Breaking

October 10, 2021

ဒေါ်အောင်ဆန်းစုကြည် လာဘ်စားခဲ့တယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက် သက်သေခံပစ္စည်းမရှိ

 2021-10-09


ဒေါ်အောင်ဆန်းစုကြည် လာဘ်စားခဲ့တယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက် သက်သေခံပစ္စည်းမရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: RFA

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေခုနစ် ပိဿာနဲ့ ဒေါ်လာ ခြောက်သိန်း ပေးခဲ့တယ်ဆိုတဲ့ ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ဟာ ဘာသက်သေခံပစ္စည်းမှ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ကို မနေ့က နေပြည်တော် အထူးတရား ရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုအတွက် စစ်ဆေးခဲ့တာဖြစ်ပါ တယ်။ ဒီအမှုအတွက် တရားလို စစ်ကောင်စီဘက်က အဓိကသက်သေအဖြစ် တင်ထားတဲ့ ဦးဖြိုးမင်းသိန်းကို ရှေ့နေတွေက အပြန်အလှန်မေးခွန်း ထုတ်ခဲ့ကြပါတယ်။

"ကိုဖြိုးမင်းသိန်း ကိုယ်တိုင်လည်း တကယ်အဲဒါမျိုးကို လုပ်ခဲ့မှာ မဟုတ်ဘူးဗျ"

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေခုနစ်ပိဿာနဲ့ ဒေါ်လာခြောက်သိန်း ပေးခဲ့တယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်လို့ တကယ်ပေးတာ ဟုတ်၊ မဟုတ် ပေါ်လွင်အောင် စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

“ဦးဖြိုးမင်းသိန်းကို အပြန်အလှန်မေးခွန်းစပြီးတော့ မေးတာပေါ့။ ဦးဖြိုးမင်းသိန်းက ဒါတွေပေးတယ်။ သုံးကြိမ်ခွဲပေးတယ်။ သုံးကြိမ်ခွဲပေးတာ နေ့ရက်တွေ မမှတ်မိဘူးလို့ ဟုတ်လားဆိုတော့ နေ့ရက်တော့ မမှတ်မိဘူးတဲ့ နှစ်ကတော့ ဘယ်နှစ်ခုနှစ်က ဘယ်လကတော့ ပြောတော့ပြောတယ်။ နေ့ရက်တွေကို သူမှတ်မိဘူး။ ဦးဖြိုးမင်းသိန်းက ပေးတယ်သာဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ အဲဒီပစ္စည်းတွေကို စုံစမ်းစစ်ဆေးတဲ့အဖွဲ့က ရှာဖွေလို့ရရှိခြင်းမရှိဘူးလို့ အဲဒီလိုသူ့ကို ကိုယ်ကပြောလိုက်တဲ့အခါကျတော့ ဒါတော့ ကျနော်လည်း မသိဘူးတဲ့။ သူက အဲဒီလိုပဲ အဲလောက်ပါပဲ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုပြောထားတာက ပေးစရာအကြောင်းလည်း မရှိဘူးတဲ့။ ကျမ ယူစရာအကြောင်းလည်း မရှိဘူးတဲ့။ ယူဖို့အကြောင်းလည်း မရှိဘူးတဲ့။ ပေးဖို့အကြောင်းလည်း မရှိဘူးတဲ့”

ဒီအမှုအတွက် တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို စစ်မေးတဲ့အခါမှာလည်း ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီ ကနေ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့ ထွက်ဆိုထားကြောင်း ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ နောက်ထပ် အမှု သုံးခုအတွက်လည်း တရားလို ဦးရဲထက်က မနေ့က ရုံးတော်မှာ ထွက်ဆိုချက်ပေးခဲ့ပါတယ်။

တရားလို ဦးရဲထက်ရဲ့ထွက်ဆိုချက်တွေဟာ ကိုယ်တိုင်မြင်ရကြားရတာ မဟုတ်ဘဲ တဆင့်ကြားရတဲ့ အ ကြောင်းအရာတွေကို ထွက်ဆိုတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားခွင်ထဲမှာ ထကန့်ကွက်ခဲ့တယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“တရားလိုဘက် စစ်တယ်။ တရားလိုကလည်း စစ်တဲ့အခါမှာ သူစုံစမ်းစစ်ဆေးလို့ သက်သေထွက်ချက် တွေကို အကုန်လုံးတစ်ခါတည်း အစအဆုံး ဘယ်သူက ဘယ်လိုဆိုပြီးတော့ အဲဒါ ဆောင်းပါးရှည်ကြီးလိုပဲ ဝတ္တုကြီးလိုပဲရေးပြီး လျှောက်ပြောနေတော့ အဲဒါ ကိုယ်တိုင်လည်းသိတာ မဟုတ်ဘူးတဲ့ တဆင့်ကြားတွေ က သက်သေခံပုဒ်မ ၆၀ နဲ့ မကိုက်ဘူးဆိုပြီး ကန့်ကွက်တယ်။ ထကန့်ကွက်ကြတယ်။ အမှန်ကတော့ သက်သေခံဥပဒေ ပုဒ်မ ၆၀ အရ သက်သေခံတာ တိုက်ရိုက် ကိုယ်တိုင် မြင်၊ ကြား၊ သိ အာရုံငါးပါးနဲ့ သိမှ ကြားရင်လည်းကြားတယ်။ နံရင်လည်းနံတယ် မွှေးရင်လည်းမွှေးတယ်။ အာရုံနဲ့ အကုန်လုံး သိမြင်ပြီးမှ သာလျှင် သက်သေခံတာ၊ သက်သေခံဝင်တာ သူများပြောတာတော့ တဆင့်ကြားပဲ”

ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အဂတိလိုက်စားတယ်ဆိုတဲ့ အမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် လရောင်တောမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စိုက်ပျိုးအသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ဖို့ မြေကွက် ဧက ၁၀၁ ဒသမ ၃၃ ဧကကို ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ပါပါတယ်။

ဒီစွပ်စွဲချက်မှာတော့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့နဲ့အတူ အမှုတွဲစင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အများပြည်သူ လှူတဲ့ငွေတွေကိုယူပြီး နေပြည်တော် လရောင်တောမှာပဲ နောက်ထပ်အိမ်တစ်အိမ်ေ ဆာက်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ပါပါတယ်။

နောက်ထပ် အဂတိလိုက်စားတယ်ဆိုတဲ့ အမှုတစ်မှုကတော့ နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲက ၂၃ ဧကကျော်ကျယ်တဲ့ မြေကွက် တစ်ကွက်ကို လျှောက်ထားရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ ဒီအမှုမှာတော့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကိုပါ စွဲထားတာဖြစ်ပါတယ်။

ဒီအမှုတွေကိုတော့ နောက်တစ်ပတ် သောကြာနေ့ အောက်တိုဘာ ၁၅ ရက်ကို ချိန်းဆိုထားပြီး တရားလိုက အပြန်အလှန်စစ်ဆေးတာတွေ ပြုလုပ်ရမှာပါ။

အဂတိအမှုတွေအတွက် အောက်တိုဘာလ ၁၅ ရက်နေ့ကို ထပ်မံရုံးချိန်းချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာတော့ တရားလိုက ဒေါ်အောင်ဆန်းစုကြည်တို့ကို အပြန်အလှန် မေးခွန်းမေးစစ်ဆေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူကိုစွဲထားတဲ့အမှုတွေကများပြီး တစ်ပတ်မှာ လေးရက်လောက် ရုံးထုတ် စစ်ဆေးခံနေရတာကြောင့် အမှုတွေကို နှစ်ပတ်တစ်ခါ စစ်ဆေးပေးဖို့ တရားရုံးကို လျှောက်လွှာတင်ထား ပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်လို့ တရားရုံးက လာမယ့်ရုံးချိန်းမှာ အဆုံးအဖြတ်ပေးရပါမယ်။

phyominthein.jpg
(ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်)

ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်လို့ ဦးဖြိုးမင်းသိန်းဟာ တရားခွင်မှာ မမှန်မကန် ထွက်ဆိုခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းလည်းဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်လည်း ဖြစ်သူ ဦးဘိုဘိုဦးက ပြောပါတယ်။

“ရွှေပိဿာနဲ့ချီပြီး ဒေါ်လာတွေ အထုပ်ကြီး ဒီလောက်ကြီး အလေးကြီးကို ဝန်ကြီးချုပ်တစ်ယောက် ကနေပြီးတော့ သူ့ကို ပေးဖို့ဆိုတာ ဘယ်သူမှ မလုပ်ရဲ စိတ်ကူးထဲတောင် မထည့်ရဲတဲ့ အလုပ်မျိုးပါဗျာ။ အဲလိုပဲ ကျနော် သုံးသပ်ပါတယ်။ အဲဒါတော့ ကျနော် ယုံကြည်ပါတယ်။ ကိုဖြိုးမင်းသိန်း ကိုယ်တိုင်လည်း တကယ်အဲဒါမျိုးကို လုပ်ခဲ့မှာ မဟုတ်ဘူးဗျ။ ဒါပေမဲ့ ဒီဇတ်လမ်းကြီး တစ်ခုလုံးရဲ့နောက်ကွယ်မှာ ကိုဖြိုးမင်းသိန်းကတော့ဗျာ ဒီဥစ္စာကို မမှန်မှန်းသိလျက်နဲ့တော့ ဘာဖြစ်လို့သူ အဆုံးစွန်ဆုံး မကာကွယ် တာလည်းပေါ့နော်၊ ဒါကတော့ သူ့ရဲ့ရွေးချယ်မှုပေါ့ဗျာ”

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် စုစုပေါင်း ၁၁ မှု စစ်ကောင်စီက တရားစွဲထားပါတယ်။

အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းကတည်းက ဒေါ်အောင်ဆန်း စုကြည်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာ အခုဆိုရင် ရက်ပေါင်း ၂၅၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/dassk-court-10092021054254.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.