Breaking

August 13, 2026

ကမ္ဘာ့အတော်ဆုံး ထောက်လှမ်းရေး အေဂျင်စီ (၁၀) ခု

  


နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် အရေးကြီးဆုံးသော အဖွဲ့အစည်းများထဲမှာ ထောက်လှမ်းရေး ပါဝင်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ လျှို့ဝှက် စစ်ဆင်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဆိုက်ဘာ ထောက်လှမ်းရေးတို့မှာ အထူး ကျွမ်းကျင်ကြပါတယ်။ ဒီအေဂျင်စီများရဲ့ အဆင့်ကို ၎င်းတို့ရဲ့ သမိုင်း၊ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုနှင့် နည်းပညာစွမ်းရည်များပေါ် မူတည်ပြီး ၂၀၂၅ ခုနှစ်အတွက် အင်အားအကြီးဆုံး (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ် ။

၁။ CIA- အမေရိကန် ✅
ကမ္ဘာပေါ်မှာ ကွန်ရက် အကျယ်ပြန့်ဆုံးနှင့် ဘတ်ဂျက် အကြီးမားဆုံး အေဂျင်စီအဖြစ် သတ်မှတ်ခံထားရပါတယ်။ နိုင်ငံရပ်ခြားထောက်လှမ်းရေး၊ လျှို့ဝှက် စစ်ဆင်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့ကို အဓိက လုပ်ဆောင်ပါတယ်။ အထင်ရှားဆုံးဖြစ်ရပ်အနေနဲ့ ၂၀၁၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ ပုန်းအောင်းနေသော အိုစမာ ဘင်လာဒင်ကို ၁၀ နှစ်နီးပါးကြာအောင် ရှာဖွေဖော်ထုတ်သည့် Operation Neptune Spear စစ်ဆင်ရေးကို အဓိက ကွပ်ကဲခဲ့ပါတယ်။
၂။ Mossad – အစ္စရေး✅
အစ္စရေးရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိသူများကို တိကျပြတ်သားစွာ ဖယ်ရှားရှင်းလင်းရာမှာ လက်သံပြောင်လို့ နာမည်ကျော်ကြားပါတယ်။ ပြည်ပ ထောက်လှမ်းရေး၊ လျှို့ဝှက် လုပ်ကြံမှုများနှင့် အသွင်ယူ တန်ပြန် ထောက်လှမ်းရေးများကို အဓိက လုပ်ဆောင်ပါတယ်။
Mossad သည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ Adolf Eichmann ကို ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ ၁၅ နှစ်ခန့် ကြာအောင် လိုက်လံ ထောက်လှမ်းပြီးနောက် ၁၉၆၀ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံမှ လျှို့ဝှက် ဖမ်းဆီးကာ အစ္စရေးသို့ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ နာမည်ကျော် သူလျှို အီလီ ကိုဟန်သည်လည်း ဆီးရီးယား အစိုးရအဖွဲ့ ဒုဝန်ကြီးနေရာ နှင့် စစ်တပ်၏ ထိပ်တန်း အဆင့်အထိ ထိုးဖောက် ဝင်ရောက်ပြီး ခံစစ်တပ်နေရာများ ပေါက်ကြားမှုကြောင့် ၁၉၆၇ ခုနှစ် Six-Day War အတွင်း အစ္စရေးတပ်ဖွဲ့များက ဂိုလန်ကုန်းမြင့် ကို အောင်မြင်စွာ သိမ်းပိုက်ရရှိရာတွင် အဓိက အထောက်အကူပြုခဲ့ပါတယ်။
၃။ MI6- (SIS)-ယူနိုက်တက်ကင်းဒမ်း✅
