Breaking

September 9, 2021

တရုတ်နဲ့ အာဆီယံ ကြားဝင်ဆောင်ရွက်မှု အောင်မြင်မှုမရှိဟု လေ့လာသူတွေသုံးသပ်


 


တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021-09-09

တရုတ်နဲ့ အာဆီယံ ကြားဝင်ဆောင်ရွက်မှု အောင်မြင်မှုမရှိဟု လေ့လာသူတွေသုံးသပ် နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မစ္စတာ ဆွန်ကော်ရှန်းတို့ ၂ဝ၁၇ မတ်လ ၁ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar Military

မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်ရေးအတွက် အိမ်နီးချင်း တရုတ်နဲ့ အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှု တွေဟာ မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့သလို ထပ်မံကူညီဖို့လည်း‌ နောက်ကျခဲ့ပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ က ထောက်ပြဝေဖန်လိုက်ပါတယ်။

ဩဂုတ်လ ၂၁ ရက်ကစတင်ခဲ့တဲ့  အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်းရဲ့ သီတင်း တစ်ပတ်ကြာ မြန်မာနိုင်ငံခရီးစဥ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံပြီး မြန်မာ့လူမှုတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုမှာ နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ တရုတ်က အပြုသဘောဆောင် အားထုတ်ကူညီသွားမယ့် အကြောင်း ပြောခဲ့ပါတယ်။

 ဆွန်းကော်ရှန်းရဲ့ ခရီးစဥ်အပြီး သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof ကလည်း  မြန်မာနိုင်ငံကို သိပ်မကြာခင် သူလာရောက်နိုင်ဖို့ ကြိုးစား နေကြောင်းနဲ့ သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးနေဆဲဖြစ် ကြောင်း စက်တင်ဘာ ၄ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

"စစ်ကောင်စီက အချိန်ဆွဲတဲ့နည်းဗျူဟာ ကျင့်သုံးနေတယ်လို့ ထင်ပါတယ်။"

လက်ရှိအခြေအနေအရ ပြည်တွင်းပဋိပက္ခတွေ ပိုဆိုးလာမှာကို အိမ်နီးချင်း တရုတ်နဲ့ အာဆီယံနိုင်ငံတွေက အထူးစိုးရိမ်လာတာကြောင့် စစ်တပ်နဲ့ NLD နှစ်ဖက်စလုံးကို တရုတ်နဲ့အာဆီယံက အနုနည်းနဲ့ ပျော့ပျော့ ပြောင်းပြောင်း ချဥ်းကပ်လာတာ တွေ့ရတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး က ပြောပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်ရေးအတွက် တရုတ်နဲ့အာဆီယံက အပြုသဘောဆောင် ကြိုးပမ်းနေ ပေမဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ရေးကိစ္စ နှောင့်နှေးနေရတာဟာ စစ်တပ်ဘက် က လက်ရှိပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်တာကြောင့်ဖြစ်တယ်လို့ ဦးဘိုဘိုဦး က သုံးသပ် ပါတယ်။

"စစ်တပ်ရဲ့နိုင်ငံရေးအရ မဖြေရှင်းချင်မှုက ပိုများနေတယ်လို့ သုံးသပ်ပါတယ်။ အာဆီယံ ကိုယ်စားလှယ် လာမယ်ဆိုတဲ့ကိစ္စက နှောင့်နှေးနေတယ်ဆိုတာက အဓိက လက်ရှိစစ်တပ်ဘက်က နိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်တဲ့စိတ်က လွန်ကဲနေတဲ့အခြေအနေတစ်ရပ်ကြောင့်လို့ ထင်တယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံပင်လျှင် အထူးကိုယ်စားလှယ်တစ်ဦးလာပြီး နိုင်ငံရေးနည်းအရဖြေရှင်းဖို့ကို ကြိုးပမ်းတဲ့နေရာမှာ တော်တော်ကို သဘောထားပျော့ပျော့ပြောင်းပြောင်းနဲ့ ချဉ်းကပ်ပြီးလာတဲ့လူမျိုးတောင် နိုင်ငံရေးအရ သူတို့နဲ့စကားပြောဖို့ ခက်လိမ့်မယ်ဆိုတဲ့ အနေအထားမျိုးကို နိုင်ငံတကာကတော့ ရိပ်မိနေမှာပါ။” 

