Breaking

July 18, 2021

ကိုဗစ်လူနာတွေကို ကူညီရင်း ပရဟိတသမားတချို့ ပိုးကူးစက်ခံရလို့ သေဆုံး

စောဖိုးခွား(ဝါရှင်တန် ဒီစီ)

2021-07-18

ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းတွေ တစ်နေ့တခြား များလာနေသလို ကိုဗစ်လူနာတွေကို နေ့ရောညပါ ကူညီ ပေးနေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တွေလည်း ကူးစက်ခံရတာတွေ ရှိလာနေပြီး သေဆုံးတဲ့အထိ ဖြစ်လာ နေပါတယ်။

ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တောင်ပိုင်းခရိုင် ဒု-ခရိုင်မှူးဟာ ကိုဗစ်လူနာတွေကို ကူညီရင်း ပိုးကူးခံရပြီး ဇူလိုင် ၁၇ ရက် မနေ့က သေဆုံးသွားတယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက RFA ကို ပြောပြပါတယ်။

“မနေ့ကဆိုရင် တောင်ပိုင်းခရိုင်အတွက် ဒု-ခရိုင်မှူးတာဝန်ယူတဲ့ တစ်ယောက်ကတော့ ဆုံးပါးသွားတယ်။ နှလုံးရောဂါလည်း အခံရှိနေတော့။ တခြားအသင်းအဖွဲ့ကလည်း တစ်ယောက်ဆုံးတာရှိတယ်။ ပျမ်းမျှဆိုရင် ခုနစ်ဦးလောက်တော့ ဆုံးပါးသွားတယ်။ ကျနော်တို့ အဖွဲ့တစ်ဖွဲ့ထိတယ် ဆုံးပါးသွားတယ်ဆိုရင် အဲအဖွဲ့ကို ဆယ်ရက် နားခိုင်းပါတယ်။ နားခိုင်းပြီး ထပ်ဖျားတဲ့သူမရှိရင် တစ်မျိုးစီစဉ်တာပေါ့နော်။ ကိုဗစ်စည်းကမ်းအတိုင်းပဲ ပြုမူနေထိုင်ကြပါတယ်ခင်ဗျ “

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)က အသက် ၃၀ အရွယ် ကိုစွမ်းပြည့်အောင်လည်း ကိုဗစ် ကာကွယ်တားဆီးရေးအတွက် ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ရင်း နမိုးနီးယား အဆုတ်ရောင်ရောဂါကြောင့် ဇူလိုင် ၁၆ ရက်က ကွယ်လွန်ခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခံရတာ မဟုတ်ပေမယ့် နမိုးနီးယားအပြင် သူ့မှာရှိတဲ့နောက်ခံ သွေးတိုး၊ ဆီးချိုရောဂါတွေ ကြောင့် အသက်ဆုံးရှုံးသွားရတာလို့ အသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

"ကိုဗစ်ကြောင့်မဟုတ်ပါဘူး။ နမိုးနီးယားကြောင့် အသက်ဆုံးရှုံးသွားရတာပါ။ ကယ်ဆယ်ရေးလုပ်ဆောင် နေရင်းနဲ့ အသက်ဆုံးရှုံးသွားရတာပါ။ သုံးယောက်လောက် ဖျားကြတာဗျ၊ ဖျားပြီးတော့ ကျန်တဲ့ နှစ်ယောက်က ပြန်သက်သာလာပေမယ့် ကိုစွမ်းပြည့်အောင်က ရောဂါအခံကြောင့်မို့လို့ ဆက်တိုက်ဖျားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားရတာပါ။ သွေးတိုး၊ ဆီးချိုနဲ့ အဆုတ်နည်းနည်း မကောင်းတာတွေ ရှိတာပါဗျ။"

ပရဟိတအဖွဲ့တွေဟာ အသက်ရှူရတာ ခက်ခဲနေတဲ့လူနာတွေအတွက် အောက်ဆီဂျင်အိုး ရှာပေးကြရတာ၊ အောက်ဆီဂျင်ဖြည့်ပေးရတာ၊ ဆေးရုံတွေကို လိုက်ပို့ပေးပေမယ့် ဆေးရုံတွေက လက်မခံလို့ ကုသပေးနိုင်မယ့် နေရာတွေဆီ လှည့်ပတ်ပို့ပေးရတာ၊ သေဆုံးသူတွေများလာလို့ သုသာန်တွေသွားပို့ရတာတွေ အကြိမ်ရေ များလာတဲ့အတွက် သူတို့အတွက် နားချိန်တွေ လျော့လာပြီး ပင်ပန်းလာကြပါတယ်။

ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာတော့ အစိုးရရဲ့ စီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပရဟိတသမားတွေ ပူးပေါင်းဆောင်ရွက်ခဲ့လို့ အတော်လေး ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောကြပါတယ်။

