Breaking

February 8, 2022

အဂတိကော်မရှင်စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကန့်ကွက်

 


2022.02.04


အဂတိကော်မရှင်စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကန့်ကွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ၂၀၁၈၊ မတ် ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: THET AUNG / AFP

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်က အထူးတရားရုံး မှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အရာရှိရဲ့ စွပ်စွဲချက် တချို့ကို အကျိုးဆောင် ရှေ့နေတွေက ကန့်ကွက်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့မှာ သူတို့နှစ်ဦးကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးအမှုအမှတ် - ၄၆ နဲ့ ၄၇ အမှုတွေအတွက် စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အရာရှိတစ်ဦးဖြစ်တဲ့ ဦးအောင်ခန့်က လာရောက် ထွက်ဆိုခဲ့တာပါ။

ကော်မရှင်အရာရှိ ဦးအောင်ခန့်က တရားရုံးကို တင်ပြတဲ့ စာရွက်စာတမ်းတချို့နဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့တာ ဖြစ်ပြီး ကန့်ကွက်တာကို ကြားနာဖို့အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

ဒီအမှုနှစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို NLD အစိုးရလက်ထက် ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေ မှာ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။

ဒီနေ့ရုံးချိန်းမှာပဲ အရင်က စွဲဆိုထားတဲ့ အဂတိအမှုတွေဖြစ်တဲ့ ရာဇသတ်ကြီးအမှုအမှတ် -၂၊ ၃၊ ၄၊ ၅၊ ၂၅ အမှုတွေကိုတော့ နောက်တစ်ပတ် သောကြောနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကို ပြန်လည်ချိန်းဆို လိုက်ပါတယ်။

လာမယ့်ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ အမှုအမှတ် - ၂ ဖြစ်တဲ့… ဒေါ်အောင်ဆန်းစုကြည် ကို ဦးဖြိုးမင်းသိန်းက အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာနဲ့ ဒေါ်လာ ၆ သိန်းပေးတယ်ဆိုတဲ့ အမှုကို စစ်ဆေးသွားဖို့ ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။

လောလောဆယ် အဲဒီထဲက အမှုငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။

https://www.rfa.org/burmese/news/dassk-lawyers-oppose-allegations-of-corruption-commission-02042022070449.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.