သမိုင်းအရှည်ကြာဆုံး အေဂျင်စီများထဲမှ တစ်ခုဖြစ်ပြီး အမေရိကန် CIA နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ပါတယ်။ စစ်ရေး အချက်အလက် စုဆောင်းခြင်း၊ ပြည်ပနိုင်ငံများရဲ့ အတွင်းရေးများကို ထောက်လှမ်းခြင်းနဲ့ ကမ္ဘာကျော်ပါတယ်။ MI6 အကြောင်းကို ဂျမ်းစဘွန်းကားတွေနဲ့ ပုံဖော်လေ့ရှိပါတယ်။ MI6 သည် ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတစ်လျှောက်တွင် ရုရှား၏ နျူကလီးယား လျှို့ဝှက်ချက် ခိုးယူသူများနဲ့ အဆင့်မြင့် သူလျှို ကွန်ရက်များကို ဖော်ထုတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
၄။ KGB - FSB-Federal Security Service – ရုရှား✅
ယခင် ဆိုဗီယက် ယူနီယံရဲ့ လုံခြုံရေး လုပ်ငန်းအားလုံးကို ဦးဆောင် KGB ကနေ ဆင်းသက်လာပြီးနိုင်ငံခြား သူလျှိုလုပ်ငန်း ၊ ပြည်တွင်း တန်ပြန်-ထောက်လှမ်းရေး၊ နိုင်ငံရေးအရ အတိုက်အခံများကို ဖိနှိပ်ခြင်း နှင့် ပြည်တွင်းနှင့် ပြည်ပ လုံခြုံရေးအတွက် အဓိက တာဝန်ယူပါတယ်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးသော ၁၉၄၅ ခုနှစ် မှ စတင်ခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသော ၁၉၉၁ ခုနှစ် အထိ KGB ဟာ စစ်အေးကာလတလျှောက်လုံး အမေရိကန် CIA, MI6 နှင့် အပြိုင် နိုင်ငံတကာ၏ လျှို့ဝှက် ထောက်လှမ်းရေးနှင့် တန်ပြန်စစ်ဆင်ရေးများတွင် အလွန်ထင်ရှားခဲ့ပါတယ်
၅။ MSS- တရုတ်✅
MSS သည် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေး လျှို့ဝှက်ချက်များနှင့် စစ်ဘက်သုံး အဆင့်မြင့် နည်းပညာများကို ခိုးယူရာတွင်နာမည်ကျော်ပြီး ကမ္ဘာ့အကြီးဆုံး စပိုင် ကွန်ရက်ကို ဖြန့်ကျက်ထားပါတယ်။ တရုတ်ပြည်တွင်း လုံခြုံရေးနှင့် ပြည်ပမှ အရေးကြီးသော နည်းပညာ အချက်အလက်များ စုဆောင်းရာမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
စီးပွားရေး အထူးပြု ထောက်လှမ်းရေး ၊ ပြည်တွင်းနှင့် ပြည်ပ တန်ပြန်-ထောက်လှမ်းရေးတွေမှာ ခြေလှမ်းသွက်ပါတယ်။ ခြေတန်လက်တန် အလွန်ရှည်လို့ အခုကာလမှာဆို တကမ္ဘာလုံးက မျက်ခြေမပြတ် သတိထားနေရတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်း ဖြစ်လာပါတယ်။
၆။ RAW-အိန္ဒိယ✅
ပြည်ပ ထောက်လှမ်းရေးနှင့် အိမ်နီးချင်းနိုင်ငံများမှ ခြိမ်းခြောက်မှုများကို အဓိက တာဝန်ယူ စောင့်ကြည့်တဲ့အဖွဲ့ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှက အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကို ခွဲပြီး လွတ်လပ်ရေးပေးခဲ့စဉ်၊ ပါကစ္စတန်ဟာ ပထဝီဝင်အရ အလွန်ဝေးကွာနေတဲ့ အပိုင်းနှစ်ပိုင်း— အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နဲ့ အနောက်ပါကစ္စတန် (ယခု ပါကစ္စတန်) တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
