2021-10-12
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အခန်းထဲကို စစ်တပ်အရာရှိကြီးတွေရောက်လာပြီး ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေးစေခိုင်းခဲ့တယ်လို့ နေပြည်တော်က ဒီနေ့တရားရုံးချိန်းမှာ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီအချိန် သမ္မတဦးဝင်းမြင့်ကိုနေအိမ်မှာ လာဖမ်းချိန်က ဒုတိယ ဗိုလ်ချုပ်ကြီး သို့မဟုတ် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်နိုင်တဲ့ တပ်မတော်အရာရှိကြီးနှစ်ဦးက သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအရ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
သမ္မတ ဦးဝင်းမြင့်ကတော့ ကျန်းမာရေးကောင်းမွန်နေတာကြောင့် နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ ပေမယ့် မနုတ်ထွက်ရင် ပုဂ္ဂိုလ်ရေးအရ ထိခိုက်တာတွေရှိလာနိုင်တယ်လို့ စစ်တပ်အရာရှိကြီးတွေက ပြန်လည် ပြောဆိုခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ ဦးဝင်းမြင့်ရဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
“ဦးဝင်းမြင့်ကလည်း နုတ်ထွက်မပေးနိုင်တဲ့အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုရင်လည်း မတတ် နိုင်ဘူး၊ အသေပဲခံလိုက်မယ်လို့ ပြန်ပြောခဲ့ကြောင်း ထွက်ဆိုခဲ့တယ်” လို့ ရှေ့နေက ဆိုပါတယ်။
လာရောက်ဖမ်းဆီးစဉ်က စစ်တပ်အရာရှိကြီးတွေကို အာဏာမသိမ်းသင့်ကြောင်းနဲ့ ဥပဒေနဲ့အညီသာ လုပ်သင့် ကြောင်း ဦးဝင်းမြင့်က ပြန်ပြောခဲ့တယ်လို့လည်း ရှေ့နေကပြောပါတယ်။
တရားလို စစ်ကောင်စီရဲ့ ရှေ့နေတွေကတော့ ဦးဝင်းမြင့်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေ ဖွဲ့စည်းထားတာ သိသလားဆိုတဲ့ အပြန်အလှန်မေးခွန်းတွေ မေးခဲ့တဲ့အပေါ် ဦးဝင်းမြင့်ကတော့ သူ့အနေနဲ့ အဲဒီအချိန်မှာ အပြင်မှာလည်းမရှိတော့ဘဲ အဖမ်းခံရပြီးသားဖြစ်တဲ့အတွက် မသိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။
ဆက်လက်ပြီး NUG၊ CRPH နဲ့ PDF အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ သမ္မတ ဦးဝင်းမြင့် အပါအဝင် စွပ်စွဲခံရသူတွေရဲ့ရှေ့နေတွေက ဒီကိစ္စတွေဟာ အမှုနဲ့မသက်ဆိုင်တာကြောင့် မမေးသင့်ကြောင်း ကန့်ကွက်ခဲ့ကြပါတယ်။
ဒီကနေ့ရုံးချိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ)နဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
အဲဒီကြေညာချက်တွေဟာ သူတို့သုံးဦးကို ဖမ်းဆီးပြီး NLD ပါတီနဲ့ရော လူထုနဲ့ပါ အဆက်အသွယ် ဖြတ်ထားချိန် ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ CEC အဖွဲ့အမည်နဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့် ကလည်း ဒီအမှုနဲ့ပတ်သက်လို့ သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို စွပ်စွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုအတွက် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်စလုံးက လျှောက်လဲချက်ပေးခဲ့ကြပါတယ်။
ဒီနေ့စစ်ဆေးတဲ့ အမှုနှစ်မှုစလုံးအတွက် လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းလိုက်ပြီး အဲဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုမှာဖြစ်ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.