Breaking

August 24, 2023

စင်ကာပူမှာ အကြီးမားဆုံးငွေကြေးခဝါချဂိုဏ်းကို ဖမ်းဆီးရှင်းလင်း

 





စင်ကာပူရဲအယောက် (၄၀၀) ဟာ စင်ကာပူနိုင်ငံအနှံ့နေရာ (၉) နေရာကို ဩဂုတ်လ ၁၅ ရက်နေ့ မနက်အစောကြီးမှာ တပြိုင်နက်ဝင်စီးပါတယ်။

ဒါဟာ စင်ကာပူသမိုင်းမှာ အကြီးမားဆုံးငွေကြေးခဝါချဂိုဏ်းကို ဖမ်းဆီးရှင်းလင်းခြင်းဖြစ်ပါတယ်။
စုစုပေါင်း တရုတ်ဂိုဏ်းသား (၁၀) ယောက်ကို ကားပေါင်းအစီး (၅၀)၊ အိမ်ခြံမြေပေါင်း (၁၀၅) နေရာနဲ့ ငွေသားချည်း ဒေါ်လာ (၂၃) မီလျံဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းမိသူအားလုံးက အသက်မကြီးသေးပဲ မတရားငွေမည်းနဲ့ ကျိကျိတက်ချမ်းသာနေကြတဲ့ တရုတ်ဂိုဏ်းသားတွေချည်းပါပဲ။
စုစုပေါင်းဖမ်းမိတဲ့တန်ဖိုး ငွေပမာဏ တစ်ဘီလျံဆိုတာမနည်းပါ။
စင်ကာပူဒေါ်လာ တစ်ရာတန်အထပ်လိုက်၊ တန်ဖိုးကြီးပိုက်ဆံအိတ်တွေ ၊ ဈေးအကြီးဆုံးနာရီတွေ၊ တန်ဖိုးကြီးအနုပညာပစ္စည်းတွေ၊ ဈေးကြီးတဲ့ဝိုင်အရက်ပုလင်းတွေပါ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးမိတဲ့အထဲမှာ ပေါက်ဈေး စင်ကာပူဒေါ်လာ (၇•၈) သန်းကျော်လောက်တန်တဲ့ Sky Moon Tourbillon Patek Philippe နာရီ၊ ဒေါ်လာ (၂) သိန်းခွဲလောက်တန်တဲ့ Hermes 👜 လက်ကိုင်အိတ်လို့ယူဆရတဲ့ လက်ကိုင်အိတ်ပါဝင်ပါတယ်။
ဒီလို Sky Moon Tourbillon Patek Philippe နာရီမျိုးဟာ ငွေသားသန်းနဲ့ချီသယ်သွားပြီး ဆိုင်မှာသွားဝယ်လို့ရတာမဟုတ်ပါဘူး။ ကြိုမှာရတာ - စတဲ့စည်းကမ်းကိုက်ညီမှ VIP buyers တွေကိုရောင်းတာပါ။
ဒါ့အပြင် ဒေါ်လာ (၂) သန်းလောက်ဈေးပေါက်တဲ့ Richard Mille RM 07-02 နာရီနဲ့ အခြားဒေါ်လာသိန်းကျော်တန်လက်ကိုင်အိတ်တွေပါ သိမ်းဆည်းရမိခဲ့တာပါ။
ဖမ်းမိသူအများစုဟာ ဆိုက်ပရပ်စ်၊ တူရကီ၊ ကမ်ဘောဒီးယား၊ ဗန်နူအာတူ၊ ဒီမီနီကန်ရီပါ့ဘလစ် စတဲ့နိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့ တရုတ်တွေဖြစ်ပါတယ်။
သူတို့နေထိုင်နေတဲ့နေရာတွေဟာ စန်တိုဆာကျွန်းလို စင်ကာပူရဲ့ဈေးအကြီးဆုံးမြေနေရာတွေဖြစ်ပါတယ်။
သူတို့အားလုံးဘာနိုင်ငံကူးလက်မှတ်ပဲကိုင်ထားကိုင်ထား မူရင်းက တရုတ်ပြည်ဖူးကျန့်ပြည်နယ်ကဖြစ်လို့ ဖူးကျန့်ငွေကြေးခဝါချဂိုဏ်းလို့ခေါ်ပါတယ်။
