
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့ ရွေးကောက်ပွဲ မသမာမှုကို ဖေဖော်ဝါရီ ၇ ရက် ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ UEC ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း က ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နဲ့ တရားလိုလုပ်ပြီး စွဲဆိုထားတာပါ။
အဲဒီအမှုအတွက် တရားလိုပြသက်သေ အယောက် ၂၀ အထိရှိပြီး ဧပြီလ ၁၈ ရက်အထိ နှစ်လအတွင်း အပြီးကြားနာစစ်ဆေးဖို့ရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။
တရားရုံးကမခေါ်ခင် စွပ်စွဲခံရသူတွေဘက်က ရှေ့နေတွေနဲ့ စွပ်စွဲခံရသူ သုံးဦးစလုံး တွေ့ဆုံ ပြီး အမှုနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း၊ ဒီနေ့ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးစလုံး ကျန်းမာရေး ကောင်းတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တွေက ပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဟာ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။
လောလောဆယ်မှာတော့ အဲဒီအမှုတွေထဲက အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ် ခံထားရပြီး ဖြစ်ပါတယ်။
https://www.rfa.org/burmese/news/dassk-winmyint-court-02072022064320.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.