Breaking

October 4, 2021

ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက် အဓိပ္ပာယ်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


2021-10-04

ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက် အဓိပ္ပာယ်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ကို ရန်ကုန်မြို့ လှိုင်ပည့ာရိပ်သာ ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲမှာ ၂၀၁၉ ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Photo Min Thein's Facebook

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာတို့ကို သုံးကြိမ်ခွဲပြီး ပေးခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက် သောကြာနေ့က နေပြည်တော်မှာ တရားရုံးချိန်းမှာ ထွက်ဆိုခဲ့တာပါ။ ဦးဖြိုးမင်းသိန်းရဲ့ စွပ်စွဲချက်ဟာ အားလုံးအဓိပ္ပာယ်မဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ရုံးချိန်းမှာ သူ့ရဲ့ရှေ့နေတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုဆန့်ကျင်ပြီးတော့ ထွက်ဆိုသွားတဲ့ သောကြာနေ့က ထွက်ဆိုချက်တစ်ခု နဲ့ ပတ်သက်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ သီးခြား သဘောထားတွေ ဘာမှပြောစရာ မလိုပါဘူးတဲ့။ ဒီဥစ္စာ အလကား သူက အင်္ဂလိပ်လို ပြောပါတယ်။ All absurd တဲ့ အားလုံး ဟိုဟာတွေပေါ့ ဗျာ၊ မဟုတ်တမ်းတရားတွေလို့ ပြောပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကတော့ “အားလုံးအဓိပ္ပာယ်မဲ့တယ်” လို့ ပြောဆိုချက်ဟာ ဦးဖြိုးမင်းသိန်းက ဒေါ်လာနဲ့ ရွှေတွေ တကယ်မပေးဘဲနဲ့ ပေးတယ်လို့ ထွက်ဆိုခဲ့တာကို ရည်ညွှန်းပြောဆိုတာလို့ RFA ကို ပြောပါတယ်။

"အဓိပ္ပာယ်မရှိဘူးတဲ့။ သူပေးလည်း မပေးဘဲနဲ့တဲ့ ဒေါ်လာတို့၊ ရွှေ ခုနစ်ပိဿာတို့ဆိုတာ ပေးလည်းမပေးဘဲနဲ့ ပေးတယ်ဆိုတာတဲ့။ ပြောရက်တယ်ပေါ့"

ဦးဖြိုးမင်းသိန်းဟာ စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲ ထွက်ဆိုခဲ့ချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကိုမကြည့်ဘဲ အသံ တိုးတိုးညှင်းညှင်းနဲ့ ထွက်ဆို ခဲ့တာကြောင့် ရှေ့နေတွေက အသံကျယ်ကျယ်ထွက်ဆိုဖို့ တောင်းဆိုခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဦးဖြိုးမင်းသိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ရာထူး တာဝန်ယူခဲ့သူဖြစ်သလို ပါတီမှာဆိုရင်လည်း ဗဟိုအလုပ်အမှုဆောင်အဆင့်ထိ ရာထူးတာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကတည်းက ဒီနေ့အထိ ဦးဖြိုးမင်းသိန်း ကို စစ်ကောင်စီက ဖမ်းဆီးထားတာပါ။

အဲဒီနောက် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ ခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်း ပေးခဲ့တယ်ဆိုပြီး စစ်ကောင်စီက အဂတိပုဒ်မ - ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုမှာ ဦးဖြိုးမင်းသိန်းဟာ စစ်ကောင်စီရဲ့ လိုပြသက်သေအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က တရားရုံးမှာ ပထမဆုံးထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က လျှောက်လွှာတစ်ခု တင်ပါတယ်။ ဘာလဲဆိုတော့ သူ့ရဲ့အမှုတွေကို နှစ်ပတ်တစ်ခါ ချိန်းပေးဖို့ပါ"

ဒီနေ့တရားရုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ကျန်းမာရေးအရ တစ်ပတ်တစ်ကြိမ် ရုံးချိန်းတွေအစား နှစ်ပတ်တစ်ကြိမ် ရုံးချိန်းပေးဖို့ တရားရုံးကို တောင်းဆိုခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကလည်း လျှောက်လွှာတစ်ခု တင်ပါတယ်။ ဘာလဲဆိုတော့ အဲဒီလျှောက်လွှာ ကတော့ သူ့ရဲ့အမှုတွေကို နှစ်ပတ်တစ်ခါ ချိန်းပေးဖို့ပါ။ တစ်ပတ်တစ်ခါဆိုတော့ ဒီတစ်ပတ်အတွင်းမှာ ရှိနေတဲ့ ရုံးဖွင့်ရက်တွေအကုန်လုံးကို သူသုံးနေရပါတယ်တဲ့။ အဲဒီတော့ အပတ်တိုင်း၊ အပတ်တိုင်းမှာ အဲဒီလိုဖြစ်နေတဲ့အပြင် သူ့ရဲ့ကျန်းမာရေးအရလည်း ထိခိုက်လာနိုင်တဲ့အတွက်ကြောင့် တစ်ပတ်ခြားတစ်ခါ ချိန်းပေးဖို့သူက မေတ္တာရပ်ခံစာတင်တာပါ"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြု၊ မပြုကိုတော့ နောက်တစ်ပတ်ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်မှာဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က ရုံးချိန်းအမှုတွေမှာတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကို စွဲထားတဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၅ အမှု၊ ဒေါ်အောင်ဆန်းစုကြည် ကို စွဲထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ- ၆၇၊ ပို့ကုန်သွင်းကုန်ပုဒ်မ- ၈၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ အမှုတွေကို စစ်ဆေးခဲ့ပါတယ်။

dassk-pmt.jpg
(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ကို ၂၀၁၉ ခုနှစ်က ရန်ကုန်လေဆိပ်မှာ တွေ့ရစဥ်) Photo: Phyo Min Thein's FB

သမ္မတ ဦးဝင်းမြင့် ကို စွဲထားတဲ့ ပုဒ်မ -၂၅ အမှုနဲ့ပတ်သက်လို့ စွဲချက် တင်သင့်၊ မတင်သင့် ဒီနေ့ အမိန့် ချရမှာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ သဘာဝဘေးအမှုနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် အဲဒီနှစ်မှု အတူတူ စွဲချက်အမိန့်ချတာက ပိုသင့်တော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီအမှုကို စွဲချက်အမိန့် မချဘဲ နောက်ရုံးချိန်းကို ပြန်ချိန်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ -၂၅ နဲ့စွဲထားတဲ့ အမှု စွဲချက် တင်သင့်၊ မတင်သင့်ကို နှစ်ဘက်ရှေ့နေတွေက ဒီကနေ့ လျှောက်လဲချက် တင်ခဲ့ပါတယ်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုမှာ တရားလိုဘက်က နောက်တိုး သက်သေ တင်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့်လည်း တရားရုံးက ဒီနေ့မှာ ခွင့်ပြုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၇ နဲ့စွဲထားတဲ့အမှုကိုတော့ စွဲချက် တင်သင့်၊ မတင်သင့်ကို ဒီကနေ့ နှစ်ဘက် လျှောက်လဲချက်ပေးခဲ့ရပြီး နောက်ရုံးချိန်းမှာ စွဲချက် တင်၊ မတင်ကို တရားရုံးက အမိန့်ချသွားမယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) တို့ အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရပါတယ်။

 https://www.rfa.org/burmese/news/dassk-said-phyominthien-allegations-are-absurd-10042021062552.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.