အဲ့ဒီဂိုဏ်းထဲက အချို့ဟာ တရုတ်ပြည်မှာ တရားမဝင်လောင်းကစားဂိုဏ်းကိစ္စနဲ့ဆက်နွယ်ပြီး တရုတ်အစိုးရကအလိုရှိနေသူတွေပါ။
သူတို့တွေဟာ မြန်မာနိုင်ငံနယ်စပ်မြို့တွေအပါအဝင် ကမ်ဘောဒီးယားလို ငွေရှိရင် နိုင်ငံကူးလက်မှတ်အလွယ်တကူဝယ်လို့ရတဲ့နိုင်ငံတွေမှာ အခြေချပြီး အွန်လိုင်းကနေမသမာတဲ့နည်းမျိုးစုံနဲ့ ငွေရှာကြပါတယ်။
အဲ့ဒီတရားမဝင်ရလာတဲ့ငွေမည်းတွေကို တရားဝင်ငွေဖြူဖြစ်အောင်ခဝါချဖို့လုပ်ပြီး တကယ့်သူဌေးတွေအဖြစ် သောက်စားနေထိုင်ကြတာပါ။
(၁) Wang Dehai (၃၄) နှစ်ကိုအိမ်မှာ ငွေသားချည်း စင်ကာပူဒေါ်လာ (၂,၂၉၉,၉၅၀) နဲ့ မိပါတယ်။ သူက ဆိုက်ပရပ်နိုင်ငံကူးလက်မှတ်ကိုင်ထားသူပါ။
သူ့ဆီက တန်ဖိုးကြီးနာရီ (၃၄) လုံးနဲ့ ရတနာပစ္စည်း (၅၁) ခုသိမ်းဆည်းရမိခဲ့ပါတယ်။
အိမ်ခြံမြေတစ်နေရာနဲ့ ကား (၂) စီးတန်ဖိုး (၂၃) သန်းဖိုးကို လက်လွှဲပြောင်းခွင့် ပိတ်ပင်ထားပါတယ်။
ဘဏ်အကောင့် (၅) ခုထဲမှာ စင်ကာပူဒေါ်လာ (၁•၇) သန်းကျော်ရှိတာကိုလည်း အကောင့်ပိတ်သိမ်းထားပါတယ်။
(၂) Vang Shuiming (၄၂) နှစ်၊ တူရကီနိုင်ငံကူးလက်မှတ်ကိုင်သူဆီမှ စုစုပေါင်း စင်ကာပူဒေါ်လာ (၂၉) သန်းသိမ်းဆည်းရမိထားပါတယ်။
(၃) Su Jianfeng (၃၅) နှစ် ဗက်နူအာတူနိုင်ငံကူးလက်မှတ်ကိုင်သူဆီမှ ဒေါ်လာ သန်း (၁၂၀) ဖိုးဖမ်းဆီးရမိထားပါတယ်။
(၄) Su Wenqiang (၃၁) နှစ် ကမ်ဘောဒီးယားနိုင်ငံကူးလက်မှတ်ကိုင်သူဆီမှ ဒေါ်လာ (၁၀) သန်းဖိုးဖမ်းဆီးရမိထားပါတယ်။
(၅) Su Baolin (၄၁) နှစ် ကမ်ဘောဒီးယားနိုင်ငံကူးလက်မှတ်ကိုင်သူဆီမှာ ဒေါ်လာ (၇၆) သန်းဖိုးဖမ်းဆီးရမိပါတယ်။
(၆) Chen Qingyuan (၃၃) နှစ် ကမ်ဘောဒီးယားနိုင်ငံကူးလက်မှတ်ကိုင်သူထံမှ စင်ကာပူဒေါ်လာ (၁၂•၆) သန်းကျော်အပြင် virtual assets က ဘယ်လောက်မှန်းမသိရသေးတာကို မိထားပါတယ်။
(၇) Su Hanjin (၄၀) နှစ် ဆိုက်ပရပ်နိုင်ငံကူးလက်မှတ်ကိုင်ထားသူဆီမှ စင်ကာပူဒေါ်လာ သန်း (၁၂၀) ကျော်ဖိုးဖမ်းဆီးရမိထားပါတယ်။
Su Hanjin ဟာအသာတကြည်အဖမ်းမခံ၊ တံခါးမဖွင့်ပေးပဲ ဒုတိယထပ်ဝရံတာမှခုန်ချထွက်ပြေးသွားတဲ့အတွက် လိုက်ဖမ်းခဲ့ရာမှာ ရေမြောင်းထဲမှာ ဒဏ်ရာနဲ့ဖမ်းဆီးရမိခဲ့ပါတယ်။
