာ ရေးဆွဲ လုပ်ဆောင်နေကြောင်း နဲ့ အခုအချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက တရားဝင် အသိအမှတ်ပြုဖို့ အကန့်အသတ်ရှိနေပေမယ့် ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာကို ကြည့်ရင် ဒီမိုကရေစီ အင်အားစုတွေကို အားပေးထောက်ခံနေကြောင်း ပြသရာရောက်တယ်လို့ ဒေါ်ဇင်မာအောင်က ပြောသွားပါတယ်။

နိုင်ငံတကာအနေနဲ့ တရုတ်၊ အာဆီယံ နဲ့ QUAD အဖွဲ့တို့လို အရေးပါတဲ့ ဒေသတွင်း နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားပေးထောက်ခံကြဖို့ နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူတွေအတွက် အကူအညီတွေ ပေးသွားဖို့ ကိုလည်း ဒေါ်ဇင်မာအောင်က တိုက်တွန်းသွားပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးအတွက် အမေရိကန်နိုင်ငံက ဦးဆောင်သူနေရာက ပါဝင်ဖို့ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်းပြောကြားခဲ့တာ တွေ့ရတာဟာလည်း အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့ US Asean Business Council က ကိုလှဘုန်းမြင့်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရနိုင်ဖို့ ရောမသဘောတူညီစာချုပ်ပါ အချက်တွေကို လက်ခံပြီး နိုင်ငံတကာဥပဒေအရ တရားစီရင်နိုင်ဖို့ စဉ်းစားနေတဲ့အကြောင်းလည်း NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသွားပါတယ်။

 https://www.rfa.org/burmese/news/rohingya-repatritation-process-and-nug-05202021175532.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.