Breaking

August 2, 2021

အာဏာသိမ်း ခြောက်လပြည့် စစ်ခေါင်းဆောင် မိန့်ခွန်းပြော

 2021-08-01

အာဏာသိမ်း ခြောက်လပြည့် စစ်ခေါင်းဆောင် မိန့်ခွန်းပြော အာဏာသိမ်း ခြောက်လပြည့် ၂၀၂၁ သြဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဥ်
Photo: MRTV
 
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်း ခြောက်လပြည့်တဲ့ ဒီကနေ့ မှာ လုပ်ငန်းဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
 
အဲဒီမိန့်ခွန်းထဲမှာ အာဏာသိမ်းပြီးနောက် မဲစာရင်း စိစစ်မှုတွေကို အရင်ဆုံး ဦးစားပေးပြောဆိုခဲ့ပြီး ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့လည်း ဆိုပါတယ်။
 
တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ အာဏာသိမ်းတုန်းက ပြောခဲ့ပေမယ့် အခု ခြောက်လပြည့် ချိန်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ငန်းဆောင်တာတွေလုပ်နေရပြီး နောက်အကျဆုံးအနေနဲ့ အဲဒီ လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
 
အဲဒီပြောဆိုချက်ကြောင့် စစ်ကောင်စီဟာ အာဏာသိမ်းရက် ရှည်သထက်ရှည်အောင် ကြိုးစားနေပြီး၊ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေကို အယုံအကြည်မရှိဘူးဆိုတဲ့ ဝေဖန်သံတွေ လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။
 
စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ခြောက်လအကြာ သြဂုတ်လ ၁ ရက် ဒီနေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရဆိုပြီး စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။
 
အဲဒီအိမ်စောင့်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အနေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကပဲ တာဝန်ယူဆောင်ရွက်မှာ ဖြစ်သလို ဒုတိယဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံးတို့ ပါဝင်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
 
ဒီကနေ့ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ လတ်တလော ခံစားနေရတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရုံးပိတ်ရက်ကို နောက်ထပ် တစ်ပတ်ထပ်တိုးလိုက်တယ်လို့လည်း ပြောခဲ့ပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်း ၉၀၀ ကျော်နဲ့၊ လတ်တလော ဒေသတော်တော်များများမှာ ဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ဒေသခံ PDF တို့ကြား တိုက်ပွဲ အခြေအနေတွေကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး၊
 
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စိုးရိမ်စရာကောင်းကြောင်း နိုင်ငံတကာက ပြောဆိုနေကြပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိနိုင်ငံတွင်း တည်ငြိမ်မှုရှိနေပြီလို့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.