(၈) တရုတ်နိုင်ငံသား Zhang Rujin (၄၄) နှစ်နဲ့ (၉) Lin Baoying (၄၃) နှစ်တို့ဟာ စင်ကာပူစန်တိုဆာကျွန်းရှိ ပုလဲကျွန်းကမ်းခြေမှာဘန်ဂလိုနဲ့ နေသူတွေဖြစ်ပါတယ်။
သူတို့ဆီက ဒေါ်လာသန်း (၁၂၀) ကျော်ဖိုးမိထားပါတယ်။ သူတို့ဆီမှာ တူရကီ၊ ဒိုမေနီကန်ရီပါ့ဘလစ်စတဲ့ နိုင်ငံကူးလက်မှတ်တွေပါတွေ့ရပါတယ်။
(၁၀) နောက်ဆုံးလူက တရုတ်နိုင်ငံသား Wang Baosen (၃၁) နှစ်ပါ။ သူ့ဆီက ဒေါ်လာ (၄) သိန်းကျော်ဖိုးမိထားပါတယ်။
သူတို့အားလုံးဟာ ဘာနိုင်ငံကူးလက်မှတ်ပဲကိုင်ကိုင် တရုတ်တရားမဝင်လောင်းစကားနဲ့ ဒုစရိုက်လုပ်ငန်းတွေကရတဲ့ငွေနဲ့ စင်ကာပူမှာ သုံးဖြုန်းနေသူတွေဖြစ်ပါတယ်။
သူတပါးမျက်ရည်ကျမှစားရတဲ့ငွေနဲ့ ဒေါ်လာသန်းချီတန်တဲ့ နာရီတွေ၊ မိန်းမလက်ကိုင်အိတ်တွေဝယ်တယ်။
စင်ကာပူမှာ ကုမ္ပဏီဘန်းပြပြီး အလုပ်အကိုင်ပါမစ်တွေနဲ့ ဇိမ်ကျကျနေတယ်။ အကောင်းဆုံးဇိမ်ခံကားတွေကို စီးတယ်။
အိမ်မှာပါတီပွဲတွေ ဘာညာမကြာခဏပေးလေ့ရှိပြီး သားသမီးတွေကို အကောင်းဆုံးကျောင်းမှထားတယ်။
သူတို့ကိုသူတို့ မတရားတဲ့နည်းနဲ့ရလာတဲ့ငွေတွေကို ဘယ်သူမှမသိဘူးထင်ပြီး နတ်ပြည်ရောက်နေသလို သုံးစွဲနေထိုင်ကြတယ်။
စင်ကာပူအစိုးရက ကုပ်ကနဲဆွဲစိလိုက်တဲ့အခါမှာ ရှိသမျှပစ္စည်းရော ဘဏ်အကောင့်တွေပါ ပါသွားပါတော့တယ်။
ဒါ့အပြင် သူတို့ဟာ တရုတ်ပြည်ကတရားမဝင်လောင်းကစားဂိုဏ်းနဲ့ဆက်နွယ်နေတာမို့ စင်ကာပူပြီးရင်တရုတ်ပြည်ကို ကြွမြန်းရဖို့ အလားအလာရှိပါသေးတယ်။
Vang Shuiming ဆိုရင် တရုတ်ပြည်မှာ လူပေါင်း (၁၃၁) ယောက်အဖမ်းခံခဲ့ရတဲ့ အချိန်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ တရုတ် (၈) ယောက်နဲ့ ဆက်စပ်နေသူဖြစ်ပါတယ်။
သူတို့အသက် (၂၀) ကျော်ကာလမှာ လောင်းကစားနဲ့ esports website တွေကိုထောင်ကာ လူတွေဆီက မတရားငွေရယူခဲ့သူတွေဖြစ်ပါတယ်။
မနေ့က သူတို့တွေကို တရားရုံးထုတ်စစ်ဆေးပြီး အာမခံမပေးသေးပဲ နောက်အပတ်မှာ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
သူတို့နဲ့ပတ်သက်ပြီး ဘဏ်တွေ၊ အိမ်ခြံမြေပွဲစားတွေပါ မီးခိုးကြွက်လျှောက်စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
Richard Myo Thant
24-August -2023

No comments:

Post a Comment

Note: Only a member of this blog may post a comment.