"အောက်ဆီဂျင် အတွက် ငိုပြီးတောင်းပန်တာ၊ နာရေးသင်္ဂြိုဟ်ဖို့ ငိုပြီးတောင်းဆိုတာတွေရှိတယ်"

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ပရဟိတသမားတချို့ကို ပုဒ်မတွေတပ်ပြီး တရားစွဲထားတာတွေ ရှိသလို အသင်းအဖွဲ့တွေကိုလည်း ဝင်ရောက်စီးနင်းခဲ့တာ၊ ပရဟိတသမားတွေကို အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့တာတွေကြောင့် အခုအချိန်မှာ ပရဟိတသမားတွေလည်း မလုံမလောက်ဖြစ်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အခု တတိယ ကိုဗစ်လှိုင်းမှာတော့ သေဆုံးတာတွေက နေ့စဉ်များလာလို့ အရင်က အခြေအနေတွေထက် ပိုပြီး ပင်ပန်းကြရတာလို့ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ဘိုစိန်လူမှုကူညီရေး အသင်းက ဦးဘိုစိန်က ပြောပါတယ်။

“အခု တတိယလှိုင်းက ပင်ပန်းတာပေါ့။ ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက ကျနော်တို့က ဘာမှလုပ်ရတာ မဟုတ်ဘူးလေ။ လူတွေကားပေါ်တက်၊ Q စင်တာ ချပေးလိုက် ပြီးသွားပြီလေ။ တချို့ Positiveသာ ဖြစ်တာ၊ သွားနိုင်၊ လာနိုင်၊ လုပ်နိုင်၊ ကိုင်နိုင်တယ်။ မပင်ပန်းဘူး။ အခုဟာက အသေတွေ၊ သူတို့က မသွားနိုင် မလာနိုင်ဘူး။ ကျနော်တို့သွားတော့မှ ကားပေါ်ရောက်မှာ၊ အလွှာမြင့်ထဲကဆို သွားပြီ၊ အခုဟာက တော်တော်ပင်ပန်းတာ၊ လူလည်းပင်ပန်းတယ် ၊ စိတ်လည်း ပင်ပန်းတယ်။ အောက်ဆီဂျင် အတွက် ငိုပြီးတောင်းပန်တာ၊ နာရေးသင်္ဂြိုဟ်ဖို့ ငိုပြီးတောင်းဆိုတာတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့ မလုပ်ပေးနိုင်ဘူး အဲဒါတွေ။ ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက အဲဒါတွေ မရှိဘူး။“

အထပ်မြင့် အဆောက်အအုံတွေများပြီး လူနေထူထပ်တဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ အလွှာမြင့်တဲ့ အခန်းမှာ နာရေးဖြစ်ရင် လှေကားကျဉ်းကျဉ်းလေးကနေ အလောင်းကို သယ်ပိုးရတာလည်း အခက်အခဲ တစ်ခုဖြစ်နေပါတယ်။

အဲလိုအခက်ခဲတွေကြားကနေ ရန်ပုံငွေအခက်ခဲကြောင့် ရပ်နားထားရတဲ့ လူမှုကူညီရေး အဖွဲ့တချို့လည်း ရှိနေပေမယ့် တတ်နိုင်သလောက် ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်က ပြောပါတယ်။

"ရပ်ဆိုင်းတာက နှစ်ပိုင်းရှိတယ်။ တခြားသော ရံပုံငွေနည်းလို့ ရပ်ဆိုင်းတာလည်း ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ကတော့ ပစ်လဲသွားမှပဲ ရပ်မယ်။ စစ်လည်းမစစ်ဘူး။ ဘာမှလည်း မလုပ်ဘူး။ ကျွန်တော်တို့ ရသလောက် ဆက်လုပ်မယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်နဲ့အမျှ အလောင်းက တစ်နေ့ကို ၁၂ လောင်းနဲ့ အလောင်း ၂၀ ကြားသယ်ပြီးရင် အကြွေးတွေက အမြဲတမ်း ကျန်နေတယ်။ အခက်အခဲက နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့က သင်္ချိုင်းလက်မှတ်ကို ဒေသန္တရက ထုတ်ပေးတယ်။ အဲဒီသင်္ချိုင်းလက်မှတ် မပါဘဲနဲ့ အလောင်းကို ယူလို့မရဘူး။ သင်္ချိုင်းလက်မှတ်ကို မနက် ၁၀ နာရီထိုးမှ စထုတ်ပေးတာဖြစ်တဲ့အတွက် အဲမှာကတည်းက အချိန်တစ်ဝက် ပုပ်သွားပြီ။ သုသာန်ရောက်တဲ့အခါမှာ အလောင်းကို ချထားခွင့်မရှိဘူး။ ကားပေါ်မှာ တင်ပြီးတော့ အလှည့်ကျတန်းစီရတယ်။ အဲမှာနောက်ထပ် ၂ နာရီ ထပ်ပုပ်ပြန်ရော။ အခုကြန့်ကြာရတယ်ဆိုတဲ့ အကြောင်းရင်းက အဲဒါကြောင့်ပါ။"