၁၉၇၁ ခုနှစ်မှာ အရှေ့ပါကစ္စတန်သားတွေရဲ့ လွတ်မြောက်ရေးစစ်ပွဲ ဖြစ်ပွားခဲ့ပြီး၊ အိန္ဒိယနိုင်ငံရဲ့ RAW အကူအညီနဲ့ နောက်ဆုံးမှာ ပါကစ္စတန်ကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။ ထင်ရှားသောဖြစ်ရပ်အနေနဲ့ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်နှင့် စစ်ဖြစ်ပွားစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံထူထောင်ရေး အတွက် လျှို့ဝှက် ထောက်လှမ်းရေးနှင့် စစ်ရေးဆိုင်ရာအချက်အလက်များကို RAW က အဓိက ပေးအပ်ခဲ့သူပါ။ RAW ဟာ အာရှဒေသတွင်းလုံခြုံရေးနှင့် သတင်းအချက်အလက် စုဆောင်းမှုတွင် အထူးစွမ်းဆောင်ရည်မြင့်မားပါတယ်။
၇။ ISI ပါကစ္စတန်✅
ISI ဟာ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ အမျိုးသား လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အဓိကတာဝန်ယူခဲ့ပြီး ပါကစ္စတန်ရဲ့ နျူကလီးယား ပိုင်ဆိုင်မှု အစီအစဉ်မှာ လိုအပ်သော နည်းပညာအချက်အလက်များနှင့် ပစ္စည်းကိရိယာများကို လျှို့ဝှက် ကွန်ရက်များမှတစ်ဆင့် ရှာဖွေ ဖော်ထုတ်ရာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
ISI ရဲ့ ကမ္ဘာကျော်ပြီး သမိုင်းဝင် အရေးပါသော ထင်ရှားတဲ့ စစ်ဆင်ရေးတစ်ခုကတော့ Operation Cyclone ပဲ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဆိုဗီယက် ယူနီယံက အာဖဂန်နစ္စတန်ကို ကျူးကျော်စဉ်ကာလမှာ အမေရိကန် CIA နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ISI သည် အာဖဂန်နစ္စတန်ရှိ ဆိုဗီယက် ဆန့်ကျင်ရေး တိုက်ပွဲဝင် မူဂျာဟစ်ဒင် အဖွဲ့များကို CIA မှ ရရှိသော ငွေကြေး၊ လက်နက်များနှင့် လေ့ကျင့်မှုများကို လျှို့ဝှက်စွာ ပံ့ပိုးပေးခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းနဲ့ စစ်အေးခေတ် ပြီးဆုံးခြင်းကို အထောက်အကူပြုရာမှာ အဓိက သမိုင်းဝင် အခန်းကဏ္ဍ မှ ပါဝင်ခဲ့ပါတယ်။
ဒီပြိုကွဲမှုကြောင့် ကမ္ဘာ့မြေပုံပေါ်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံသစ် ၁၅ ခုထွက်ပေါ်လာခဲ့ပါတယ်။ ဆိုဗီယက် ယူနီယံ မပြိုကွဲခဲ့ပါက ကမ္ဘာ့အကြီးဆုံး နိုင်ငံအမည်ဟာ ဆိုဗီယက် ယူနီယံ (USSR) ပဲ ဖြစ်နေမှာပါ။
၈။ DGSE – ပြင်သစ်✅
ဥရောပ၏ ထိပ်တန်း အေဂျင်စီများထဲမှ တစ်ခုဖြစ်ပြီး ပြင်သစ်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားကို ကာကွယ်ပါတယ်။ ၁၉၈၅ ခုနှစ်တွင် နျူကလီးယား စမ်းသပ်မှုကို ဆန့်ကျင်သည့် Greenpeace သင်္ဘော Rainbow Warrior ကို နယူးဇီလန်ဆိပ်ကမ်း၌ ဗုံးခွဲ နစ်မြှုပ်ခဲ့သည့် စစ်ဆင်ရေးဟာ DGSE ၏ ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပါ။
DGSE သည် အာဖရိကမှာ လှုပ်ရှားနေသော အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ထောက်လှမ်းရာမှာ အားကိုးရတဲ့ အဖွဲ့အစည်းဖြစ်ခဲ့ပါတယ်။ နိုင်ငံခြား ထောက်လှမ်းရေး၊ ဆိုက်ဘာ လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေကို အဓိက တာဝန်ယူထားပါတယ်။
၉။ BND – ဂျာမနီ✅
