Breaking

October 2, 2021

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေ ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးမှာ ထွက်ဆို

2021-10-01


ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေ ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးမှာ ထွက်ဆို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းကို သုံးကြိမ်ခွဲပြီးပေးခဲ့ကြောင်း ဒီနေ့ နေပြည် တော် တရားရုံးချိန်းမှာ ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါ တယ်။

ဦးဖြိုးမင်းသိန်းဟာ တရားလိုက စွပ်စွဲထားတဲ့အတိုင်း တရားခွင်မှာ ထွက်ဆိုခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

“ဦးဖြိုးမင်းသိန်း ကတော့ တရားလို ဦးရဲထက် ကို စစ်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာကို အမေစုကို ပေးခဲ့တယ်ဆိုတဲ့ အကြောင်း ထွက်ဆိုထားတဲ့ဟာပေါ့နော်၊ အဲဒီဟာကိုပဲ ဦးဖြိုးမင်းသိန်းကလည်း အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာအပြင် မိုင်းဖုန်းဆရာတော်ကြီးက အမေစုကို ပေး ထားတဲ့ ဆင်းတုတော်တစ်ဆူကိုပါ ပေးခဲ့တယ်ဆိုပြီး ထွက်ဆိုပါတယ်”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးရဲထက်က ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းပေးခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိပုဒ်မ - ၅၅ နဲ့ စွဲဆိုထားတဲ့အမှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားလိုပြ သက်သေအဖြစ်နဲ့ အဲဒီလို ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီထွက်ဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ဦးရဲထက်နဲ့ ဦးဖြိုးမင်းသိန်းတို့ကို ပြန်လှန်စစ်ဆေးတာတွေ မလုပ်ခဲ့ဘဲ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ ရုံးချိန်းမှာမှ ပြန်လည်စစ်မေးသွားမယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်၊ ဦးမင်းသူတို့ကို အဂတိပုဒ်မ-၅၅ နဲ့ စွဲဆိုထားတဲ့ နောက်ထပ် အမှုနှစ်ခုမှာလည်း တရားလိုနဲ့ လိုပြသက်သေတစ်ဦးစီကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) တို့ အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရတာဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/phyominthein-court-10012021091211.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.