လူနာလမ်းကြောင်းတစ်ခု ပို့တော့မယ်ဆိုရင် PPE ဝတ်စုံ၊ ကားအတွက် လောင်စာဆီဖိုး အပါအဝင် ခန့်မှန်းချေ လေးသောင်းလောက် ကုန်ကျတယ်လို့လည်း လူမှုကူညီရေးအဖွဲ့တွေက တွက်ချက်ပြောကြပါတယ်။

ဒီရက်ပိုင်းအတွင်း သေဆုံးသူတွေ များလွန်းတာကြောင့် ထည့်စရာ အခေါင်းတွေကိုတောင် ဝယ်လို့မရတာ အပြင် နောက်ဆုံး အလောင်းတင်ကတ်တွေ မရှိတာကြောင့် နာရေးကူညီပေးနေတဲ့ လူမှုအဖွဲ့ တချို့က အလောင်းတင်ကတ်တွေ ကိုယ်တိုင် လုပ်ပေးနေရတာတွေလည်း ရှိနေပါတယ်။

ရန်ကုန်မှာ ထိန်ပင်၊ ကျုချောင်၊ ရေဝေး၊ ကျီစု စတဲ့သုသာန် လေးခုပေါင်းမှာ ဒီရက်ပိုင်းအတွင်း တစ်ရက်ကို အလောင်းတစ်ထောင်လောက်အထိ သင်္ဂြိုဟ်ပေးနေရပြီး တန်းစီနေတဲ့ အလောင်းတွေလည်း ရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

အရင်က အလောင်းတစ်ခုကို သင်္ဂြိုဟ်မယ်ဆိုရင် ခန့်မှန်းချိန် ၁ နာရီခွဲကနေ ၂ နာရီခန့် အချိန်ပေးရပေမယ့် အခုချိန်မှာ ရှေ့မှာတန်းစီနေတဲ့ အလောင်းတွေ များနေတာကြောင့် အချိန် ၃ နာရီလောက်အထိ အချိန်ပေးနေ ရပါတယ်။

ygn-cementary
(ရေဝေးသုဿန်မှာ အလောင်းတွေ စုပုံနေတာကို တွေ့ရစဉ်။) Photo: CJ

နာရေးကူညီတဲ့ အသင်းတွေဟာ ဒီရက်ပိုင်းတွေမှာ တစ်ရက်ကို အလောင်း ၂၀ အနည်းဆုံး ပို့ဆောင်ပေးနေ ရတဲ့အတွက် နောက်ထပ်ပို့ဆောင်ပေးဖို့ အကူညီတောင်းလာသူတွေကို စိတ်မကောင်းတဲ့ကြားကပဲ ငြင်းလွှတ် လိုက်ရတွေ ရှိနေကြပါတယ်။

ဒါ့ကြောင့် လွယ်လွယ်ကူကူ သင်္ဂြိုဟ်ပေးနိုင်ဖို့အတွက် မြေနေရာတစ်ခု သတ်မှတ်ပြီး မြေမြှုပ်တာလိုမျိုး နည်းလမ်းတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စဉ်းစားပေးကြဖို့ တင်ပြထားတယ်လို့ ပြောပါတယ်။

ဒီလို အခက်ခဲပေါင်းစုံကနေ ကူညီနေရင်း ပိုးကူးစက်ခံရတာ၊ သေဆုံးတာ၊ အဖွဲ့ရပ်နားထားရတာ၊ ရန်ပုံငွေ ခက်ခဲတာတွေကြောင့် ပရဟိတလုပ်ငန်းတွေ ဘယ်လောက်အထိ တောင့်ခံသွားနိုင်မလဲဆိုတာ ပရဟိတ လူမှုကူညီရေးအဖွဲ့တွေက မပြောနိုင်ကြသေးပေမယ့် သူတို့ကူညီနိုင်သမျှ အတတ်နိုင်ဆုံး လုပ်ပေးသွားဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ ကိုဗစ်ကြောင့် ဇူလိုင်လ ၁၇ ရက် မနေ့က သေဆုံးသူ ၂၃၃ ဦးရှိပါတယ်။ မြေပြင်မှာ အမှန်တကယ်သေဆုံးသူ ဦးရေဟာ ဒီထက်မက များတယ်လို့ နာရေးကူညီပေးနေသူတွေက ပြောကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ အခုလက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်လို့ သေဆုံးသူ စုစုပေါင်း ၄,၇၆၉ ယောက် အတည်ပြုလူနာ စုစုပေါင်းကတော့ ၂၂၄,၂၂၆ ယောက်ရှိသွားပြီဖြစ်ပါတယ်။

https://www.rfa.org/burmese/news/volunteers-infected-covid-07182021065956.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.