စိုးရိမ်ပူပန်မှုကြောင့် တရုတ်ဘက်က ပျော့ပျော့ပြောင်းပြောင်းနဲ့ ကြိုးစားလာပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတဲ့အပေါ် ငြင်းပယ်ခံရမှု၊ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားတင်းမာမှု၊ တစ်ဖက်သတ် အာဏာကို ဆက်လက်ဆုပ်ကိုင်လိုမှုတွေကြောင့် တရုတ်အထူးကိုယ် စားလှယ် ဆွန်းကော်ရှန်းရဲ့ခရီးစဥ်ဟာ အောင်မြင်မှုမရှိခဲ့ဘူးလို့လည်း ဦးဘိုဘိုဦးက ဖြည့်စွက်ပြောဆိုသွား ပါတယ်။

မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် လေးလကြာ အပစ်ရပ်ထားဖို့ အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို စက်တင်ဘာ ၂ ရက် အွန်လိုင်းအစည်းအ‌ဝေးမှာ တောင်းဆိုထားပြီး စစ်ကောင်စီဘက်ကလည်း လိုက်လျော ထားတယ်လို့ Kyodo News သတင်းဌာနက စက်တင်ဘာ ၅ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။

တရုတ်အခြေစိုက် မြန်မာ့နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကတော့ စစ်ကောင်စီ အနေနဲ့ တရုတ်နဲ့ အာဆီယံရဲ့စကားကို လတ်တလော လက်ခံထားတာဟာ အချိန်ဆွဲဖို့ သက်သက်သာသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

 သူတို့ရဲ့ ဝင်ရောက်ဖျန်ဖြေမှုကို စစ်တပ်က လိုလိုလားလား လက်ခံလာနိုင်အောင် ကြိုးစားနေတဲ့ အပိုင်းပါ။ စစ်ကောင်စီဘက်ကလည်း အားကိုးရာမဲ့ဖြစ်နေတာကို။ ပြည်သူလူထုကလည်း မထောက်ခံ။ ဘယ်နိုင်ငံကမှလည်း အသေအချာ အသိအမှတ်မပြုတော့။ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာ တရုတ်ပဲရှိတော့။ တရုတ်ကို လိုလိုလားလား ဆက်ဆံနေပုံရတယ်။ ဒါပေမဲ့ တရုတ်ပြောတဲ့လမ်းကိုလည်း ကြိုက်ပုံမရဘူး။ ဒါပေမဲ့ စစ်ကောင်စီမှာ အခြားလမ်းမရှိဘူး။ အချိန်ဆွဲတဲ့လမ်းပဲရှိတယ်။ ဒါကြောင့် အာဆီ ယံရဲ့ စကားတွေကို နားထောင်လိုက်။ တရုတ်ပြောတာတွေ နားထောင်လိုက်။ ဒါတွေကို သူနောက်လုပ်ချင် မလုပ်မယ်။ လက်ခံတယ်လို့ ပြောလိုက်။ နောက်စစ်ကောင်စီက အချိန်ဆွဲတဲ့နည်းဗျူဟာ ကျင့်သုံးနေတယ် လို့ ထင်ပါတယ်။"

Erywan-Yusof-minaunghlinag.jpg
(မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့  ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ်) Photo: Myanmar Military

အာဆီယံဘက်က လေးလကြာ အပစ်ရပ်ထားဖို့ စစ်ကောင်စီကို တောင်းဆိုထားပြီး ငါးရက်အကြာ စက်တင်ဘာ ၇ ရက်နေ့မှာတော့ အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံး ခုခံတော်လှန်ကြဖို့ NUG ဘက်က တိုက်တွန်းခဲ့ပါ တယ်။ ဒါဟာ မြန်မာ့အရေး ကြားဝင်ဖြေရှင်းမှုမှာ အာဆီယံရဲ့ကျရှုံးမှုဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က နောက်တစ်ရက် စက်တင်ဘာ ၈ ရက်နေ့မှာ ချက်ခြင်းဆိုသလို ထောက်ပြဝေဖန်ခဲ့ပါတယ်။

