Breaking

May 11, 2024

ဒေါ်လာသန်း ၄၀၀ အရေးပေါ် စစ်ရေးအကူညီ ယူကရိန်းကို ကန်ပေးမည်

၁၁ မေ၊ ၂၀၂၄


ယူကရိန်းအတွက် အရေးပေါ် စစ်ရေးအကူအညီအဖြစ် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ချထားပေးမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက သောကြာနေ့မှာ ကြေညာပါတယ်။

ဒါဟာ အစိုးရတရပ်အနေနဲ့ လွှတ်တော်အတည်ပြုချက် ရယူဖို့ မလိုအပ်ပဲ ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ ဝန်ဆောင်မှုနဲ့ လက်နက်ခဲယမ်းတွေ လွှဲပြောင်းယူခွင့်ရှိတဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာအရ ပေးအပ်တာဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံ ၆၀ ကျော်ပါဝင်တဲ့ နိုင်ငံရပ်ခြားအကူအညီအတွက် လွှတ်တော်က အသုံးစားရိတ် ဒေါ်လာ ၉၅ ဘီလီယံ ချထားပေးချိန်ကစပြီး ဘိုင်ဒန်အစိုးရအဖွဲ့ရဲ့ တတိယအကြိမ်မြောက် ယူကရိန်းအတွက် အရေးပေါ် စစ်ရေးအကူအညီ ပေးတာလည်း ဖြစ်ပါတယ်။

ယူကရိန်းဟာ သူ့ ပိုင်နယ်မြေတွေထဲ ရုရှားကျူးကျော်တိုက်ခိုက်နေမှုတွေ ရပ်ဆိုင်းဖို့ အပြင်းအထန် ကြိုးစားနေရချိန်မှာ အခုလို အမေရိကန်က အရေးပေါ် လက်နက်အကူအညီတွေ ပေးတာဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ အရှေ့မြောက် နယ်စပ်ဒေသမှာ နောက်ထပ် စစ်မျက်နှာသစ်တခု ဖွင့်ပြီး ထိုးစစ်ဆင်ဖို့ လုပ်နေတယ်လို့ အမေရိကန်အရာရှိတဦးက သောကြာနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အခု ယူကရိန်းအတွက်ပေးမယ့် စစ်ရေးအကူအညီထဲမှာ လေကြောင်းရန်ကာကွယ်ရေး စနစ်ဖြစ်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်းဒုံးကျည်အတွက် ခဲယမ်းတွေနဲ့ လက်နက်တွေ၊ တင့်ကားဖျက် လက်နက်တွေ၊ သံချပ်ကာ ကားတွေနဲ့ တိုက်ပွဲတွေမှာသုံးတဲ့ လက်နက်ငယ်တွေ ပါဝင်တယ်လို့ တာဝန်ခံအရာရှိတဦးက ပြောပါတယ်။

ယူကရိန်းအရှေ့မြောက်ပိုင်းက Kharkiv နယ်စပ်မြို့နားမှာတော့ ရုရှားတပ်တွေက သောကြာနေ့ မနက်ပိုင်းမှာ ထိုးစစ်ဆင်လာတဲ့အတွက် ယူကရိန်းနဲ့ ရုရှားတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်နေတယ်လု့ိ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

https://burmese.voanews.com/a/7606715.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.