Breaking

August 12, 2021

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် မြန်မာကို အမေရိကန်ကူညီဖို့ စီစဉ်

 ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)

2021-08-11

အမေရိကန်နိုင်ငံဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ဒေါ်လာ သန်း၅၀ တန်ဖိုးရှိတဲ့ အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလို ပေးအပ်ကူညီရာမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အပါအဝင် အကူအညီလိုအပ်နေသူ အားလုံးအတွက် အစားအစာ၊ အကာအကွယ်နဲ့ နေစရာနေရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေနဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေအနေနဲ့ ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ဒီအကူအညီတွေကို လိုအပ်နေသူတွေဆီကို ဖြန့်ဖြူးပေးအပ်ရာမှာ အာဏာသိမ်းစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိ မရှိ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုကို RFA က မနေ့က ဆက်သွယ်မေးမြန်းရာမှာတော့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ပေးအပ်မယ့် အကူအညီတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတဆင့် ပေးအပ်သွားမှာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံတွင်းက အကူအညီ လိုအပ်နေသူတွေကို တိုက်ရိုက်ပေးအပ်နိုင်ဖို့ ကုလသမဂ္ဂ အေဂျင်စီတွေ နဲ့ နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အခု ကြေညာလိုက်တဲ့ ဒေါ်လာ သန်းငါးဆယ်ကို အဲဒီ နိုင်ငံတကာ အေဂျင်စီအဖွဲ့တွေကနေတဆင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီ ငွေတွေကို ကိုဗစ်ရောဂါတိုက်ဖျက်ရေး ရန်ပုံငွေနဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။"

ဒါကတော့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ် ဂရင်းဖီးလ်က မနေ့က ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

linda.jpg
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ် ဂရင်းဖီးလ်။ (File Photo: Reuters)

မြန်မာနိုင်ငံကို ပေးအပ်မယ့် ဒေါ်လာသန်း ၅၀ ထဲမှာ အမေရိကန်နိုင်ငံခြားရေးဌာနက ဒေါ်လာ ၂၇သန်းကျော် နဲ့ USAID အဖွဲ့က ဒေါ်လာ ၂၃ သန်းနီးပါး ထည့်ဝင်မှာ ဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုက RFA အတွက် သီးသန့်ဖြေကြားတဲ့ အီးမေးလ်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက မြန်မာနိုင်ငံကို ကိုဗစ် -၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး အကူအညီတွေ ပေးအပ်နေခဲ့ပြီး ရောဂါစစ်ဆေးရေး ဓာတ်ခွဲခန်းတွေ၊ ရောဂါစစ်ဆေးမှုတွေနဲ့ လူထုပညာပေးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အမေရိကန်ဒေါ်လာ သန်း၂၀ ကျော် အကူအညီပေးထားခဲ့ပြီး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံဟာ ဖေဖော်ဝါရီလ ၁ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံကို အရပ်သား အစိုးရကတဆင့် ပေးအပ်နေတဲ့ အကူအညီအားလုံးကို နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူက RFA အတွက်ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်က တက်ကြွလှုပ်ရှားသူနဲ့ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် ဒေါ်ခွန်ဂျာကတော့ အခုလို အမေရိကန်နိုင်ငံက ပေးအပ်မယ့် အကူအညီတွေကို အာဏာသိမ်း စစ်အစိုးရရဲ့အကူအညီမပါဘဲ ဖြန့်ဖြူးပေးအပ်ဖို့ဆိုတာ လက်တွေ့မကျဘူးလို့ သုံးသပ်ပါတယ်။

217395149_1993193834168784_5050356303138939249_n.jpg
ဇူလိုင်လကုန်ပိုင်းက လားရှိုးမြို့မှာ ကိုဗစ်-၁၉ စစ်ဆေးပေးသည့် နေရာတစ်ခုကို တွေ့ရစဉ်။ (Photo: RFA)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေ ဆိုးဝါးလာတဲ့အတွက် စိတ်ထိခိုက်ရကြောင်းနဲ့ အမေရိကန်အနေနဲ့ ကိုဗစ် ၁၉ ကပ်ရောဂါ တိုက်ဖျက်ရာမှာ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူအဖြစ် ဆောင်ရွက်သွားဖို့ သန္နိဌာန်ချထားတဲ့အတွက် မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေကို ဆက်ပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့တွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ဆွေးနွေးပြောဆိုနေတာ ရှိတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနတာဝန်ရှိသူရဲ့ ဖြေကြားချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းထားတဲ့ စစ်အစိုးရအနေနဲကလည်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသူတွေကို ထိရောက်ပြီးတူညီတဲ့ ရောဂါကုသရေးဝန်ဆောင်မှုတွေ ပေးဖို့နဲ့ ကိုဗစ် ၁၉ ရောဂါ ကုသဖို့နဲ့ ကာကွယ်နိုင်ဖို့ အရပ်ဘက်အဖွဲ့တွေနဲ့ ပုဂလိကလုပ်ငန်းတွေက တပိုင်တနိုင် လုပ်ဆောင်နေတာတွေကို တားဆီးနှောင့်ယှက်တာ မလုပ်ဖို့အတွက်လည်း တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဖြေကြားချက်ထဲမှာ ပါရှိပါတယ်။

 https://www.rfa.org/burmese/news/us-myanmar-covid-coup-08112021173838.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.