အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ကျင်းပသည့် ရုရှား-အာဖရိက မိတ်ဖက်ဆက်ဆံရေးညီလာခံတွင် ကုလလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးကို အီဂျစ်သမ္မတအယ်လ်စီစီက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ရုရှား-အာဖရိက မိတ်ဖက်ဆက်ဆံရေးညီလာခံသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်နှင့် အာဖရိကနိုင်ငံ ၅၀ ကျော်တို့မှ နိုင်ငံခြားရေးဝန်ကြီးများအပြင် အာဖရိကနှင့် ဒေသတွင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
အာဖရိကတိုက်၏ လူဦးရေ၊ စီးပွားရေးနှင့် နိုင်ငံရေးအင်အားတို့အရကမ္ဘာ့လုံးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အာဖရိကတိုက် ပိုမိုပါဝင်နိုင်ရန် လိုအပ်ကြောင်း အီဂျစ်သမ္မတက ပြောကြားခဲ့သည်။
အာဖရိကတိုက်ကို လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာသုံးစွဲနိုင်သော အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများထဲတွင် နေရာနှစ်နေရာပေးရန်နှင့် အမြဲတမ်းမဟုတ်သည့်အလှည့်ကျအဖွဲ့ဝင်နိုင်ငံများထဲတွင် နေရာငါးနေရာအထိ ပေးရန် အာဖရိကသမဂ္ဂက ၂၀၀၅ ခုနှစ်မှစ၍ တစိုက်မတ်မတ် တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို၁၉၄၅ ခုနှစ်မှစ၍ဗီတိုအာဏာသုံးစွဲနိုင်သော အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံနှင့်အလှည့်ကျအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည်။
ကိုးကား-ရိုက်တာ



No comments:
Post a Comment
Note: Only a member of this blog may post a comment.