ဒါဟာ အာဆီယံဘက်က NUG ကို ပစ်ပယ်ထားမှုနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရအောင် မကြိုးစားနိုင်မှုတွေကြောင့်ဖြစ်တယ်လို့ ပြည် တွင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြဝေဖန်ကြပါတယ်။

NUG က အရေးပေါ်အခြေအနေ ထကြေညာလိုက်တဲ့အတွက်  နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့က ပိုခက် သွားပြီလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က သုံးသပ်ပါတယ်။

"အစကတည်းက နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းနည်းနဲ့သာ သွားခဲ့မယ်ဆိုရင် အစကတည်းက ဖေဖော် ဝါရီ ၁  ရက်နောက်ပိုင်း ဖြစ်စဉ်တောင် ဖြစ်လာစရာအကြောင်းမရှိဘူး။ အဲကတည်းက ညှိနှိုင်းတဲ့ ယဉ် ကျေးမှု ပျောက်နေတာ။ အဲလိုပျောက်နေတဲ့အချိန်မှာမှ အရေးပေါ်အခြေအနေမျိုးနဲ့ ပြောရရင်တော့ စစ်သဘောအရ ဆိုရင်တော့ စပြီး စိန်ခေါ်လိုက်တာပေါ့နော်။ အဲလိုပုံစံမျိုးအနေအထားနဲ့ကတော့ စားပွဲဝိုင်း ပေါ်ရောက်ဖို့ တော်တော်လေးကို ခဲယဉ်းပါလိမ့်မယ်။ သေချာတာက ကြေညာချက်ထုတ်လိုက်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးက ပိုပြီးခက်သွားမယ်လို့ထင်တယ်။"

 နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ လက်ရှိအခြေအနေတွေမှာ အိမ်နီးချင်း တရုတ်နဲ့ အာဆီယံ နိုင်ငံတွေအနေနဲ့ ကြားဝင်စေ့စပ်ဖို့ သိပ်နောက်ကျသွားပြီလို့ သုံးသပ်ပါတယ်။

"တရုတ်ရဲ့ ပြောင်းလဲလာတဲ့ သဘောထားကို အာဆီယံကနေတစ်ဆင့် ထင်ဟပ်ပြီးဖော်ပြတာဖြစ်ပေမယ့် စကစက သူ့ရဲ့ ဦးတည်ချက်နဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ အတွက် ဆက်ပြီး ဖိနှိပ်ပါလိမ့်မယ်။ ရှေ့ဆက်တိုက်ပါလိမ့်မယ်။ ဆက်ပြီးတော့ ထောင်သွင်းအကျဉ်း ချတာတွေ လုပ်မှာဖြစ်ပါတယ်။ တရုတ်သဘောထားနဲ့ အာဆီယံကိုယ်စားလှယ်ရဲ့ အဆိုပြုချက်တွေဟာ မြန်မာပြည်ပြဿနာ ဖြေရှင်းရေးအတွက် လက်တွေ့မကျဘူး။ နောက်ကျသွားပြီ။"

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၉ ရက်နေ့ထိ ထုတ်ပြန်ချက် အရ စစ်အာဏာသိမ်း ခုနစ်လကျော်ကာလအတွင်း ရဲနဲ့စစ်တပ်ရဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှု၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၀၅၄ ဦးနဲ့ အဖမ်းခံရသူ စုစုပေါင်း ၆၃၂၄ ဦး ရှိနေပါပြီ။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့၊ ဆုံးရှုံးခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပြန်ရဖို့အတွက် စစ်အာဏာရှင်ကို အထိရောက်ဆုံးဖြုတ်ချနိုင်တဲ့ နည်းလမ်းကတော့ ခုနစ်လနီးပါး တောင့်ခံလာခဲ့တဲ့ CDM လှုပ်ရှားမှုနဲ့ ကျောင်းသားလူငယ်တွေ အပါအဝင် ပြည်သူတွေရဲ့  မြို့ပြသပိတ်တွေပဲ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

https://www.rfa.org/burmese/program_2/china-asean-failed-intervene-myanmar-affair-09092021045827.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.