နေတိုး (NATO) အဖွဲ့ဝင် မဟာမိတ်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ဥရောပ လုံခြုံရေးအတွက် အဓိက ထောက်လှမ်းပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ BND ရဲ့ တန်ပြန်အသွင်ယူ-ထောက်လှမ်းရေး စွမ်းရည်ဟာ အလွန်တော်ပါတယ်။ စစ်အေးခေတ် ကာလတစ်လျှောက်တွင် အရှေ့ဂျာမနီ၏ ထောက်လှမ်းရေးအေဂျင်စီဖြစ်သော Stasi (စတာစီ) မှ အနောက်ဂျာမနီ အစိုးရအတွင်းသို့ ထိုးဖောက် ဝင်ရောက်ထားသော အဆင့်မြင့် သူလျှို ကွန်ရက်များကို ဖော်ထုတ်ခြင်း မှာ အထူး ကျွမ်းကျင်ပါတယ်။
၂၀၀၃ ခုနှစ် အီရတ် စစ်ပွဲမတိုင်မီနှင့် စစ်ပွဲအတွင်း၊ ဂျာမနီသည် စစ်ပွဲကို ဆန့်ကျင်ခဲ့သော်လည်း BND အေးဂျင့်များသည် အသွင်ယူ ထောက်လှန်းမှုမှ ရရှိခဲ့သော စစ်မြေပြင် သတင်းအချက်အလက်များ အမေရိကန်နှင့် မဟာမိတ်များဆီ ပေးပို့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
၁၀။ ASIS– ဩစတြေးလျ✅
နိုင်ငံခြားရေး ထောက်လှမ်းရေးနှင့် အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံရေးအတွက် အရေးပါတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းဖြစ်ပါတယ်။ CIA, MI6 မဟာမိတ် နိုင်ငံများနဲ့ အချက်အလက်များ ဖလှယ်ခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရာမှာ အရေးပါပါတယ်။
ASIS ဟာ နိုင်ငံကြီးများအတွက် နယ်ပယ်ပေါင်းစုံမှ ခြိမ်းခြောက်မှုများကို ကာကွယ်ခြင်း၊ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူပြုခြင်းဖြင့် ကမ္ဘာ့အင်အားမျှခြေကို ထိန်းချုပ်ဖို့
အာရှ-ပစိဖိတ် ဒေသတွင်း ထောက်လှမ်းရေးကို အဓိက တာဝန်ယူပါတယ်။
ထင်ရှားသော ဖြစ်ရပ်အနေနဲ့ ASIS သည် အင်ဒိုနီးရှား၊ အရှေ့တီမော အပါအဝင် အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒေသတွင်းရှိ ဩစတြေးလျ၏ နိုင်ငံခြားရေး အကျိုးစီးပွားကို ကာကွယ်ရန်အတွက် လျှို့ဝှက် ကွန်ရက်များ ဖြန့်ကျက် စစ်ဆင်ရေးများ လုပ်ဆောင်ရာမှာ လူသိများပါတယ်။
♦ကမ္ဘာ့အတော်ဆုံး ထောက်လှမ်းရေး အေဂျင်စီ (၁၀) ခုကို ဖတ်ပြီးတဲ့အခါ နိုင်ငံတကာ ထောက်လှမ်းရေး အေဂျင်စီများဟာ နိုင်ငံတစ်ခု၏ ကံကြမ္မာအတွက် ဘယ်လောက်ထိ လွှမ်းမိုးထားနိုင်လည်းဆိုတာ သိရှိလောက်ပါပြီ။
♦ ၂၀၀၄ အထိ မြန်မာ့ စစ်ထောက်လှမ်းရေးသည် ပြည်တွင်း စစ်ဆင်ရေးများ နှင့် နယ်စပ်ဒေသဆိုင်ရာ တန်ပြန်-ထောက်လှမ်းရေး နယ်ပယ်မှာ အတွေ့အကြုံ ကြီးမားသော အဖွဲ့အစည်းအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားပါတယ်။ လက်ရှိ ၂၀၂၅ မှာရော မြန်မာနိုင်ငံက အဆင့်ဘယ်လောက်မှာ ရှိနေကြမယ်လို့ ထင်လဲ ဆွေးနွေးပေးကြပါအုံး။
Sources> Wikipedia ၊ သမိုင်းမှတ်တမ်းများ

No comments:

Post a Comment

Note: Only a member of this blog may post a comment.